တာပလု - Upper Man
တာပလု - Upper Man
မိုးမခ ၊ စက်တင်ဘာ ၂၇၊ ၂၀၂၆
မိုးစက်တွေနဲ့အတူ နယ်စပ်ရဲ့ ညနေခင်းတစ်ခုမှာ ခေါင်းစဉ်မဲ့ မှတ်တမ်းတစ်ခု ရှိခဲ့ဖူးတယ်။ “Upper Man” တဲ့။ “အပေါ်ကလူ” ပေါ့။
သူ့ကိုယ်သူ “အပေါ်ကလူ” လို့ နာမည်ပေးထားတဲ့ ထိုင်း–မြန်မာနယ်စပ်က လူတစ်ယောက်ဆီကို ကျနော်တို့ သွားခဲ့တဲ့ အဲဒီညနေဟာ အမှတ်တရတွေ အများကြီး ချန်ထားခဲ့တယ်။
အဲဒီနေ့က မိုးရွာနေတယ်။ မိုးရွာထဲမှာပဲ အပေါ်ကလူရဲ့ အိမ်ကို ကျနော်တို့ ဆိုင်ကယ်နဲ့ ထွက်လာခဲ့ကြတယ်။ အိမ်ရောက်တော့ အပေါ်ကလူက မြေစိုက်မီးဖိုခန်းလေးထဲမှာ ဟင်းချက်နေတယ်။ သူ့အမျိုးသမီးနဲ့ ကလေးတွေကတော့ အိမ်ပေါ်မှာ။
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ အပေါ်ကလူကို တစ်ယောက်က “ဘာတွေ ချက်နေတာလဲ” လို့ လှမ်းမေးတော့ အပေါ်ကလူက -
“ပဲချက်နေတာ” လို့ ပြန်ဖြေတယ်။
ပဲ။ တကယ်တော့ ကျနော် ပဲကို ကြိုက်တယ်။ တစ်ယောက်ယောက်က “ပဲကြိုက်လား” လို့ လာမေးရင် ပဲကို ဘယ်လောက်ကြိုက်ကြောင်း စာဖွဲ့ပြီး ပြန်ဖြေမိမှာပဲ။
ပဲဟင်းဆိုတာ မိသားစုအသုံးစရိတ်ကို စစ်စစ်စီစီ ချွေတာသုံးစွဲနေရတဲ့ အခြေခံလူတန်းစားတွေအတွက် ရိုးရှင်းပေမဲ့ အာဟာရရှိတဲ့ ဟင်းတစ်ခွက်ပါ။ တစ်ခါတလေမှာ ပဲဟင်းတစ်အိုးဟာ အစားအစာတစ်မျိုးထက် ပိုတယ်။
မိသားစုတစ်ခုရဲ့ ညစာဖြစ်သလို မနက်ဖြန်အတွက် မျှော်လင့်ချက်လေးတစ်ခုလည်း ဖြစ်နေတတ်တယ်။
တစ်ယောက်ယောက်က ကျနော့်ကို ကရင်ဖြစ်ပြီး အညာသားတစ်ယောက်လို ပဲကြိုက်တတ်တဲ့အကြောင်း ပြောရင်လည်း နားထောင်နေလိုက်တယ်။ ငယ်ဘဝနေ့ရက်တွေထဲ ဝါးမျှစ်ကို နပ်မှန်အောင် စားခဲ့ရပေမဲ့ ပဲကို နပ်မှန်အောင် မစားခဲ့ရတဲ့အကြောင်း ပြန်သတိရနေတုန်းပဲ။ အပေါ်ကလူလည်း ပဲကိုကြိုက်တာ အကြောင်းအရင်းတစ်ခုခုတော့ ရှိမှာပါ။
မီးဖိုခန်းထဲက အိုးကို မီးဖိုခွင်ပေါ်ကနေ အသာချရင်း သူက “ဟိုဘက်အဆောင်ကို သွားကြမလား” လို့ လှမ်းပြောတယ်။
အပြင်မှာတော့ မိုးက မစဲသေးဘူး။ အပေါ်ကလူက ပလတ်စတစ်အိတ် တစ်ထပ်၊ ပိတ်သားဦးထုပ်တစ်ထပ် ဆောင်းထားတယ်။ ကျနော်လည်း အပြင်ကလာကတည်းက ပလတ်စတစ်အိတ်ကို ခေါင်းစွပ်လာခဲ့တာဆိုတော့ ကျနော်တို့နှစ်ယောက်ရဲ့ တူညီခြင်းတစ်ခုက ခေါင်းပေါ်က ပလတ်စတစ်ဦးထုပ်တွေပဲလို့ ပြောလို့ရမယ်။
သူ ညွှန်ပြတဲ့ အဆောင်ထဲရောက်တော့ ပါလာတဲ့ ပုလင်းကို ထုတ်လိုက်ကြတယ်။ အနားမှာ အဆင်သင့်ရှိနေတဲ့ ဂီတာကို ယူပြီး အပေါ်ကလူက သီချင်းစဆိုတယ်။
သူ ဆိုတဲ့သီချင်းတွေထဲမှာ Sunday School မှာ ဆိုတဲ့ သီချင်းတွေပါတယ်။
အချစ်သီချင်းတွေ ပါတယ်။ ပြီးတော့ နှစ်ကျော့၊ သုံးကျော့ ပြန်ဆိုနေတဲ့ သီချင်းတစ်ပုဒ်လည်း ရှိတယ်။ အဲဒီသီချင်းကတော့ “ဘာဖြစ်ဖြစ်” ဆိုတဲ့ သီချင်းပဲ။
တေးရေး - မောင်မောင်ဇော်လတ်၊
တေးဆို - ဟန်ထွန်း၊ ဂျီလက်၊ သအို တို့ဆိုထားတာ။ အဲဒီညနေက ကျနော်တို့တွေ ဘယ်သူက ဟန်ထွန်း၊ ဘယ်သူက ဂျီလက်၊ ဘယ်သူက သအိုလဲတော့ မသိတော့ပါဘူး။ ကြုံသလို တွယ်ကြတာပဲ။
“ဘာဖြစ်ဖြစ်”
အဲဒီသီချင်းရဲ့ အနက်အဓိပ္ပာယ်ကို ကျနော် လက်လှမ်းမီသလောက် အနက်ဖွင့်ကြည့်တယ်။ ဘဝမှာ ဘာတွေပဲ ကြုံတွေ့ရပါစေ။ ဘယ်လိုအခက်အခဲတွေနဲ့ အမှောင်ထုတွေပဲ ရောက်လာပါစေ။
လူတစ်ယောက်ရဲ့ ဘဝဟာ သူ့အတိုင်းအတာနဲ့သူ တန်ဖိုးရှိနေတုန်းပဲ။ ဒါကြောင့် လောကထဲမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း နေဖြစ်သလောက်တော့ ကြံ့ကြံ့ခံပြီး အသက်ရှင်နေသင့်တယ်။
စိတ်ဓာတ်ကျစရာတွေ၊ ဝမ်းနည်းစရာတွေ ကြုံလာတိုင်း “သေပစ်လိုက်မယ်၊ ဘာထူးမှာလဲ” ဆိုတဲ့ အတွေးမျိုးကို မတွေးပါနဲ့ သူငယ်ချင်းရယ်။ ဘယ်နေ့မှာ ဘဝဆုံးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ လူတိုင်းဟာ တစ်နေ့နေ့မှာ ဒီလောကကြီးကို နှုတ်ဆက်ပြီး လမ်းခွဲကြရမှာပဲ။ ဒါဟာ သဘာဝတရားရဲ့ မလွှဲမရှောင်နိုင်တဲ့ နိယာမတစ်ခုပါ။
အေးအေးဆေးဆေး စဉ်းစားကြည့်ရင် ဘဝဆိုတာ ရရှိထားတဲ့ ခဏတာအတွင်းမှာတင် အမြတ်ကြီး ပေးနေပါတယ်။ အသက်ရှူနေရတဲ့ တစ်စက္ကန့်တိုင်းမှာ မင်းဟာ ဘာမှ မရှုံးနိမ့်သေးဘူး။ ဘဝဟာ အသက်ရှင်နေရတာနဲ့တင် တန်ဖိုးရှိပြီးသားပါ။
အမှောင်ထုကြီးထဲမှာ နေထိုင်ရတဲ့အခါ လမ်းပြပေးမယ့် အလင်းရောင်ဆိုတာ အမြဲရှိနေမှာပါ။ ဘဝရဲ့ အမောအပန်းတွေကို ပြေပျောက်စေဖို့ အားပေးကူညီမယ့်သူတွေ၊ သံယောဇဉ်ရဲ့ အနွေးဓာတ်နဲ့ မေတ္တာတရားတွေဆိုတာလည်း တစ်နေရာရာမှာ ရှိနေပါတယ်။
ငါတို့တတွေ ဒီလောကကြီးမှာ မရှိတော့တဲ့အခါ ကမ္ဘာကြီးကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူး။ လူအသစ်တွေ၊ အဆက်အနွယ်အသစ်တွေနဲ့ ဆက်ပြီး လည်ပတ်နေဦးမှာပဲ။ မျှော်လင့်ချက်အသစ်တွေကို မွေးဖွားရင်း အိပ်မက်အသစ်တွေကို ဆက်မက်နေကြဦးမှာပါ။
သီချင်းစာသားထဲက ကျနော့်ရင်ထဲကို တန်းတန်းမတ်မတ် ရောက်လာတဲ့ စကားစုကတော့ “ဒီအမှောင်ထဲ နေဖို့ အလင်းရှိမယ်” ဆိုတာပဲ။
အဲဒီနေရာက လျှပ်စစ်မီးမရဘူး။ သောက်သုံးရေရဖို့တောင် ခက်ခဲတဲ့နေရာပဲ။ ဒီအမှောင်ထဲမှာ အခက်အခဲတွေကြား နေထိုင်ဖို့အတွက် အလင်းရောင်ရှိတယ်ဆိုတာကို အပေါ်ကလူက အပြည့်အဝ ယုံကြည်ထားပုံရတယ်။
ကျနော်တို့ သီချင်းဝိုင်းရဲ့ အလယ်တည့်တည့်မှာ ဖယောင်းတိုင်မီးညွန့်လေးက လေတိုးတိုင်း ဟိုယိမ်းဒီယိမ်း လှုပ်နေတယ်။ အဲဒီမီးညွန့်လေးဟာ အဆောင်တစ်ခုလုံးကို မလင်းစေနိုင်ဘူး။ ဒါပေမဲ့ အမှောင်ထဲမှာ အတူထိုင်နေကြတဲ့ လူတွေရဲ့မျက်နှာကိုတော့ မြင်ရအောင် လင်းပေးနိုင်တယ်။
တစ်ခါတလေ အလင်းဆိုတာ မိုးကောင်းကင်ပေါ်က ကြီးမားတဲ့ နေမင်းကြီးမဟုတ်ဘူး။ ဖယောင်းတိုင်မီးလေးတစ်စ၊ ပဲဟင်းတစ်အိုး၊ ဂီတာကြိုးတစ်ချောင်း၊ အချင်းချင်း ပြောလိုက်တဲ့ အားပေးစကားတစ်ခွန်းလောက်နဲ့တင် လူတစ်ယောက်ရဲ့ ညကို ဆက်လက်ဖြတ်သန်းနိုင်အောင် လင်းပေးနိုင်ပါတယ်။
အဲဒီလို အလင်းမျိုးတွေကို လူတိုင်းက ကိုယ်စီကိုယ်စီ သယ်ဆောင်ထားကြတာပါ။ တချို့က စကားနဲ့ သယ်တယ်။ တချို့က သီချင်းနဲ့ သယ်တယ်။ တချို့က ပဲဟင်းအိုးလေးတစ်အိုးနဲ့ သယ်တယ်။
ကျနော်လည်း အဲဒီညက သီချင်းစာသားထဲကအတိုင်း အမှောင်ထဲမှာ အသက်ရှင်ဖို့ အလင်းဆိုတာ ရှိကြောင်း သိနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအသိကို အခြားသူတစ်ယောက်ကို နားလည်အောင် ရှင်းပြဖို့ကတော့ ခက်ပါတယ်။
အဲဒီနောက်မှာတော့ အပေါ်ကလူနဲ့ ကျနော်တို့ တစ်ယောက် တစ်နေရာစီ လူချင်းကွဲကွာသွားကြတယ်။
ဖုန်းစခရင်ပေါ်ကနေ ပထမဆုံး ဆက်သွယ် စကားပြောဖြစ်တဲ့နေ့မှာ အပေါ်ကလူက သူတာဝန်ကျနေတဲ့ ကင်းတဲလေးပေါ်ကနေ ကျနော့်ကို စကားလှမ်းပြောတယ်။
“ဘာဖြစ်လို့ အပေါ်ကလူကို ‘အုပ်ကြီး’ လို့ ခေါ်ကြတာလဲ” လို့ ကျနော် မေးကြည့်တော့ သူက အရင်တုန်းက ကျောင်းဆရာတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့အကြောင်း၊ ကျောင်းအုပ်ကြီး ဖြစ်ခဲ့ဖူးတဲ့အကြောင်း ပြောပြလာတယ်။
ဒါပေမဲ့ အဲဒီကျောင်းအုပ်ရာထူးကို သူ ကြာကြာမလုပ်ခဲ့ပါဘူး။
သူ ယုံကြည်ရာ တော်လှန်ရေးနဲ့ အမှန်တရားအတွက် စာသင်ကျောင်းဆို တဲ့ ခေါင်မိုးအောက်ကနေ သူ ထွက်ခွာလာခဲ့တာပါ။
“အဲဒီနေရာမှာ အချိန်ကြာကြာဖြစ်ဖို့ အကြောင်းမပါလာလို့နေမှာပါ” လို့ ကျနော် ပြောလိုက်တော့ သူက အဲဒီစကားကို သဘောကျတယ်လို့ ပြန်ပြောတယ်။
အရာတစ်ခုမှာ အချိန်ကြာကြာ ရှိနေဖို့ ကံတရားနဲ့ အကြောင်းတရား မရှိတဲ့အခါ တစ်နေရာမဟုတ် တစ်နေရာကို ထွက်ခွာသွားရတာပဲ။ အပေါ်ကလူကတော့ အဲဒီလို ထွက်ခွာခြင်းကို ဆုံးရှုံးမှုတစ်ခုလို မမြင်ဘူး။ ယုံကြည်ရာအတွက် ရွေးချယ်လိုက်တဲ့ လမ်းတစ်လမ်းလို့ပဲ မြင်ပုံရတယ်။
စကားပြောနေရင်းကနေ သူ ကင်းစောင့်နေရင်း လောလီပေါ့ပ် ငုံထားတယ်လို့ ပြောတယ်။ ပြီးတော့ ပါးစပ်ထဲက အချိုလုံးလေးကို အသာထုတ်ပြတယ်။
ကင်းတဲပေါ်မှာ၊ လက်နက်တစ်ခုကို ကိုင်စွဲထားရချိန်မှာတောင် ကလေးတစ်ယောက်လို အချိုလုံးကို ငုံထားနိုင်တဲ့ သူ့ရဲ့ ပေါ့ပါးခြင်းကို ကျနော် လှမ်းမြင်ရတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ရှိအောင် ဖန်တီးယူတတ်တဲ့သူပဲလို့ စိတ်ထဲကပဲ မှတ်ချက်ချမိတယ်။
သူ ဂီတာတီးပြီး သီဆိုတဲ့သီချင်းစာသားထဲက စကားလုံးက ပဲ့တင်ထပ်နေတုန်းပါပဲ။
“ဘာဖြစ်ဖြစ်… ဒီအမှောင်ထဲ နေဖို့ အလင်းရှိမယ်”။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar