Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၂)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၂)

မိုးမခ ၊ ဩဂုတ် ၉ ၊ ၂၀၂၆



ကြက်မကြီး ဖင်ကွဲချင် ကွဲပစေ၊ ငါ့ကြက်ဥက ကြူကြူလှ ခေါင်းလောက်ရှိတယ် ဆိုတဲ့ ကောင်။

အခု ကြက်မတွေကိုတောင် သေနတ်နဲ့ထောက် ဥဥခိုင်းနေတဲ့ဖွတ်က အာကာသနည်းပညာတွေ တိုးတက်လာနေပြီး ဂြိုဟ်တုလွှတ်တင်နိုင်ရေးအပြင် အာကာသယာဉ်မှူးများကိုပါ စေလွှတ်နိုင်ရမယ်ဆိုပြီး ဟောင်နေပြန်။ ဟောင်သာ ဟောင်နေရတာ၊ ဖင်က ရှုံ့ပွရှုံ့ပွ ဖြစ်နေပြီ။ ပါးစပ်က အူဖို့၊ ဟောင်ဖို့၊ အီဖို့ဆိုတာ ဖင်ကြောက တော်တော်ရှုံ့ရတာ မဟုတ်လား။ ဒါ့ထဲက အာဆီယံက နှုတ်သီးဖြတ်ဖြတ်ရိုက်နေလို့ တအိုင်အိုင်အော်နေရတဲ့ကြားက အူရတာလေ။ အဲဒါကြောင့် ပုဖင်မပွလို့ ဘုဖင်ပွမလဲ။

လှိုင်မြို့နယ်မှာ မြန်မာအာကာသအေဂျင်စီ (MSA) ဆိုပြီး အတည်ပေါက် ဆိုင်းဘုတ်လေး လုပ်ထားတဲ့နေရာမှာပေါ့။ ငလမကောင်က မြန်မာအာကာသအေဂျင်စီရဲ့ ဂြိုဟ်တုပုံစံတူ ပုံစံငယ် ဖွင့်လှစ်တဲ့ နေရာမှာ သွားဟောင်တာ၊ ပုံစံငယ်နော်၊ ဂြိုဟ်တုအစစ်ကြီး ထင်မနေနဲ့ဦး။ ဂြိုဟ်တုဆိုလို့ ဆေးတိုက်နာမည်ပဲ အစစ်ရှိတာ။ ဂျိုတုဆိုရင်တော့ ရှိတယ်၊ ငပုခေါင်းမှာ။ စွန်တောင် သူ့တစ်ရပ်ကျော်အောင် မလွှတ်တတ်တဲ့ကောင်က ဂြိုဟ်တုလွှတ်ဦးမတဲ့။ မုန့်ဆီကျော်က ဘယ်နေမှန်း မသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုသလို ယာဉ်သာ ပုံစံငယ်ပဲရှိတာ၊ ယာဉ်မှူးကျ အရှင်လတ်လတ်ကြီး။ အင်း ဘယ်ကောင့်ကို ကြက်ဥစျေးနဲ့ ချိတ်လွှတ်လိုက်မယ် မသိ၊ အာကာသကို သေချာပေါက် ရောက်မှာကတော့ ကြက်ဥစျေးနှုန်းပဲ ရှိတာလေ။ တခြားနည်းနဲ့တော့ အာကာသရောက်စရာ ဘာအကြောင်းမှ မရှိဘူးလေ။ ဒီမြေကြီးနဲ့ မလွတ်တဲ့ကောင်က ပြောလိုက်ရင် မိုးကောင်းကင်နဲ့ အာကာသစကြဝဠာဆိုတာချည်းပဲ၊ တကယ့် ဘီးနဲ့ ကတုံး၊ ဘုန်းကြီးနဲ့ခေါင်းပေါင်း၊ ကျောင်းနဲ့ နွား ခြံ။

အဲလိုပဲလေ ရက်တစ်ရာမှာ တစ်ရက်တစ်ရက် ကြက်တွေသွားခြိမ်းခြောက် ဥခိုင်းလိုက်၊ နွားရှေ့ ထွန်သွားကျူးလိုက်၊ ဝက်စာကျင်းထဲ ခေါင်းစင်းလိုက်၊ ကုန်သည်တွေ သွားပြဿနာရှာလိုက်၊ တစ်ခါတစ်ခါ ကြောင်တိကြောင်တက် ကျည်ပွေ့မိတဲ့ကြက်လို အာကာသခုန်တက်လိုက်နဲ့ သူ့ကောင်တွေလည်း အရူးလင်လုပ်နေရတာ။ သိတယ်မဟုတ်လား၊ အရူးဆိုတာ စိတ်မထင်ရင် မထင်သလို လမ်းလယ်ခေါင်တင် အဝှာထလုပ်ချင်လုပ်တာမျိုးလေ။ ခု သူ့နောက်လိုက်တွေတင်မက အာကာသယာဉ်မှူးဆိုတဲ့ကောင်တွေပါ လမ်းလယ်ကောင်မှာ အရူးက ဟိုဒင်းဟိုဟာအပြုခံရတဲ့မိန်းမလိုမျိုး မျက်နှာ အဝတ်နဲ့ အုပ်ထားရတော့တာကလား။ ဘယ်လောက် ရှက်ရှာကြမလဲ။

MSA အမှုဆောင်ချုပ်ဆိုတဲ့ ဘဲက ဓာတ်တယ်။ ငစား။ ဂြိုဟ်တုတွေ၊ အာကာသယာဉ်တွေ၊ ယာဉ်မှူးတွေ၊ နောက်လိုက်တွေနဲ့ ငပေါကို ဖောတာ၊ ပုပေါဆို ဖနောင့်နဲ့ မြေကြီးတောင် မထိတော့ဘူးတဲ့။ အရူးကြော ဘယ်နားရှိမှန်းသိတဲ့ကောင်ဆိုတော့ ဘတ်ဂျက်ပါ ထင်သလို တောင်းလို့ရအောင် နှိပ်တာပေါ့။

မြန်မာအာကာသအေဂျင်စီ အမှုဆောင်ချုပ်က မြန်မာအာကာသအေဂျင်စီ MAH-1J ERS ဂြိုဟ်တုပုံစံငယ် လုပ်ထားတယ်ဆို ထုတ်ပြပြီး အဲဒီဂြိုဟ်တုကို "ဂြိုဟ်ပု" လို့ နာမည်ပေးထားတယ်လို့ အရူးကောင်ကို မီးပေါင်တင်ပေးလိုက်သေးတာ။ တကယ့် ငစားပါဆို။

အမယ် ဒါတင်မကသေးဘူး၊ ဂြိုဟ်တုစီမံထိန်းချုပ်ရေးစခန်းဆိုင်ရာ လုပ်ငန်းအခြေအနေတဲ့၊ တကယ်က အဲဒီထဲမှာ ယင်ခြောက်ကောင်နဲ့ ခြင်သုံးကောင်ပဲ ပတ်ပျံနေတာ။ ကျန်တာ ဘာမှမရှိဘူး။ ပြီးတော့ ဘာတဲ့၊ မြန်မာအာကာသအေဂျင်စီရဲ့ လကမ္ဘာပတ်လမ်း စူးစမ်းလေ့လာရေး ဆောင်ရွက်ထားရှိမှုတဲ့။ တဆုံးထည့်တာ ထည့်တာနော်၊ မအလ ခမျာ လည်ပင်းကြောတောင် ထောင်နေသတဲ့။ မျက်လုံးကြီးလည်း ပြူးလို့ ဝုဝုလို့တောင် ခွေးဇမပြနိုင်ရှာဘူးဆိုပဲ။ အဲလိုဖြစ်ဂစ်နေပါတယ်ဆို အင်္ဂါဂြိုဟ်မှာ ပျံသန်းနိုင်တဲ့ အင်းဆက်အခြေခံ တောင်ပံခတ် လေယာဉ်ငယ် ဒီဇိုင်းသုတေသနဆိုပြီး ပုခြေမကို ထုချလိုက်သေးတာ။ ငပုဆိုတာ အဘားဘား အဘားဘားပဲ အော်နေတော့သတဲ့။ အဲသမှာလည်း ပိုးဟပ်တွေနဲ့ ပိုးတုံးလုံးကောင်တွေပဲ ရှိတာလေ။

အဲဒါမြင်တော့ မအလက သူ့သားရဲ့ ရတနာပုံဆိုက်ဘာစီတီးကို အင်္ဂါဂြိုဟ် ရွှေ့ဖို့နဲ့ အဲဒီမှာ အမှုဆောင်ချုပ်ကို အပုဆောင်ချုပ် ထပ်ခန့်မယ် ပြောရော။ ဘယ်သူကမှ လိုက်မရင်းနှီး မမြှုပ်နှံအတူတူ လူအထင်မကြီးတောင် ခွေးအထင်ကြီးလို့ ဟောင်လည်း မနည်းပါဘူးဆိုပြီး ဖြီးတာပေါ့။ တရုတ်နဲ့ကုလားက မလာတော့ ခု ဂျပန်ကြီး ဂွကြားဝင် အမြှီးနှန့်နေတယ်။ ရှီကျင့်ဖျင်နဲ့ မိုဒီက ပလစ်တော့ ဂျပန်ကြီး သွားညှစ်ကြည့်တာ။ မအလက တရုတ်နဲ့ အိန္ဒိယလုပ်ငန်းရှင်တွေကို သူ့သားရဲ့ ရတနာပုံဆိုက်ဘာစီတီးမှာ လာရင်းနှီးမြှုပ်နှံဖို့ ခဏခဏ ဖိတ်ခေါ်ခဲ့ပေမဲ့ မလာကြဘူးလေ။ အဲဒါ ဆိုက်ဘာစီတီးနဲ့ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Roadmap 2030) မှာ ဂျပန်နည်းပညာကုမ္ပဏီတွေ လာပါ လာပါ သွားအူတာ။ ဘယ်နေ့ ဂျပန်နဲ့ မတည့်တဲ့ရှီက နားအုံ ဖုန်ခါမယ် မသိ။

အဲသည်မှာလည်း ဘယ်လို အူတယ်မှတ်နေလဲ၊ "မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာကြတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့လည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုပါတယ်" ဆိုပြီးကို အူတာနော်။ တကယ့် သောက်ရှက်မရှိ၊ ဘာတဲ့၊ တည်ငြိမ်အေးချမ်းပြီးတဲ့၊ ပုံမှန်လည်ပတ်တဲ့၊ ယုံကြည်စိတ်ချစွာတဲ့။ တကယ့် ဟောင်ကောင်။ သူ့ကို ကြိုက်တဲ့အချိန် ခေါ်အုပ်နေတဲ့ တရုတ်နဲ့ ကုလားတောင် မလာတာ၊ ဂျပန်ကြီးဆို ပိုဆိုးပေါ့

အမှုဆောင်ချုပ်က လဆင်းယာဉ်တွေအတွက် AI အခြေပြု ဆင်းသက်ခြင်းနည်းပညာအကြောင်း ပြောရင်း အဲဒီစီမံကိန်းနာမည်ကိုလည်း ခွေးဘွဲ့သီချင်း ငွေလမင်းရဲ့ အတိုကောက် "ငလမ" လို့ ပေးထားတဲ့အကြောင်း ထည့်ရောင်းလိုက်သေးတာ၊ အဲဒါတွေ အူတဲ့အချိန်မှာ အမှုဆောင်ချုပ်ကလည်း သူ့ကိုယ်သူ အီလွန်မတ်စ်လိုလို မျက်နှာပေးနဲ့၊ ခွေးပုကလည်း သူ့ကိုယ်သူ ထရန့်လိုလို အထာနဲ့ မရှက်အတူ ဆက်အူကြတာက တခြားအာကာသဆိုင်ရာ နည်းပညာတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးပါနော်။ အင်း အမှုဆောင်ချုပ်က ခွေးချုပ်ကို အပင်းလုံးတွေ တဆုံးသွင်းပေးလိုက်တာ။ မသိရင် သူ့ဌာနကို နာဆာကပဲ လာသင်ယူနေရသလိုလို၊ ရှီကျင့်ဖျင်၊ ပူတင်နဲ့ မိုဒီတို့ဆို ဒီသတင်းဖတ်ပြီး အာကာသနည်းပညာမှာ ငါတို့သိပ်နောက်ကျသွားပြီဆိုပြီး သတ်သေကုန်ကြမလား မသိ။ အမှုဆောင်ချုပ်က ငပုကို ကုရာနတ္ထိ ဆေးမရှိအောင် အရူးကြောတွေချည်း နှိပ်လွှတ်လိုက်တာ။ ခု မအလ ငလမဟာ ညညဆို မအိပ်ဘဲ ဝရန်တာ ထွက်ထိုင်ပြီး ကောင်းကင် လက်ညှိုးတထိုးထိုးနဲ့ "ဂြိုဟ်ပု၊ ဂြိုဟ်ပု" လုပ်နေလောက်ပြီ။

တရုတ်တွေတောင် မအလနဲ့ပေါင်းလို့လားမသိ၊ ပလီပလာ PR တွေ လုပ်တတ်လာပြီ။
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက လမ်းသွားလမ်းလာတွေကို အင်တာဗျူးလုပ်သတဲ့။ အမှန်က တမင်ဆင်ရိုက်ထားတာ။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု တိုးမြှင့်လိုတယ်၊ တရုတ်ရုပ်ရှင်၊ အစားအစာ၊ ယဉ်ကျေးမှုတွေ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လာတာ ကောင်းတယ်လို့ ဆိုသတဲ့။

တရုတ်ဘာသာစကားကို သင်ယူထားပါက အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာနိုင်တယ်လို့လည်း ပြောသတဲ့၊ ပုံပြင်လေးကတော့ ဒါပါပဲကွယ်ဆိုသလို။

တရုတ်သံရုံးရဲ့ အဲဒီ ပလီချက်ကို မြန်မာတွေ တုံ့ပြန်တာကတော့ အတော်ပြင်းထန်သတဲ့ကွဲ့။
မန့်တချို့က "ငါ့ကိုလာမေးပါလား၊ လာမေးရင် အားရပါးရ ဆဲပစ်လိုက်မယ်" လို့ ရေးကြတာပေါ့။ ဒီအင်တာဗျူးမျိုးက "လုပ်ဇာတ်ကြီး ဖန်တီးပြီး ထုတ်ပြန်ထားခြင်းသာ ဖြစ်တယ်" လို့ တွယ်ကြသတဲ့။ တချို့လည်း မင်းတို့ တရုတ်ပြည် ဝင်နေတဲ့ မုန်တိုင်းတွေဟာ မအလနဲ့ ပေါင်းပြီး မြန်မာပြည်ကို ထောင်းလမောင်းကျေနေလို့ မိုးနတ်မင်းက ဒဏ်ခတ်တာလို့ ရေးကြလေရဲ့။ အိမ်း အဲဒါတွေက မအလ ငလမ မုန်တိုင်းလို့ ခေါ်သကွဲ့။ ကံ၊ ကံ၏အကျိုးပါ ဟောရမှာပေါ့လေ။ သဒိသံ ပါကံ ဇနေတိ၊ သိချင် AI မေးကြည့်လို့ ပြောရမှာပဲ။

အမယ်၊ ထပ်လုပ်သေးတာ၊ “တောင်တန်းမေတ္တာ၊ လေညင်းသစ္စာ” တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်တဲ့။ အမှန်က လေကြောင်းမေတ္တာနဲ့ မုန်တိုင်းသစ္စာလို့ သုံးရမှာလေ။ တရုတ်က လေကြောင်းပံ့ပိုးကူညီ မြန်မာပြည်ကို ချေမွဗုံးကြဲသတ်ဖြတ်၊ မုန်တိုင်းက တရုတ်ပြည်ကို တန်ပြန်ဆုံးမ။ တကယ့်လက်တွေ့က အဲလိုမဟုတ်လား။ တရုတ်-မြန်မာ Twin-City မီဒီယာဖိုရမ်တဲ့။ ဟုတ်သားပဲ၊ မီးလောင်တိုက်သွင်းခံရတဲ့မြို့နဲ့ ရေလွှမ်းမိုးခံရတဲ့မြို့။ “မီးတောင်မေတ္တာ၊ ရေညင်းသစ္စာ” တရုတ်-မြန်မာ ကပ်ဘေးဖလှယ်ရေး ရက်သတ္တပတ်အခမ်းအနားမှာ သံအမတ် Dr. Zheng Zhihong က တရုတ်-မြန်မာ Twin-City မီဒီယာဖိုရမ်ဟာတဲ့၊ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုတို့ကို မြှင့်တင်ရာတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းတဲ့။ တကယ့် စောက်ပေါတရုတ်။ ပြည်သူချင်း စိတ်ချင်းပဲ ဆက်နွှယ်ရဦးမတဲ့။ ဒုက္ခမျိုးစုံပေးပြီးမှ တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်း ပုံပြင်ကောင်းများကို အတူတကွ ပုံဖော်ဖို့တဲ့။ ရွံစရာကောင်းတဲ့ အူချက်တွေချည်း။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတဲ့။ ဒါတော့ ဟုတ်တယ်၊ ကိုယ်တွေက မီးရှို့ခံရလို့ပူ၊ သူတို့က ရေလွှမ်းခံရလို့အေး၊ အဟေးဟေး ဒါတော့ တူတယ်လေ။ အေးအတူ ပူအမျှ၊ ခွေးနဲ့အတူ လူကို အပူပေးတာ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar