Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၄)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၄)

မိုးမခ ၊ ဩဂုတ် ၁၈ ၊ ၂၀၂၆

ခွေးပုက သူ့ရွေးတုနဲ့ ပေါက်လာတဲ့ အမတ်ကလေးတွေကို တသပြီး‌အီတဲ့ သွက်ချာပါဒလိုက်နေတဲ့ ရက်တရာအူသံမှာ အိန္ဒိယခရီးစဉ်အကြောင်း ကြွားတယ်။ ဘာတွေညာတွေ လုပ်ကြမယ်လို့ သဘောအူခဲ့တယ်ပေါ့။ အဲဒီသဘောအူတဲ့အထဲမှာ ကိုယ့်မြေထဲဝင် ခြံစည်းရိုးခတ်တဲ့ကိစ္စကျ မဟောင်ရဲခဲ့ဘူး။ အချုပ်အခြာအာဏာ မထိပါးဖို့ဘာညာ အာခဲ့တယ်ဆိုပြီး မျိုးချစ်သတ်မတော်ကြီးကို နှစ်သိမ့်တာပေါ့လေ။ တကယ်တော့ သူ့အချုပ်အခြာက ကော်ဇောနီပေါ်မှာတောင် သေချာတာမဟုတ်။ အဲဒီ မြေသိမ်းခံရတာကတော့ တရုတ်မှာလည်း မအူရဲ၊ ထိုင်းမှာလည်း မဟောင်ရဲခဲ့ဘူးလေ။ မြန်မာပြည်မြေပုံက ခွေးအာဏာသိမ်းကတည်းက အပျိုရည်ပျက်ခဲ့တာ။ ခုဆို အတော်တောင် ချပ်ကပ်နေပြီပေါ့။ ကိုယ့်မြေ တစ်လက်မ အကျူးမခံဘူးဆိုတဲ့ ခွေးချုပ်ရဲ့ မျိုးချစ်စိတ်ကြီး တစ်ဖြတ်လို့ပဲ ထားပါတော့။ ပြည်တွင်းတော့ ဘိုးဘွားပိုင်မြေကိုတောင် ကျူးဆိုပြီး လိုက်ဖျက်၊ တိုက်ဖြို၊ တပ်ကို နာမည်ခံသိမ်းခိုင်းပြီး ခွေးပေါက် အောင်ပြည့်စုံကို စီမံကိန်းတွေ ချပေးနေတယ်။ ဒါကြောင့်လည်း မြေသိမ်းခံပြည်သူက ပြောတာပဲ။ စစ်တပ်ဆိုတာ တစ်သက်လုံး မြေပတ်သိမ်းလာတာတဲ့။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပြည်သူ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တပ်ထောင်ထားတာဆိုတဲ့ ကောင်တွေဟာ ကိုယ့်နိုင်ငံ မြေသိမ်းနေတာ မြင်ရက်နဲ့ တုတ်တုတ်တောင် မလှုပ်ရဲရှာဘူးတဲ့။ ဘယ်လှုပ်ရဲမလဲ၊ ကိုယ့်ပြည်သူ အသက်အိုးအိမ်စည်းစိမ် ဖျက်ဆီးနေတော့ နောက်လှည့်ကြည့်ရင် ဘယ်ပြည်သူတစ်ယောက်မှ မရှိတာမို့တဲ့၊ အဲဒါကြောင့် မလှုပ်ရဲတာတဲ့။ သူ့ဘောမတွေကလည်း ကျောချလို့ ဓားပြမှန်းသိပေမယ့် လျောဆင်းလည်း သဘောချင်း တူတူပဲဆိုပြီး ငြိမ်ခံနေကြမှာတဲ့။ ပြည်ပခရီးစဉ်တွေက ပြန်လာရင် ဒေါ်စုလုပ်ထားတာလေးတွေကို သူလုပ်ထားသလိုလိုနဲ့ အာသာပြေ အတည်ပေါက် အူပြ၊ ဟောင်ပြတာပဲရှိ။ သူ့မှာ ဘာမှ ပြောစရာမရှိ။ သူလုပ်တတ်တာဆိုလို့ မိဘမဲ့နဲ့ မုဆိုးမထုတ်တာရယ်၊ ကိုယ့်ပြည်သူကို တိုက်ရိုက်သတ်တာရယ်၊ ရပ်ရွာမီးရှို့၊ အိမ်ဖျက်၊ တိုက်ဖြို၊ ဆေးဝါးရိက္ခာကို ဖြတ်လေးဖြတ်လုပ်၊ ညှဉ်းဆဲသတ်ဖြတ်တတ်တာရယ်၊ နိုင်ငံတော်ဘဏ္ဍာ ခိုးတာနဲ့ ဖြုန်းတာရယ်ပဲ ရှိတာမဟုတ်လား။

မအလက သူ့သွက်ချာပါဒ ရက်တရာဟာသ ပြောတဲ့အထဲမှာ ရှီကို သူများလို ‘ဖျင်’ နဲ့ မဖတ်ဘူး၊ ‘ဖင်’ နဲ့ပဲ ဖတ်တာနော်၊ ရှီနောက်က ကပ်ကပ်လိုက်ရင်း ရှီ့ဖင်ကြီးကို ကြွေလာပုံရတယ်။ သူ့အူသံအတိုင်းဆို ရှီကျင့်ဖင်ကြားရင် ဘယ်လောက် နားရင်းအုပ်ချင်မယ် မသိဘူး။ တရုတ်ခရီးစဉ်မှာ အာကာသနဲ့ အေအိုင်နည်းပညာ၊ တခြားနည်းပညာ အသိပညာတွေ ဖလှယ်ခဲ့တယ်ဆိုပဲ။ ကမ္ဘာမှာ နည်းပညာထိပ်ဆုံးရောက်၊ နေအတုလုပ်နေတဲ့ နိုင်ငံကြီးသွားပြီး မီးခြစ်တောင် မလုပ်တတ်တဲ့သူနဲ့ သူ့ကောင်တွေက ဘာသိလို့ ဘာဖလှယ်ခဲ့တာပါလိမ့်။ သူ ဖလှယ်ခဲ့လို့များ တစ်နေ့က လွှတ်တင်တဲ့ အာကာသယာဉ် ပျက်ကျတာလားမသိ။ အမယ် ကမ္ဘာကြီးနဲ့ လုပ်မယ့် တရုတ်စီမံကိန်းမှန်သမျှကို ဆွေးနွေးပေးခဲ့ပါတယ်ကလည်း အူသေးတာ။ အဲဒီ တရုတ်စီမံကိန်း နာမည်တွေကိုတော့ GSI, GTI ဘာညာနဲ့ အတိုကောက်တွေ တစ်ထွေးကြီး ပြောသွားတာပဲ။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ အမြဲပြောဆိုနေတဲ့ ကိုယ့်စစ်တပ်က အမြဲဦးထိပ်ပန်ဆင် တိုက်ပွဲဝင်နေရတဲ့ EAO အတိုကောက်တောင် Ethnic ကို အက်သစ် အက်သစ်နဲ့ ဆက်မကစ်တတ်ဘဲ ဒစ်လည်နေတဲ့ဖွတ်။ PDF ကိုတော့ ပီးပဲ ဒဖင့် ဖို့စစ် (People's Defense Force) တွေဘာတွေ အရူးချေးပန်း ကစ်နေတာမို့ အိန္ဒိယသတင်းဌာနတစ်ခုက အင်တာဗျူးဝါးခမျာ မပြုံးမိအောင် ဖုံးဖိဗျူးရရှာတာ။ မြန်မာလိုပြောရင်တောင် ခွေးအကြီး လှည်းနင်းသလိုကောင်က ဘိုလိုညှပ်ပြီး တောင်တောင်အီအီ အူတာကလား။ ဟိုက အဲဒီအတိုကောက်တွေရဲ့ အရှည်ကို မှန်အောင်ပြောနိုင်ရင် တိုက်လေယာဉ် ဆယ်စီးယူသွားဆိုရင်ကို ပုစဉ်းတောင် ရခဲ့မှာမဟုတ်တဲ့ ဘူကောင်၊ ဒူကောင်၊ အူကြောင်။ အူကြောင်ဆိုတာ သိတယ်ဟုတ်၊ ခွေးနဲ့ကြောင် စပ်ထားတဲ့ မအလကို ပြောတာ။

ဒီကောင် နိုင်ငံခြားသွားပြီဆို ရေတိုက်စားတဲ့ ကမ်းပါးလို တိုင်းပြည်မြေပုံက ပဲ့ပဲ့သွားတော့တာ။ ဘင်္ဂလားဒေ့ရှ်ကိုလည်း ဖဲ့ပေးပြီးပြီ။ ရှမ်းမြောက်၊ ရှမ်းအရှေ့ဘက်ဆို ကုန်သလောက်၊ ကချင်ဘက်လည်း ပဲ့ပဲ့သွား၊ ထိုင်းဘက်လည်း အိအိကျ။ တနင်္သာရီဘက်လည်း ရုရှားလက်အပ်။ တိုင်းပြည်ရဲ့ ရတနာမှန်သမျှ၊ သယံဇာတမှန်သမျှ သူခိုးဈေးနဲ့ရောင်း။ သူခိုးဈေးနဲ့ရောင်းဆို အာဏာကလည်း ခိုးလို့ပဲ ရထားတာကိုး။ သူခိုးက သူ မပိုင်တဲ့ပစ္စည်းဆိုတော့ ရတာ အမြတ်ပဲလေ။ တိုင်းရင်းသားဒေသတွေဆိုတာ စစ်တပ်ပိုင်မဟုတ်သလို တကယ်တမ်းကျ စစ်တပ်နဲ့လည်း ဘာမှ မဆိုင်ဘူး။ သူများပစ္စည်း လက်ညှိုးထိုးရောင်းစားတဲ့ အကွက်။ နောက်ဆုံးမနိုင်ရင် မင်းတို့လက် အပ်ခဲ့တယ်ပြောပြီး ဆုတ်လာမှာ။ နောက်ဆုံးတော့ မြေပြန့်ကိုပဲ အမိအရထိန်းချုပ် မင်းလုပ်မှာလေ။ မင်းတို့ လိုက်ဆင်းမလာနဲ့၊ ငါ့ဘာသာ မြေပြန့်ပြန်မယ်၊ မင်းတို့ လိုက်လာရင်တော့ မင်းတို့ဒေသ ဗုံးကြဲမယ်၊ ဒါပဲ။ နောက်ဆုံး သူတို့မှန်းထားချက်က ဒါပဲ။ မြေပြန့်မှာ မနိုင်ရင်တော့ ကျန်တဲ့သူ ဘယ်နှယ်နေနေ သူ့မိသားစုကတော့ လစ်ပြီပဲ။ ခွေးလှောင်အိမ်တွေ နိုင်ငံတကာမှာ ဝယ်ထားပြီးသား။ ကာချုပ်ခန့်ပြီး ဓာတ်ပုံတောင် ချိတ်ခွင့်မပေးတဲ့ ရဲဝင်းဦးလိုကောင်က သူ့ကို လွှတ်ပေးမယ် ထင်နေပုံရ။ ဟိုက သူ့အပ်ပြီး သူ့စည်းစိမ်ကို ဖတ်မှာ။

ဒီခေါင်းမပါ၊ ခြေဗလာ၊ လက်ဗလာကောင်က ရက်တရာမှာ အလုပ်တွေ ဗရပွ ပြီးတဲ့အကြောင်း ခွေးခမောင်း ခတ်ချင်လိုက်တာ ပြာလို့။ ဒေါ်စုလုပ်ထားတာတွေ သံယောင်လိုက်ရတာပေါ့။ သူလုပ်ထားတာဆိုလို့ ရွာမီးရှို့တာရယ်၊ ကျူးဆိုပြီး တိုက်တွေလိုက်ဖြိုတာရယ်၊ ဗုံးကြဲတာရယ်၊ မုဒိမ်းကျင့်တာရယ်၊ စစ်ကြောင်းထိုး လူသတ်၊ ရိက္ခာနဲ့ လယ်ယာသုံးပစ္စည်း မီးတိုက်တာရယ် ရှိတာလေ။ အမယ် အဲဒီလို လယ်လုပ်မရအောင် လယ်စိုက်ရင် ဒရုန်းချ၊ ရွာဝင် မျိုး‌စပါး၊ မျိုးစေ့နဲ့ လယ်ယာသုံးစက်ပစ္စည်း‌တွေ မီးတိုက်၊ နွားတွေသတ်တာ မပြတ်တမ်း လုပ်နေတဲ့ ခွေးကောင်က မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းမတဲ့။ အူချက်။ သူ့အစွမ်း ဘာမှရှိတာမဟုတ်၊ တရုတ်ပေါင်ကြားတိုး၊ ကုလားပေါင်ကြားတိုး၊ ရုရှားပေါင်ကြားတိုး၊ ခေါင်းနဲ့ ဘောခွေ့တာပဲ တတ်တဲ့ကောင်က ရာရာစစ။ ခုဆို ထိုင်းပေါင်ကြားတောင် သွားတိုးနေရပြီ။ အဲဒါတွေကလည်း ဒေါ်စုလက်ထက်မှာ ဒေါ်စုမူဝါဒနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး ဆန်စပါးရည်ညွှန်းဈေး သတ်မှတ်ချက် ချမှတ်နိုင်လို့ အဲဒီ ၂၀၁၈ ခုနှစ်မှာတင် ဆန်တန်ချိန် သုံးသန်းကျော် တင်ပို့နိုင်ခဲ့တာ။ သူ့လို ညစ်ပတ်တဲ့ စိတ်ဓာတ်၊ သူ့လို အစွမ်းသတ္တိနဲ့ ကြွက်တောင် ဖောက်စားစရာ ရှိမှာမဟုတ်။ ခု စပါးစိုက်မရအောင် ထင်သလိုဖျက်တာတင် အားမရလို့ စနစ်တကျ မလွှတ်ဘဲ ဆည်ရေတွေ ဖောက်ချ၊ စိုက်ထားတာလေးတွေ ရေမြုပ်အောင်လုပ်တဲ့အပြင် ကူညီကယ်ဆယ်ရေး မသွားရအောင် စစ်ကိုင်းတံတားက ဖြတ်တား၊ လေယာဉ်နဲ့ ဗုံးပါ လိုက်ကြဲနေသေးသဗျား။ ပြည်သူတွေ ငတ်ပြတ်ဒုက္ခရောက်ပြီး တော်လှန်သူတွေ ထောက်ပံ့စရိတ်ပိ စစ်မတိုက်နိုင်အောင် လုပ်တာလေ။ အဲဒီလို ဖြစ်နေချိန် သူက ဝင်တိုက်မယ့်အကြံ။ ခုဆို ရွှေဘိုမှာလည်း ရေဘေးသွားကူမယ့်သူတွေ အိမ်ကို ချိတ်ပိတ်မယ်ဆိုပြီး ရဲကောင်းရဲမြတ်တွေက ပြောသတဲ့။ အဲဒီသလို ကိုယ့်ပြည်သူကို ဘက်ပေါင်းစုံက ဒုက္ခပေးတဲ့ကောင်ကို မျက်ကန်းတစ္ဆေမကြောက် လက်ခံမိတဲ့ ထိုင်းလည်း မအလ အလာခံလိုက်ကာရှိသေး၊ ကလေးကစ မအလ ငလမဓာတ်ဝင်ပြီး ကိုယ့်ဘိုးဘွား၊ ဆရာသမားတွေ သတ်ရတာနဲ့၊ အမတ်မင်းက ရဲကိုသတ်ရတာနဲ့၊ ကားသမားက ကလေးမတွေ မုဒိမ်းကျင့်ရတာနဲ့ မကောင်းဆိုးဝါးလှိုင်း စထန်ပြီလေ။ တရုတ်တော့ မအလ ပြန်ကတည်းက မုန်တိုင်းတွေ တစ်တိုင်းပြီးတစ်တိုင်း ကရိုင်းခံနေရတာပဲ။ အခု ဒေါဖင် (Dolphin) တဲ့၊ ဧရာဝတီလင်းပိုင်လေးများလား မှတ်တယ်။ အင်း နောက်ထပ်လည်း ဒေါဖင်ထက် နှစ်ဆလောက် ပိုဆိုးတဲ့ မုန်တိုင်းငါးမန်းတွေ ကျန်ဦးမှာ။ ခံဖို့သာပြင်၊ ဒီတစ်ခါတော့ ဆည်တွေ ကျိုးပြီသာ မှတ်ပေတော့။ မြန်မာပြည်ကို ဘက်စုံဖြိုဖျက်လာတဲ့ တရုတ် ခုတော့ စုတ်ပြတ်လို့။

မအလကို ကော်ဇောနီခင်းပေးမိတဲ့ အနုတင်ခမျာ အယုံအကြည်မရှိ အဆိုတောင် အတင်ခံရတော့မယ် ဆိုလား။ အင်း အခန့်မသင့်ရင် အနုကနေ အနူဖြစ်၊ ခုံရုံးပေါ်တောင် ပစ်တင်ခံရနိုင်သတဲ့။ ခုဖြစ်တာက ဖွတ်တက်တယ်ဆိုတာလောက် ရှိသေးတာနော်။ အစ ကနဦး အမြည်းသဘောပါပဲ။ အဓိက ဇာတ်ကားကြီးက မပြသေးဘူးရယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar