နှစ် ၈၀ နီးပါး ကြာရှည်လာတဲ့ မြန်မာပြည် ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး စကားလုံးရဲ့ အဓိပ္ပာယ်ကောက်ယူမှု
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၃ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၁၄ ၊ ၂၀၂၆
နှစ် ၈၀ နီးပါး ကြာရှည်လာတဲ့ မြန်မာပြည် ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး စကားလုံးရဲ့ အဓိပ္ပာယ်ကောက်ယူမှု
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖြစ်သူ ဆာဆာကာဝါ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်ကို လာရောက်ပြီး စစ်တပ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ယခုလို လာရောက်ပြီးနောက်မှာ ဆာဆာကာဝါက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ဆက်လက်ကူညီမယ်လို့ ပြောဆိုကြောင်း ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့အစည်းတခု ဖြစ်တဲ့ နိပွန်ဖောင်းဒေးရှင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဦးသိန်းစိန် အစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့ ဆာဆာကာဝါ ၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေ အပစ်ရပ်ဖို့ ကိစ္စရပ်တွေ၊ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး မဖြစ်ပွားမီကာလတွေမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လူသားချင်းစာနာမှု အကူအညီကိစ္စရပ်တွေအတွက် နေပြည်တော်ကို လာရောက်ခဲ့ဖူးပါတယ်။
နိပွန်ဖောင်ဒေးရှင်းဟာ ဂျပန်နိုင်ငံက လူသားချင်းစာနာမှုအကူအညီပေးတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ဂျပန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဥ် JICA လိုအေဂျင်စီတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်၊ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပေါ်ပေါက်လာပြီးနောက် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ လုပ်ဆောင်ခဲ့တာရှိခဲ့သလို AA နဲ့ စစ်တပ် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဖက်အကြား ဆက်သွယ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိတဲ့အသွင် မြင်ရတာကြောင့်အချို့ ဝေဖန်သုံးသပ်သူတွေက စစ်တပ်ဘက် ယိမ်းတဲ့ ငြိမ်းချမ်းရေးကြားဝင် စေ့စပ်သူအဖြစ် အကဲဖြတ်ရှုမြင်မှု အချို့လည်း ရှိနေတာ ဖြစ်ပါတယ်။
ဆာဆာကာဝါဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင်ကာလကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အဲဒီကာလက ရခိုင်ပြည်နယ်ကိုပါ သွားရောက်ခဲ့သလို ရွေးကောက်ပွဲ ကျင်းပမယ့် စာရင်းထဲက ဖယ်ရှားခံထားရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုက်တွန်းကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။ တဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး အဲဒီနှစ် နိုဝင်ဘာလမှာလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီကာလက စစ်တွေမြို့ကို သွားရောက်ကာ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့သေးတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ခဲ့ပြီး AA နဲ့ စစ်တပ်အကြား အပစ်ရပ်မှု ဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်းပြောကြားခဲ့ဖူးပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားတာ ဆယ်စုနှစ် ၇ ခုကျော် ၈ ခုနီးပါး ရှိလာတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ စကားလုံးတွေဟာ ထိရှလွယ်တဲ့ စကားလုံး၊ အသုံးအနှုန်းနဲ့ မကောင်းတဲ့ အဓိပ္ပာယ်အနေနဲ့ ရှုမြင် ခံစားချက်ရှိကြတာလည်း ဖြစ်ပါတယ်။
ဖဆပလ အစိုးရကနေ မဆလ အမည်ခံတဲ့ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတဲ့အထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေသာမက ကွန်မြူနစ်ပါတီ(ဗမာပြည်)၊ အလံနီကွန်မြူနစ်ပါတီ၊ ဦးနု ဦးဆောင်တဲ့ ပြည်ချစ်တပ် စသဖြင့် လက်နက်ကိုင် အဖွဲ့တွေအများအပြား ဖွဲ့စည်းကာ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြပြီး အဲဒီကာလတွေမှာလည်း အပစ်အခတ်ရပ်ဖို့ ဆွေးနွေးတာ၊ လက်နက်ချ အလင်းဝင်တာ၊ လက်နက်ကိုင် အဖွဲ့အသစ် ဖွဲ့စည်းပြီး တိုက်ခိုက်တာတွေ နှစ်ပေါင်း ၇၀ ကျော် ၈၀ အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အမည်နဲ့ အုပ်ချုပ်တဲ့ကာလ ၁၉၆၃ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော ကွန်မြူနစ်ပါတီ (ဗမာပြည်) ၊ အလံနီတို့နဲ့ပါ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ကြပြီးနောက် စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာ ကွန်မြူနစ်ပါတီ (ဗမာပြည်)ထဲမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေက ပုန်ကန်ပြီး ထိုစဥ်က ဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ အကြီးဆုံး လက်နက်ကိုင်အင်အားစု ပြိုကွဲခဲ့ပြီး ကိုးကန့်၊ ဝ နဲ့ ကချင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အဖြစ် သီးခြားပေါ်ထွန်းခဲ့တာကို နဝတ လို့ အတိုကောက်ခေါ်တဲ့ အာဏာသိမ်း စစ်အစိုးရက အထူးဒေသတွေအဖြစ် လက်နက်စွန့်စရာမလို နယ်မြေ ဆုတ်ပေးစရာမလိုတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရယူခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုမယူတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို သမိုင်းခေတ်အဆက်ဆက် ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး၊ စစ်ဆင်ရေး စတာတွေက တလှည့် တပြန်စီဖြစ်ပေါ်နေခဲ့တဲ့ မြန်မာ့သမိုင်းမှာ အပစ်ရပ်ရေးကို ငြိမ်းချမ်းရေးလို့ ရောပြီး ခေါ်ဝေါ် သုံးနှုန်းတာတွေ ရှိလာသလို လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ အပစ်ရပ်ရေးဟာ အပစ်မရပ်တဲ့ အခြားလက်နက်ကိုင် အဖွဲ့တဖွဲ့အဖို့ ထိုးစစ်ဆင်ခံရဖို့ အခြေအနေမျိုး ဖြစ်တယ်ဆိုတဲ့ သင်ခန်းစာတွေလည်း လေ့လာမှတ်သားခဲ့ကြရတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ယခင် ခေတ် ၂ ခေတ်ကထက် ပိုမိုပွင့်လင်းမှုရှိတဲ့၊ နိုင်ငံရေးပြဿနာကို ဆက်လက် အဖြေရှာဖို့ ရည်ရွယ်ချက် ပါတဲ့ ဆွေးနွေးမှုတွေလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေစုစည်းပြီး တစုတစည်းထဲ အပစ်အခတ်ရပ်စဲရေးနဲ့ အနာဂတ် နိုင်ငံရဲ့ ပုံကို ဖော်ဆောင်ဖို့ နိုင်ငံရေး ဆွေးနွေးမှုတွေ ပါဝင်တာ၊ နဝတ၊ နအဖ စစ်အစိုးရလက်ထက်လို အပစ်ရပ်ကာ၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေပေးပြီး နိုင်ငံရေး ပြဿနာ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ကိစ္စရပ်တွေကို မတို့မထိဘဲ ထားတာမျိုး မဟုတ်လို့ ၂၀၁၁ ကနေ ၂၀၂၀ အကုန်ထိ ကာလတွေက နှစ် ဆယ်စုနှစ် ၆ ခုကျော် ၇ ခုနီးပါး ပြည်တွင်းစစ် အဆုံးသတ်တော့မလား ဆိုတဲ့ မျှော်လင့်ချက် အရိပ်အယောင်သန်းတဲ့ကာလလို့ ဆိုကောင်းဆိုနိုင်ပါတယ်။
ဒီလို အစိုးရအဆက်ဆက် ခေတ်အဆက်ဆက်မှာ အပစ်ရပ်တာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပေမဲ့ ပြည်တွင်းစစ်က ရပ်စဲသွားခြင်း မရှိတာကြောင့်လည်း လူထုအမြင်မှာ အပစ်ရပ်ဆွေးနွေးတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေအပေါ် ကြီးကြီးမားမား ယုံကြည်မှုမရှိတော့တဲ့သဘော ဖြစ်လာပါတယ်။
စစ်တပ် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ အပစ်အခတ်ရပ်တဲ့ သဘောတူညီမှုကို နည်းပရိယာယ်အရ၊ အခက်အခဲ အကျပ်အတည်းနဲ့ ကြုံတွေ့ရတဲ့အခြေအနေမျိုး ရင်ဆိုင်ရမဲ့ ရန်ဘက်များနေချိန်၊ လတ်တလော အကျိုးရလဒ် သို့မဟုတ် ကာလတိုအကျိုးရလဒ် အပေါ်တွက်ချက်ပြီး လက်ခံကြတာမျိုး ရှိနေတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားမှာလည်း အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှုတွေ နားလည်လွယ်တဲ့ စကားလုံးအရ နယ်မြေ အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး အကျိုးစီးပွားဆန့်ကျင်ဘက် ဖြစ်ကြတဲ့အခါ အခြားသော ရန်ဘက်နဲ့ အပစ်ရပ်ရတဲ့ အခြေအနေမျိုးတွေလည်း သမိုင်းအဖြစ်အပျက်တွေထဲ ရှိခဲ့ကြတာကြောင့် အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေက ရိုးစင်းပြီး နှစ်လိုဘွယ်စကားလုံးတွေ မဟုတ်တော့ဘဲ နောက်ကွယ်မှာ အကျိုးစီးပွားတွေ၊ ထုတ်မပြတဲ့ ရည်ရွယ်ချက်တွေ ရှိနေလားဆိုတဲ့ သံသယဝင်စရာ စကားလုံးတွေ ဖြစ်လာကြတာပါ။
နှစ် ၈၀ ပြည့်လုနီးပါး ရောက်လာနေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်၊ တနည်းအားဖြင့် ပြောရင် ကမ္ဘာမှာ အရှည်ကြာဆုံး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ လာမဲ့ မျိုးဆက်တခု နှစ်ခုအတွင်း ချုပ်ငြိမ်းမဲ့ အလားအလာတွေ ရှိပ့ါဦးမလား ဆိုတဲ့ သံသယမေးခွန်းတွေ ရှိလာနေပြီး ငြိမ်းချမ်းရေး ဆိုလိုက်တဲ့အခါ ပရိယာယ်၊ ကောက်ကျစ်မှုနဲ့ အချိန်ကာလတခု အင်အားပြန်စုပြီး လာမယ့်တိုက်ပွဲတွေအတွက် ပြင်ဆင်ခြင်းဆိုတဲ့ အဓိပ္ပာယ်မျိုး အထိ နားလည်လာနေကြတာ ဖြစ်ပါတယ်။
ဒီနိုင်ငံ ဒီရေမြေမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုရဲ့ လူနေမှု ဘဝ၊ အေးချမ်းစွာ ရှာဖွေစားသောက်နေထိုင်ကာ လူနေမှုဘဝတွေ မြင့်တက်လာဖို့ အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ကြ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးသမားတွေ၊ ဗဟိုအစိုးရ အာဏာကို ထိန်းချုပ်လာတဲ့ စစ်တပ် စတဲ့ အဖွဲ့အစည်းအသီးသီးမှာ တာဝန်အနည်း အများရှိနေကြတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar