Breaking News

ဘန်ကောက်မြို့ ရေကြီး၊ အရင်းရှင်စီးပွားရေးစနစ်နဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်

 

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၆ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၂၇ ၊ ၂၀၂၆  

 

ဘန်ကောက်မြို့ ရေကြီး၊ အရင်းရှင်စီးပွားရေးစနစ်နဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်

ပြီးခဲ့တဲ့ ၂ ရက်တာအတွင်း ဘန်ကောက်မြို့မှာ နေ့စဥ်ရက်ဆက်မိုးသည်းထန်ပြီး လမ်းတွေရေမြုပ်၊ အနိမ့်ပိုင်း လူနေအိမ်တွေ၊ ဈေးဆိုင်တွေထဲ ရေဝင်၊ လူထုပို့ဆောင်ရေး ရထား၊ ကားတွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်တာတွေနဲ့ သန်းနဲ့ချီတဲ့ ဘန်ကောက်မြို့နေ လူထုအပေါ် သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ပင်လယ်နဲ့ နီးကပ်ပြီး မြေမျက်နှာပြင် နိမ့်လွန်းတဲ့ ဘန်ကောက်မြို့ဟာ ပုံမှန်မိုးရွာသွန်းမှုလိုမျိုးကို ရင်ဆိုင်နိုင်ဖို့ ရေမြောင်းစနစ်၊ ကြီးမားတဲ့ ရေပိုက်တွေ ပန့်တွေနဲ့ စုပ်ထုတ်ပြီး ပင်လယ်ထဲကို စီးဝင်စေတဲ့ ရေတံခါးတွေ၊ မြောင်းတွေ လုပ်ဆောင်ထားတာကြောင့် ဘန်ကောက်မြို့မှာ တနာရီ ကျော်ကြာ မိုးသည်းထန်ရင် ကတ္တရာလမ်းပေါ် တက်လာတဲ့ရေတွေကို မိုးတိတ်ပြီးနောက် တနာရီ တနာရီခွဲအကြာလောက်မှာပဲ ပြန်ကျသွားအောင် စွမ်းဆောင်နိုင်တဲ့ အနေအထားမျိုး တွေ့ကြရပါတယ်။ ချောင်ဖရားမြစ် ထိုင်းပင်လယ်ကွေ့ကို စီးဝင်တဲ့ မြစ်ဝမှာ တည်ထားတဲ့ ဘန်ကောက်မြို့ဟာ မြို့အကျယ်အဝန်း ကျယ်ပြန့်ပြီး မြေမျက်နှာပြင် အနိမ့် အမြင့် သိသိသာသာ မတွေ့ရလောက်အောင် ပြန့်ပြူးနေတဲ့ အသွင်အပြင်ရှိတဲ့ မြို့ပြကြီးတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဘန်ကောက်မြို့မှာ အလုပ်လုပ်နေကြတာ ဖြစ်ပြီး မကြာသေးတဲ့နှစ်တွေမှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီး ပြည်တွင်းစစ် ဖြစ်ပွားတဲ့နောက် ယခင်ကထက် ပိုမိုများပြားတဲ့ ပမာဏရှိတဲ့ မြန်မာနိုင်ငံသားတွေ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေကြတာ၊ စစ်ဘေး၊ မင်းဘေး တိမ်းရှောင်နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့ ရေဘေးကလည်း မြန်မာနိုင်ငံသားတွေအဖို့ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ စိတ်ဝင်စားစရာ သတင်းအကြောင်းအရာ တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ ကြီးနဲ့ ဆက်စပ်ဧရိယာတွေမှာ စက်ရုံတွေ၊ စားသောက်ဆိုင်၊ ဈေးတွေနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ရှောင်မလွတ်လောက်အောင် များပြားလှပါတယ်။

ဒီအချက်တွေကြောင့် ဘန်ကောက်မြို့ ရေကြီးတာဟာ မြန်မာနိုင်ငံသားတွေ နဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက်တရပ်လည်း ဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအဖို့ စိတ်ဝင်စားတဲ့အကြောင်းအရာ တိုက်ရိုက်အကျိုးသက်ရောက်မှု ခံစားရတဲ့ အကြောင်းအရာတရပ် ဖြစ်သလို အခုလို ရာသီဥတု ဖော်က်ပြန်မှု ဖြစ်စဥ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သာမက မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ရန်ကုန်မြို့တို့ကို လာမဲ့ရက်ပိုင်းတွေအတွင်း မိုးသည်းထန်မဲ့ အကျိုးသက်ရောက်မှုတွေလည်း ဖြစ်စေလိမ့်မယ်လို့ ရာသီဥတု သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ဘန်ကောက်မြို့တဝိုက် ရက်ဆက်မိုးသည်းထန်စေတဲ့ လေစိုင်ဝဲ တိမ်ထုကြီးဟာ အနောက်ဘက်ကို ရွေ့လျားနေပြီး ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်ဆီ ရွေ့လျားနေပြီး အဲဒီကမှတဆင့် မြောက်ဘက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေကို ရောက်ရှိမယ်လို့ ရာသီဥတုခန့်မှန်းချက်တွေက ဖော်ပြထားကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဘက်အခြမ်း မွန်၊ ကရင် ဒေသတွေမှာ ဘန်ကောက်မြို့လို လူဦးရေသန်းဆယ်ဂဏန်းချီရှိတဲ့ ဒေသတွေ မဟုတ်သည့်တိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုတာတွေ၊ ရုတ်တရက် တောင်ကျရေဝင်ရောက်တာ မြစ်ရေကြီးတာတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်း ဘန်ကောက်မှာ ရေကြီးနေတဲ့ သတင်းတွေနဲ့ အတူ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ်မြို့အနီးက လောင်းလုံမြို့နယ်ထဲက ကျေးရွာအချို့မှာ မိုးသည်းထန်စွာရွာပြီး မြေပြိုတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားနေတာ သတင်းတွေမှာ တွေ့နေကြရပြီဖြစ်ပါတယ်။ လောင်းလုံမြို့နယ်ရဲ့ တောင်ဖက်ပိုင်း ကျေးရွာတွေမှာ မိုးသည်းထန် ရေလွှမ်း၊ မြေပြိုတာတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။ လောင်းလုံမြို့နယ်ဟာ ထားဝယ်မြို့နဲ့ ဆက်စပ်နေပြီး ပင်လယ်ထဲ ကျွန်းဆွယ်သဖွယ် တည်ရှိနေတဲ့ မြို့နယ်ဖြစ်ပြီး PDF လှုပ်ရှားမှုအားကောင်းတဲ့ မြို့နယ် ဖြစ်ပါတယ်။ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ မြို့နယ်လည်းဖြစ်ပြီး စစ်ပွဲတွေ အပြင်အခုလို ရေဘေးအန္တရာယ်ကိုပါ ထပ်ဆင့်ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက လောင်းလုံမြို့နယ်လိုပဲ အခု လေဖိအားနည်းရပ်ဝန်း တိမ်ထုရွေ့လျားသွားမဲ့ လမ်းကြောင်းပေါ်က မွန်၊ ကရင် ဒေသတွေမှာလည်း တိုက်ပွဲတွေ၊ စစ်ဘေးတိမ်းရှောင်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရေကြီးတဲ့ ဘေးအန္တရာယ် ကျရောက်ရာမှာ ထိုင်းနိုင်ငံ အနေနဲ့ ပြည်တွင်းစစ်လို အခြေအနေမျိုးမဟုတ်ဘဲ အစိုးရအနေနဲ့လည်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ကူညီကယ်ဆယ်ဖို့ရာ လုံလောက်တဲ့ ဘဏ္ဍာငွေ၊ ယန္တရားနဲ့ စနစ်တွေ ရှိတာကြောင့် ထိခိုက်ခံစားရမှုမှာ မြန်မာနိုင်ငံက ဒေသတွေထက် သက်သာမဲ့ အနေအထားမျိုး လို့ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေမှာ အခုလို သဘာဝဘေးအန္တရာယ်တွေ ထပ်ဆင့်ရင်ဆိုင်ကြရတဲ့အခါ ဒုက္ခအပေါ်  ဒုက္ခထပ်ဆင့်ခံစားရတဲ့ အနေအထား၊ လုံလောက်တဲ့ ကူညီကယ်ဆယ်မှု မလုပ်ဆောင်နိုင်ဘဲ ပြည်သူလူထုအနေနဲ့ မိမိတို့ဘာသာ ပြန်လည်ရုန်းထကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

အခုလို ကမ္ဘာကြီးမှာ ရာသီဥတုတွေ ဖောက်ပြန်ပြီး အစွန်းရောက်တဲ့ လက္ခဏာဖြစ်စဥ်တွေ မကြာခဏ ဟိုနိုင်ငံ သည်နိုင်ငံတွေမှာ ဖြစ်ပွားနေတာ ကမ္ဘာ့ဖန်လုံအိမ် သက်ရောက်မှုလို့ ခေါ်ဆိုတဲ့ ရုပ်ကြွင်းလောင်စာ အလွန်အကျွံအသုံးပြုမှု၊ သစ်တောပြုန်းတီးမှုတွေ ရဲ့ အကျိုးဆက်ဖြစ်ပါတယ်။

နိုင်ငံတွေအနေနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ရာအတွက် ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံအသုံးပြုတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဆယ်စုနှစ်နဲ့ချီ လျစ်လျူရှုလာခဲ့ကြရာက ကမ္ဘာ့ဖန်လုံအိမ်သက်ရောက်မှု မြင့်မားလာပြီး ကမ္ဘာကြီး ပူနွေးလာနေတာကို သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သတိပေး နှိုးဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ အချက်အလက်တွေ အထောက်အထားတွေနဲ့ နှိုးဆော်ကြသည့်တိုင် စီးပွားရေး အင်အားကြီးနိုင်ငံတွေအနေနဲ့ ယှဥ်ပြိုင်မှုမှာ နောက်ကျမှာ စိုးရိမ်မှု၊ တနိုင်ငံနဲ့ တနိုင်ငံ ရန်ဘက်သဖွယ် ပြိုင်ဆိုင်မှုတွေက အရင်းရှင်စီးပွားရေး စနစ်ကြီးရဲ့ ရလဒ်တွေ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ သတိပေးမှုတွေကို အခုအချိန်ထိ လက်မခံကြတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေ အများအပြားရှိနေပြီး ရုပ်ကြွင်းလောင်စာ အလွန်အကျွံသုံးစွဲမှုနဲ့ အခြားသော သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ လုပ်ဆောင်မှုတွေကို ဆက်လက် လုပ်ဆောင်နေကြဆဲလည်း ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ဒီလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်တဲ့ နိုင်ငံတွေပဲ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံစားကြရတာမဟုတ်ဘဲ တကမ္ဘာလုံးက ခံစားကြရတာပါ။ ချမ်းသာတဲ့နိုင်ငံတွေ အနေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားရတဲ့အခါ ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးတို့ကို တတ်နိုင်တဲ့အနေအထား ရှိကြပေမဲ့ ဆင်းရဲတဲ့နိုင်ငံ၊ နိုင်ငံရေးအရ အကျပ်အတည်း၊ စစ်ပွဲထဲ နစ်နေတဲ့ နိုင်ငံတွေအဖို့ သဘာဝဘေးဒဏ်က ဒုက္ခအပေါ် ဒုက္ခထပ်ဆင့်ခံစားကြရတာမျိုး ဖြစ်ပါတယ်။

အခု လာမဲ့ရက်ပိုင်းတွေအတွင်း ရေကြီး၊ မြေပြိုတဲ့ အန္တရာယ်တွေ ကြုံတွေ့ရနိုင်ခြေရှိနေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းက ဒေသတွေဟာ အထက်က ဖော်ပြသလို စစ်ပွဲနဲ့ သဘာဝဘေးအန္တရာယ်တွေကို တပြိုင်တည်း ခံစားနေရတဲ့ ဒေသတွေ ဖြစ်တာကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar