Breaking News

နန္ဒအောင် - စာပေမှတ်တမ်းထဲက စာပေဟောပြောပွဲနဲ့ မကွေး

မကွေးတက္ကသိုလ်( Photo-Credit)

စာပေမှတ်တမ်းထဲက စာပေဟောပြောပွဲနဲ့ မကွေး
နန္ဒအောင်
(မိုးမခ)စက်တင်ဘာ ၂၈၊ ၂၀၂၆


ဒီဘက်ခေတ်မှာတော့ စာပေဟောပြောပွဲတွေဟာ ဆယ့်နှစ်ရာသီ မြို့တိုင်း၊ ရွာတိုင်းမှာ ကျင်းပနေကြပါပြီ။ အရင်ခေတ်တုန်းကတော့ စာပေဟောပြောပွဲဆိုတာ စာဆိုတော်နေ့ကျမှသာ ကျင်းပကြတာ။အဲဒီကနေတဆင့် စာဆိုတော်နေ့လို့သတ်မှတ်ထားတဲ့ နတ်တော်လဆန်း (၁) ရက်နေ့ကနေပြီး နတ် တော်လ (၁) လလုံးလုံး စာပေဟောပြောပွဲတွေ ကျင်းပဖြစ်ကြပြန်‌ရော။ အခုတော့ နတ်တော်လတင်မက ဆယ့်နှစ်လလုံးလုံး ကျင်းပနေကြပြီ။စာဖတ်တဲ့အကျိုးကျေးဇူးကြောင့်  ဦးပုညနေ့ကနေမှ စာဆိုတော်နေ့ဖြစ်ပေါ်လာတာကို သိရတော့တယ်။ ဦးအေးနိုင်ရဲ့  'ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာ ရာသီပွဲ တော်များ' စာအုပ်ကျေးဇူးကြောင့် စာဆိုတော်နေ့အစဖြစ်တဲ့ ဦးပုညနေ့ဖြစ်ပေါ်လာတဲ့အကြောင်းကို သိခွင့်ရတော့တယ်။

ဦးပုညနေ့အစက ဂျပန်ခေတ်က။ ဂျပန်ခေတ်တုန်းက ပညာတံခွန်အသင်း လက်အောက်က ပညာစွယ်စုံ ကျမ်းပြုဌာနရုံးကို ကွမ်းခြံကုန်းဘက်ကို ပြောင်းရွှေ့ထားတာပါ။ တနေ့မှာ ဆရာတက်တိုးနဲ့  ဦးယုဆိုင်တို့ဟာ ရုံးကိုသွားတဲ့လမ်းမှာ ရှိတ်စပီးယားအကြောင်း ပြောကြရင်း ဆရာတက်တိုးက`အင်္ဂလိပ်တွေဟာ ရှိတ်စပီးယားပွဲတော် လုပ်သလို၊ ကျွန်တော်တို့ကလည်း ဦးပုညပွဲတော် လုပ်ကြတာပေါ့´လို့ ပြောတယ်။ ဆရာတက်တိုးတို့ နှစ်ယောက်ဟာ ရုံးရောက်တဲ့အထိ အဲဒီအကြောင်းအရာကိုလက်စမသတ်နိုင်သေးဘဲ၊ တခြားလုပ်ဖော်ကိုင်ဖက်များကပါ ဝင်ဆွေးနွေးကြရင်းကနေ `ဦးပုည နေ့´ကျင်းပဖို့ ဖြစ်လာကြတာပါ။ ဦးပုညရဲ့ မွေးနေ့ဖြစ်တဲ့ ကဆုန်လဆန်း ၁၃ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ဖို့ မြန်မာ့အလင်းသတင်းစာမှာထည့်ပြီး နှိုးဆော် ထားတာသိရတယ်။ ဦးပုညနေ့ကျင်းပပြီးသိပ်မကြာခင်မှာပင် စာဆိုတော်နေ့ဖြစ်ပေါ်လာဖို့အကြောင်းဖန်လာတယ်လို့ ဦးအေးနိုင်(ဘီအေ)က ဆိုပါတယ်။`အဲဒီခေတ်တုန်းက ပညာ၊ ကျန်းမာ၊ စည်ပင် ဝန် ကြီးတဦးရဲ့အိမ်အပေါ်ထပ်မှာ မြန်မာပညာရှိများကိုပင့်ဖိတ်ပြီး မြန်မာပညာကျော်များကို အသိအမှတ် ပြုသည့်နေ့တနေ့ သတ်မှတ်ဖို့ဆွေးနွေးကြတာ´ လို့ ဦးအေးနိုင်(ဘီအေ)ရဲ့ မှတ်တမ်းတွေအရ သိရ တယ်။ အဲဒီဆွေးနွေးပွဲရဲ့ အဓိကအချက်က ' ဦးပုညနေ့အစား မြန်မာစာဆိုတော်နေ့တနေ့ ရွေးချယ်သတ်မှတ်ဖို့' လို့ သိရတယ်။ အဲဒီအစည်းအဝေးကို ဆရာကြီးဦးဖေမောင်တင် အပါအဝင် စာပေပညာရှင်ကြီးတွေ ( ၁၁ )ယောက်တက်ကြတယ်။' အဲဒီနေ့ အစည်းအဝေးကိုမလာနိုင်တဲ့ ဆရာကြီးဦးလင်းက သွားရလာရခက်တဲ့ မိုးရာသီမှာ စာဆိုတော်နေ့ကိုမရွေးချယ်ဖို့ စာနဲ့ မေတ္တာရပ်ခံထားတယ် ' လို့ ဦးအေးနိုင်ရဲ့ စာအုပ်ထဲမှာ ဖတ်ရတယ်။

ဂျာနယ်ကျော်ဦးချစ်မောင်က 'ရှေးမြန်မာဘုရင်တွေ လက်ထက်တုန်းက နတ်တော်လဆိုရင် စစ်ဘက်၊ စာပေဘက်တို့က ထူးချွန်တဲ့ပညာရှင်တွေနဲ့ မင်းညီမင်းသား၊ မှူးမတ်တွေကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်တဲ့ အစဉ်အလာရှိခဲ့တယ်။ ထိုအစဉ်အလာအတိုင်း နတ်တော်လရဲ့နေ့တနေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်ဖို့' အဆိုပြုတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်အဆိုတင်သွင်းအကြံပေးတဲ့အတိုင်း နတ်တော်လဆန်း (၁)ရက်နေ့ကို "စာဆိုတော်နေ့" အဖြစ် အစည်းအဝေးက သတ်မှတ်အတည်ပြုခဲ့ကြတာပါ။ ဪ မြန်မာစာပေလောကအပေါ် ဆရာကြီး ဦးဖေမောင်တင်တို့၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့ကော အစည်းအဝေးတက်တဲ့ပညာရှင်ကြီးတွေရဲ့ ကျေးဇူးကော ကြီးလေစွ။

စာဆို‌တော်နေ့ဖြစ်တဲ့ (၁)ရက်ကိုပဲ စာပေဟောပြောပွဲတွေကျင်းပရာကနေ နတ်တော်လ (၁)လလုံး စာပေဟောပြောပွဲတွေကျင်းပဖြစ်သွားတာက လူထုဦးလှတို့ နှိုးဆော်လို့ပဲ။ (၁) ရက်ထဲက နယ်အစုံ၊ဒေသအစုံမရောက်နိုင်ဘူးလေ။ အခုတော့ နတ်တော်လ (၁) လတင် ဘယ်ဟုတ်တော့မလဲ၊ ဆယ့်နှစ်ရာသီလုံးနီးပါး လုပ်နေကြပြီ။

အရင်တုန်းက မန္တလေးမီးရထား စာပေဟောပြောပွဲဆိုတာ အရမ်းနာမည်ကြီးတယ်လို့ ကြားဖူးတယ်။ကျွန်တော်ကတော့ အဲဒီခေတ်ကို မမီပါ။ အခုခေတ် စာပေဟောပြောပွဲနဲ့ အရင်ခေတ်စာပေဟော ပြောပွဲတွေက အကြောင်းအရာတော့ သိပ်တူမယ် မထင်ပါ။ အရင်ခေတ်တုန်းက စာပေဟောပြောပွဲပြီးရင် စာရေးသူနဲ့ စာဖတ်သူရဲ့ စာပေဆွေးနွေးပွဲတွေရှိတာ တွေ့ရတယ်။ စာဖတ်သူတွေရဲ့ အပြင်းထန်ဆုံးဆွေးနွေးတဲ့အကြောင်းအရာက 'အပေါစား အပျော်ဖတ်စာပေတွေထုတ်ဝေတဲ့ အကြောင်းအရာ' လို့ သိရတယ်။ ကျွန်တော်ကတော့ အဲဒီခေတ်စာပေရေချိန်၊ အဲဒီခေတ်အခါက ခေတ်စားနေတဲ့ စာပေသဘောတရားတွေ၊ နိုင်ငံ‌ရေးသဘောတရားတွေနဲ့လည်း ဆိုင်မယ်ထင်တယ်။

ကျွန်တော်ကြိုက်တဲ့ စာရေးဆရာထဲမှာပါတဲ့ ဆရာကြီးသော်တာဆွေဆိုရင် ဟာသစာ‌ပေတွေ အရေးများတယ်၊ အရေးသွက်တယ် ဆိုတာစာဖတ်ပရိတ်သတ်တိုင်း သိပါတယ်။ ဟာသစာ‌ပေတွေ ရေးတဲ့ စာရေးဆရာဖြစ်တိုင်း စာပေဟောပြောပွဲကြ အပြောသွက်မယ်၊ အရွှန်းဖောက်မယ်လို့ တွေးထားလို့မရပါ။ ' စာရေးဆရာကြီးသော်တာဆွေဆိုပြီး ပရိတ်သတ်တွေက သူရဲ့ဟာသစာပေတွေအကြောင်း ကြားရဖို့အားခဲမျှော်လင့်ထားကြတာ၊၊ ဘယ်ဟုတ်လိမ့်မလဲ၊ တိုက်ပုံအနက်ကြီးဝတ်ပြီး စင်ပေါ်တက်လာ သူဆိုဗီယက်သွားခဲ့တဲ့ ဟိုမှာကြုံခဲ့ရပုံအကြောင်းတွေကို ဗလုံးဗထွေး၊ မျက်နှာကြီးက မပြုံးမရယ်၊ ဟောပြောတဲ့အကြောင်းအရာကလည်း စိတ်ဝင်စားစရာ အလွန်မကောင်း ' လို့ ဆရာသော်တာဆွေရဲ့ စာပေဟောပြောပွဲပုံရိပ်ကိုအတူတူသွား ဟောပြောဖူးတဲ့ ဆရာချစ်ဦးညိုက "ဆရာတို့ကိုသာလွမ်း" စာအုပ်ထဲမှာ ရေးထားတာ ဖတ်ဖူးတယ်။ ဆရာချစ်ဦးညိုက 'ဒါတောင် ဆရာသော်တာဆွေအရှိန်အဝါကြောင့် ပရိတ်သတ်က ဆင်းပါတော့၊ တော်ပါတော့လို့ အအော်မခံရတာ'လို့ သူ ထင်မြင်ချက်ကို ရေးထားသေးတယ်။

ဆရာအီကြာကွေးကြတော့ သရော်စာတွေအရေးကောင်းသလို စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာလည်း တကယ်အပြောကောင်း၊ အဟောကောင်းပဲ။ ဆရာကွေးရဲ့ အဟောအပြောကောင်းတာက တော့ 'ရယ်စရာဗာရှင်း' ဟောပြောပွဲ ရုပ်သံဖိုင်ထဲကော၊ ဆရာကွေးနဲ့ စာပေဟောပြောပွဲ အတူတူသွားဖူးတဲ့သူတွေ ရေးတာတွေထဲလည်း ပါပါတယ်။ ဆရာမြသန်းတင့်လည်း စာပေဟောပြောပွဲကြတော့ အဟောအပြောသွက်တယ်လို့ ပြောရမယ်။

စာပေဟောပြောပွဲသွားတဲ့ မှတ်တမ်းတွေကိုဖတ်မိရင် လမ်းခရီးအခက်အခဲတွေကို ဖတ်ခွင့်၊ သိခွင့် ရ ကြမှာပါ။ အဲဒီလို ဖတ်ခွင့်၊ သိခွင့်ရကြတာနဲ့တပြိုင်နက် စာရေးဆရာတွေရဲ့ အိမ်တွေထဲမှာပဲ စာပေဖန်တီးနေရုံမက၊ အပြင်ဘဝထဲထိ ထဲထဲဝင်ဝင်လေ့လာတတ်တဲ့  စာပေစိတ်ထက်သန်မှုတွေကိုလည်း တွေ့ကြရမှာပါ။ စာရေးဆရာတွေရဲ့ မှတ်တမ်းတင်မှုအရ 'ဒေသခံတွေရဲ့ စေတနာထက်သန်တဲ့ ဓလေ့တွေကိုလည်း' စာဖတ်သူတွေ သိခွင့်ရကြမှာပါ။ လမ်းခရီးမှာ ကားပျက်ရင် အနီးနားရွာက ထမင်းထုပ်တို့၊ ရေတို့ ပို့ပေးလေ့ရှိတဲ့ ဓလေ့တွေ တွေ့ရတယ်။ ဆရာမင်းကျော်က 'သူရယ်၊ ဆရာနတ်နွယ်ရယ်၊ မောင်နေဝင်းရယ် သုံးယောက် ချင်းပြည်နယ်ဘက် စာပေဟောပြောပွဲသွားတုန်းက လမ်းမှာကားပျက်လို့ နားစရာမရှိ၊ စားစရာမရှိလို့ လျှောက်ရှာကြတုန်း ဇရပ်တခုတွေ့လို့ အကျိုးအကြောင်း ရှင်းပြတော့ အမျိုးသမီးကြီးက ရွာဘက် ထွက်သွားတယ်။ ခ‌ဏနေတော့ ထမင်းထုပ်လက်မှာဆွဲပြီး ရေအိုးခေါင်းမှာရွက် ပြန်လာတယ်။ သူတို့လည်း အဲဒီအမျိုးသမီးကြီးယူလာပေးတဲ့ ထမင်းကို အားရပါးရစားတဲ့အကြောင်း'ကို ရွာဘက်တွေက လူတွေရဲ့  စေတနာကရုဏာရသကိုပေါ်လွင်အောင် မှတ်တမ်းတင် ရေးထားတယ်။

တခါတလေကျ လမ်းက ကြမ်းတမ်းလွန်းတော့ စာပေဟောပြောပွဲသွားတဲ့ စာရေးဆရာတွေအဖို့ အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ကြုံရတတ်တယ်။ တခါ ဆရာသော်တာဆွေရယ်၊ ဆရာနတ်နွယ်ရယ်၊ ဆရာအီကြာကွေးရယ် တောင်ကုတ်ကနေ သံတွဲဘက်ကို ကားနဲ့အသွား ကားမှောက်ပြီး ဆေး ရုံ‌ရောက်သွားသေးတယ်။ 'လမ်းလုပ်သားတွေနဲ့ ကျောင်းကုန်းကျေးရွာက လူတွေက သူတို့ကို စောင့် ရှောက်ပြီး ဆေးရုံပို့ပေးတယ်' လို့ ဆရာနတ်နွယ်က ဆရာသော်တာဆွေ အမှတ်တရမှ ရေးဖူးတယ်။

နောက်တခုတွေ့မိတာက ဆရာမင်းကျော်၊ နတ်နွယ်၊ မောင်နေဝင်း၊ ဆရာမြသန်းတင့်တို့ စာပေဟော ပြောပွဲ တပွဲကို ရထားနဲ့သွားတော့မယ်ဆိုရင် ဝင်းဦးရဲ့ 'စန္ဒာမဂ္ဂဇင်း'မှာ စုရပ်လုပ်ကြလေ့ရှိတယ်။ စန္ဒာမဂ္ဂဇင်းတည်နေရာက "ဘားလမ်း" ထဲမှာကိုး။ ဝင်းဦးနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတာ‌ရော၊ ဘားလမ်းနဲ့ရန်ကုန်ဘူတာကြီးက နီးတာရောဆိုတော့ စန္ဒာမဂ္ဂဇင်းမှာ စုရပ်လုပ်ကြတာပါ။ ဘာပဲပြောပြော စာရေးဆရာတွေရဲ့ စာပေဟောပြောပွဲသွားမှတ်တမ်းတွေကြောင့် ဒေသအကြောင်းလေးတွေ သိရတယ်။ တချို့မှတ်တမ်းတွေက သမိုင်းဆိုင်ရာတွေ ဖြစ်သွားတယ်။ စာ‌ပေဟောပြောပွဲ မှတ်တမ်းတွေ ဖတ်ရင်းဖတ် ရင်းနဲ့ မကွေးက စာပေဟောပြောပွဲတွေအကြောင်း ဟိုဟိုဒီဒီမှာတွေ့ရတယ်။ မကွေးမြို့က စာပေဟောပြောပွဲတွေအကြောင်း ရေးချင်လာတယ်။

မကွေးစာပေဟောပြောပွဲသမိုင်းရဲ့ အစက ၁၉၆၃ ခုနှစ်ထဲမှာပါ။ မ‌ကွေးဝင်းမြင့်၊ သတင်းထောက် ဦးအုန်းတို့က ဦးဆောင်တာလို့ပြောလို့ရတယ်။ ဆရာသိန်းဖေမြင့်၊ ဆရာဇဝန၊ ဆရာသော်တာဆွေတို့ ပြည်သူ့ဘဝလေ့လာရေးအစီအစဉ်အရ တောင်တွင်းကြီးကိုလာတုန်းက မကွေးဝင်းမြင့်၊သတင်း ထောက်ဦးအုန်း၊ ကိုရဲလှ၊ ကိုအောင်မြတ်ကျော်တို့က မကွေးကိုစာပေဟောပြောပွဲ လာရောက်ဖို့ သွားဖိတ်ခေါ်ကြတာပါ။ ဆရာသိန်းဖေမြင့်နဲ့ ဆရာဇဝနတို့က စာရေးဆရာ (၆)ယောက် မကွေးကို လိုက်သွားဖို့ စီစဉ်ပေးလိုက်တယ်။ အဲဒီ (၆)ယောက်က 'ဆရာမောင်နေမျိုး၊ ညိုဝင်း(အမျိုးသားစာပေဆုရ)၊ ဓနုဖြူကျော်မင်း၊ ထွန်းထွန်း(ဆေးသိပ္ပံ)၊ မောင်စင်ကြည်နဲ့ စာရေးဆရာမ တောကမိသန်း' တို့ ဖြစ်တယ်။ ၃၀.၃.၁၉၆၃ ရက်နေ့ မနက်ပိုင်း (၁၁) နာရီမှာ ဦးဘလူတို့၊ တက္ကသိုလ်ဆုမြိုင်ရဲ့ဇနီး မကွေးမြို့ရဲ့ ချစ်ကြောက်ရိုသေရတဲ့ ဆရာမကြီး ဘွားဒေါ်သန်းတင်တို့ အစုအစပ်ပိုင်ကြတဲ့ ရွှေဒင်္ဂါးရုပ်ရှင်ရုံကြီးမှာ မကွေးမြို့ရဲ့ ပထမဆုံးစာပေဟောပြောပွဲကြီးကို ကျင်းပခဲ့ဖြစ်တာပါ။

မကွေးသားတပိုင်းလို ဖြစ်နေတယ်၊မကွေး သံယောဇဉ်ရှိတယ်လို့ သူကိုယ်တိုင်ရေးဖူးတဲ့ ဆရာမင်းကျော်ဟာ မကွေးကို စာပေဟောပြောပွဲကိစ္စနဲ့ ခဏခဏလာဖူးတယ်။ ဆရာမင်းကျော်အဖေ 'ဦးဘလှိုင်' ဆိုတာ မကွေးဇာတိ၊ မကွေးသား တယောက်ပါ။ ဆရာမင်းကျော်ရဲ့ဘဝတက္ကသိုလ် စာအုပ်တိုက်ထုတ် 'မြစ်များ၏တောင်၊ တောင်များ၏ အရှေ့နှင့်အနောက်' စာအုပ်ထဲမှာ မကွေးအကြောင်း ပါလာတာ တွေ့ရတယ်။ မကွေးက တခြားမြို့တွေနဲ့ မတူဘဲ စာဆိုတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲတွေကို စာဆိုတော်ရာသီ( နတ်တော်လ ) နောက်ပိုင်းတွေကျမှ ကျင်းပတဲ့ဓလေ့ရှိတာလေးကိုလည်း သိရတယ်။

မကွေး‌ကောလိပ်နဲ့ လွတ်လပ်ရေးကွင်းကိုစာပေဟောပြောပွဲ လာပြောတဲ့လူတွေက 'ဆရာကြီးဦးရန်အောင်၊ ပျဉ်းမနား မောင်နီသင်း၊ ဆရာမင်းကျော်နဲ့ ရွှေကူမေနှင်း' တို့ပါ။ မကွေးကောလိပ်ကတော့ တက္ကသိုလ်ဘုန်းနိုင် အပါအဝင် စာရေးဆရာတော်တော်များများ လာဟောပြောဖူးပါတယ်။ ဆရာကြီးဦးရန်အောင်တို့၊ ဆရာမင်းကျော်တို့လာတုန်းက တရက်ထဲ နှစ်ပွဲဟောပြောရတာပါ။ မကွေးကောလိပ်မှာအရင်ဟောပြီးမှ လွတ်လပ်ရေးကွင်းမှာ ထပ်ဟောရတာပါ။ အရင်ခေတ်တုန်းက စာပေဟောပြော ပွဲကို ကျောင်း၊ ရုပ်ရှင်ရုံ၊ စက်ရုံ၊ လမ်းပေါ်မှာ ကျင်းပလေ့ရှိတာ တွေ့ရပေမယ့်၊ လွတ်လပ်ရေးကွင်းထဲမှာ ကျင်းပတာမျိုးက ရှားသလားလို့။ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြီးခါစမလို့လည်း ထင်တယ်။ လဆရာမင်းကျော်က 'မကွေး လွတ်လပ်ရေးကွင်းက ဟောပြောပွဲ စင်ကြီးမှာ ဟည်းနေပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနားတုန်းက အလံတော်ရပ်နားရာ စင်မြင့်လည်းဖြစ်လို့ ကြီးကျယ်ခမ်းနားတယ်'လို့ ရေးထားပါတယ်။ ဆရာမင်းကျော်ကတော့ မကွေးစာဖတ်ပရိတ်သတ်ရဲ့ စာပေစိတ်အားထက်သန်မူ့ကို 'ပရိတ်သတ်ကလည်း ခါတိုင်းလိုပင် များလှပါသည်။ ဆောင်းငွေ့ မပြယ်တတ်သေးသော အအေးဒဏ်ကို သူတို့မမှု။  ည ၁၂ နာရီထိုးလုထိ ပရိတ်သတ် လျော့မသွား' လို့ ချီးကျူးရေးဖွဲ့ထားတယ်။

မကွေးလွတ်လပ်ရေးကွင်းရဲ့ နေရာက နယ်ခံတွေအတွက်တော့ အထွေအထူး ပြောပြစရာမလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်ရေးတဲ့စာက မကွေးဒေသခံတွေအတွက်တင် ရည်ရွယ်တာမဟုတ်တော့၊ လွတ်လပ် ရေးကွင်းရဲ့တည်နေရာကို နည်းနည်း ပြောချင်တယ်။ လွတ်လပ်ရေးကွင်းဆိုတာက မကွေးမှာတော့ လွတ်လပ်ရေးပန်းခြံလို့ ခေါ်တယ်။ လွတ်လပ်‌ရေးကွင်းက ဗိုလ်ချုပ်ကြေးရုပ်ကြီးရှိတဲ့ ဗိုလ်ချုပ်ပန်းခြံနဲ့ မျက်နှာချင်းဆိုင်က ပန်းခြံကြီးပါ။အာဇာနည်နေ့ အခမ်းအနားတွေလုပ်ရင် ဗိုလ်ချုပ်ပန်းခြံထဲမှာပဲ ကျင်းပလေ့ရှိတယ်၊ လွတ်လပ်ရေး ပန်းခြံထဲမှာ မကျင်းပဘူး။ ဗိုလ်ချုပ်ပန်းခြံနားက အဖြစ်အပျက် သမိုင်းအကြောင်းအရာတွေက မြန်မာ့လွတ်လပ်ရေးသမိုင်းထဲမှာ အခိုင်အမာရှိနေပါတယ်။ ဗိုလ်ချုပ်ပန်းခြံရဲ့ မြောက်ဘက်မျက်နှာချင်းဆိုင်မှာက မြို့နယ်စည်ပင်ရုံးကြီးရှိတယ်။ အဲဒီ စည်ပင်ရုံးဝင်းကြီးနေရာက အရင်တုန်းက မကွေးထောင်ကြီးပါ။ ၁၃၀၀ပြည့် အရေးတော်ပုံလို့ ပြောကြတဲ့ ရေနံမြေ သပိတ်တုန်းက မကွေး မဲထီးကျောင်းတိုက်ထဲမှာအဖမ်းခံရတဲ့ သခင်ဗဟိန်းတို့ကို ဖမ်းဆီးထားတဲ့ ထောင်ကြီးပေါ့။ မဲထီးကျောင်းတိုက်ထဲမှာ ပိတ်မိနေတဲ့ ရေနံမြေလုပ်သားတွေ ဖောက်ထွက်နိုင်ဖို့ အချိန်းအချက် ကြိုတင်လုပ်ထားတဲ့အတိုင်း သခင်ဗဟိန်းက မကွေးထောင် ခေါင်မိုးဖောက်ပြီး၊ခေါင်မိုးပေါ်က‌နေ တရားဟောတယ်။ မကွေးသား ဆားစည့်ရပ်ထဲက သခင်တင်ဦးတို့က ကျောင်းသားတွေ စုပြီး ဗိုလ်ချုပ်လမ်းဘက်၊ထောင်အရှေ့ဘက်ကနေ ထောင်ကို ဝိုင်းထားတယ်။ မဲထီး‌ကျောင်းတိုက်ထဲက ရေနံမြေလုပ်သားတွေကိုပိတ်ဆို့ထားတဲ့ပလိပ်အဖွဲ့ကြီးက ထောင်ထပြီးအထင်နဲ့ မကွေးထောင်ဘက်ပြန်ပြေးတော့ လမ်းကြောင်းပွင့်သွားပြီး သခင်ဖိုးလှကြီးတို့ရေနံမြေတပ်သားတွေက တခါတည်း ချီတက်သွားကြတာပါ။ ဒါကြောင့်မလို့ မကွေး ဗိုလ်ချုပ်ပန်းခြံနားက အဖြစ်အပျက်တွေက မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အခိုင်အမာ ရှိနေတယ်လို့ ပြောတာပါ။

ရောင်စုံသူပုန်ခေတ်လို့ ခေါ်ကြတဲ့ ခေတ်တုန်းက တောင်တွင်းကြီးက စာရေးဆရာ ဦးအောင်သင်းလည်း ဗိုလ်ချုပ်ပန်းခြံနဲ့ မျက်နှာချင်းဆိုင် မကွေးထောင်ကြီး(အခု မြို့နယ်စည်ပင်ရုံး)မှာ နေသွားဖူးတယ်။ ဦးအောင်သင်းက မကွေးကောလိပ်မှာလည်း နေသွားဖူးတယ်။ ဦးအောင်သင်းတယောက် မကွေးကောလိပ်မှာ ကျောင်းတက်နေတုန်းက စည်ပင်ရုံးရှေ့မှာ ‌အမြှောက်ကြီးတလက်၊ အမြှောက်သေးတလက် စုစုပေါင်း(၂) လက်ရှိတယ်။ ဦးအောင်သင်းက 'တပ်မတော်မော်ကွန်းတိုက်နဲ့ ယဉ်ကျေး မှုဌာန' အကူအညီနဲ့ စည်ပင်ရုံးရှေ့က အမြှောက်ကြီးတလက်ကို တောင်‌တွင်းကြီး သယ်‌ဆောင်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ဦးအောင်သင်းတို့က တောင်တွင်းကြီးမှာ 'ရှေးဟောင်းရာဇဝင်နဲ့ သမိုင်း ယဉ်ကျေးမှု' အဖွဲ့ နာမည်နဲ့ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းနေတဲ့ ကာလပေါ့။ စည်ပင်ရုံးရှေ့က အမြှောက်ကြီးတလက်ကတော့ ဦးအောင်သင်းတို့ တောင်တွင်းကြီးပါသွားတယ်။ ကျန်ခဲ့တဲ့အမြှောက်အသေးလေးကကော ဘယ်ရောက်သွားလဲ ကျွန်တော့်အနေနဲ့ ရှာဖွေမိတယ်။ ဦးအောင်သင်းတို့လည်း ရှေးဟောင်းပစ္စည်းတွေ စုဆောင်းထိန်းသိမ်းဖို့ဆိုပြီး အမြှောက်ကြီးကို သယ်သွားတယ်။ကျွန်တော်တို့ မကွေးသားတွေလည်း ကျန်ခဲ့တဲ့ အမြှောက်သေးလေး တလက်ကို ထိန်းသိမ်းထားပြီး သမိုင်းကြောင်းဖြစ်ဖြစ်၊ ဘယ်နေရာတွေ အဆင့်ဆင့် ရွှေ့ခဲ့လဲဆိုတာတွေ မှတ်တမ်းအနေနဲ့ လုပ်ဆောင်ထားသင့်တယ်။ အခု‌တော့ စည်ပင်ရုံးရှေ့က ကျန်ခဲ့တဲ့အမြှောက်သေးတလက်ဆိုတာ ဘယ်ရောက်နေလဲမသိရပါ။ မကွေးကောလိပ်ခေတ်တုန်းက ကျောင်းရှေ့ အလံတိုင်နားမှာ အမြှောက်သေးတလက်ရှိခဲ့သေးတယ်။အဲဒီအမြှောက်အသေးတလက်က စည်ပင်ရုံးရှေ့ကနေ ‌မကွေးကောလိပ်ကို ရွှေ့ခဲ့တာလား၊ ဒါမှမဟုတ် တခြားအမြှောက်သေးတလက်လား။ ကျွန်တော့်ယူဆချက်အနေနဲ့ ပြောရရင် 'ကောလိပ်ထဲက အမြှောက်ဆိုတာ စည်ပင်ရုံးရှေ့ကကျန်ခဲ့တဲ့အမြှောက်သေးတလက်'ပါပဲ။

လွတ်လပ်ရေးပန်းခြံရဲ့ အနောက်ဘက် မျက်နှာချင်းဆိုင်ဆောက်လုပ်ရေးဝင်းထဲမှာ အရင်တုန်းက ဗိုလ်တဲတခုရှိတယ်။ လူထုဦးလှနဲ့လူ‌ထုဒေါ်အမာတို့ မကွေးကို စာပေဟောပြောပွဲလာရင် အဲဒီဗိုလ်တဲမှာတည်းကြတာ။ စီစဉ်ပေးသူကတော့ သွားလေသူမကွေးဝင်းမြင့်ပေါ့။ အဲဒီခေတ်တုန်းကတော့ မကွေးမှာ စာပေဟောပြောပွဲကျင်းပမယ်ဆိုရင် မကွေးဝင်းမြင့်က ဦးဆောင်တာများတယ်။ မကွေးဝင်းမြင့်က သူနေတဲ့ မဲထီးလမ်းက အိမ်မှာပဲ 'နဝဒေး' ဆိုတဲ့ စာအုပ်ဆိုင်လေး ဖွင့်ထားတော့ လူထုဒေါ်အမာက နဝဒေး မောင်ဝင်းမြင့်လို့ ရေးတယ်။ ကျွန်တော်တို့ မကွေးကတော့ မကွေးဝင်းမြင့်လို့ ခေါ်ကြတယ်။

မကွေးဝင်းမြင့်က မကွေးမှာ စာပေလုပ်သား အတွင်းရေးမှူးပါ။ မကွေးမြို့ စာပေဟောပြောပွဲတွေအတွက် အတော်လည်း တက်ကြွလှုပ်ရှားအလုပ်လုပ်ခဲ့တာ တွေ့ရတယ်။ သူ့ကိုယ်သူ ဂုဏ်ဖော် ပြောတာ မဟုတ်ဘဲ၊ လူထုဒါ်အမာတို့၊ဆရာမင်းကျော်တို့ ကိုယ်တိုင်က စာပေဟောပြောပွဲတွေအတွက် သူလှုပ်ရှား အလုပ်လုပ်ခဲ့တာကိုရေးသားခဲ့တာပါ။ မ‌ကွေးဝင်းမြင့်က စာဆိုတော်နေ့အထိမ်းအမှတ်ဟောပြောပွဲတွေ အတွက် ရန်ကုန်ထိ ကိုယ်တိုင်သွားဖိတ်ညှိုနှိုင်းလေ့ရှိတယ်။ သွားဖိတ်ရုံတင်မက၊ မကွေးထိလာဖို့ကိုလည်း ရန်ကုန်ထိသွားခေါ်လေ့ရှိတယ်။ဆရာကြီးဦးရန်အောင်၊ဆရာမင်းကျော်တို့ (၁)ည တည်း နှစ်ပွဲဟောတဲ့ အခေါက်တုန်းကလည်း ရန်ကုန်ထိသွားပြီး 'သစ္စာမွန်' လိုင်းကားနဲ့ မကွေးကို ခေါ်လာခဲ့တာပါ။

ဆရာမင်းကျော်ကတော့ 'မကွေးသည် စာပေစိတ်ဓာတ်သာတက်ကြွသည်မဟုတ်သေး။ လူငယ်စာပေအင်အားစုလည်း များသည်။ ထိုအင်အားစုကလည်း တက်ကြွသည်။ မောင်တင်စိုး(သစ်ရာ ကောက်)၊ ဖိုလေးလုံး သောင်းကိုကို၊ မောင်ဧရာ၊ သတင်းထောက် မကွေးဝင်းမောင်၊ ဝင်းဗိုလ်(မြို့သစ်) စသော လူငယ်စာပေအင်အားစု' လို့ မကွေး စာပေအင်အားစုအကြောင်း ရေးထားတယ်။ သတင်းထောက် မကွေးဝင်းမောင်ကတော့ ပန်းချီဦးမျိုးညွန့်အိမ်မှာ တခါဆုံဖူးတယ်။ ဦးမျိုးညွန့်ရော၊ သတင်းထောက် ဦးဝင်းမောင်ရောက ကြာကန်သားတွေ။ ဦးမျိုးညွန့် မိတ်ဆက်ပေးလို့ ရောက်တတ်ရာရာ ပြောကြရင်းကနေ သတင်းထောက် ဦးဝင်းမောင်က ကျွန်‌တော့်အဖေနဲ့ ရင်းနှီးတာကို ပြောပြတယ်။ ကျွန်တော့်အဖေက သတင်းစာ၊ အားကစားဂျာနယ် ဝယ်ဖတ်လေ့ရှိတယ်။ သတင်းထောက် ဦးဝင်းမောင်က ' ကျွန်တော့်အဖေ ဝယ်ဝယ်ဖတ်တဲ့ သတင်းစာလေးတွေ ငှားဖတ်ရင်းကနေ သူ့သတင်း ဓာတ်ပုံ‌တွေ၊သတင်းအတိုလေးတွေ ကြည့်ရတဲ့အကြောင်းကို' ပြောပြတယ်။

ဆရာပါရဂူလည်း မကွေးကို စာပေဟောပြောပွဲ လာဟောဖူးတယ်။ ဆရာပါရဂူ၊ ဆရာမင်းယုဝေ၊ဆရာမကြီး ဒေါ်ခင်ဆွေဦးတို့ သုံးယောက်ပါ။ ဆရာပါရဂူတို့ လာတုန်းက စာပေဟောပြောပွဲကို ပါတီယူနစ် ရုံးရှေ့ လမ်းမပါ်မှာ ကျင်းပတာပါ။ မကွေးမြို့ ပါတီယူနစ်ရုံးဆိုတာက ဗိုလ်ချုပ်လမ်းမပေါ် မှာပါ။ ဗိုလ်ချုပ်လမ်းနဲ့ ပြည်တော်သာလမ်းဆုံရဲ့ မြောက်ဘက်ခြမ်းမှာ။ 'လှိုင်း' စားသောက်ဆိုင်က ပါတီယူနစ်ရုံးဝင်းထဲ ဖွင့်ထားတာ။ကျွန်‌တော်က ငယ်ငယ်ကတည်းက မကွေးပါတီယူနစ်နဲ့ အဝင်အထွက်ရှိတယ်။ နိုင်ငံရေးတော့ မဟုတ်ဘူး။ဒီလိုပါ၊ မကွေး ပါတီယူနစ်ဝင်းထဲမှာ စားပွဲတင်တင်းနစ်ခုံတွေ ရှိတယ်။ တမြို့လုံးက စားပွဲတင်တင်းနစ် ကစားသမားတွေက ပါတီယူနစ်ဝင်းထဲမှာ လာကစားရတာ။ စားပွဲတင်တင်းနစ် ကစားသမားတွေရဲ့ စုရပ်ပေါ့။ ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက စားပွဲတင်တင်းနစ်ကစားနည်းကို ခုံမင်တော့ ပါတီထဲသွားသွားကစားဖြစ်တာပါ။ ကျွန်တော်တို့ခေတ်က လူငယ်တွေကတော့  ပါတီယူနစ်ဆိုတဲ့အသုံးအနှူန်းကို မသုံးကြဘူး၊ 'ပါတီထဲ' လို့ပဲ ခေါ်ကြတယ်။ ကျွန်တော်တို့မျိုးဆက်ထက် နှစ်ဆက်လောက်ကြီးတဲ့မျိုးဆက်တွေက မဆလခေတ်ကြီးကိုဖြတ်သန်းခဲ့ရသူတွေပီပီ နိုင်ငံရေးလေနဲ့ 'ပါတီယူနစ်' လို့ သုံးနှူန်းကြတယ်။ နိုင်ငံရေးမျိုးဆက်ပျက်နေသလိုမျိုးဖြစ်နေတဲ့ ကျွန်တော်တို့မျိုးဆက်ကတော့ အဲဒီခေတ်က ကလေးတွေပီပီ 'ပါတီ' လို့ပဲသုံးနှူန်းကြတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ငယ်ငယ်ကတည်းက စားပွဲတင်တင်းနစ်အားကစားနည်းကို အကြောင်းပြုပြီး မကွေးပါတီယူနစ်နဲ့ ရင်းနှီးနေတာပါ။

ဆရာပါရဂူကတော့ ပါတီယူနစ်ရုံးရှေ့ ဗိုလ်ချုပ်လမ်းမပေါ် မှာကျင်းပတဲ့ စာပေဟောပြောပွဲမှာ မကွေး စာဖတ်ပရိတ်သတ်ရဲ့ ဇွဲကို ချီးကျုး ရေးသားခဲ့တယ်။ဆရာပါရဂူတို့ မကွေးစာပေဟောပြောပွဲတုန်းက ပရိတ်သတ်တွေ အလွန်များတယ်။ပွဲကျင်းပတော့ မိုးတဖျောက်နှစ်ဖျောက် ကျနေပြီး၊နောက်ဆုံးဟောပြောတဲ့ ဆရာမကြီး ဒေါ်ခင်ဆွေဦး အလှည့်ကျ မိုးသဲသဲမဲမဲ ရွာချတာနဲ့ ကြုံရတယ်။တော်ယုံတန်ယုံဆို ပွဲပျက်သွားနိုင်ပေမယ့်၊ပရိတ်သတ်ကတော့ မိုးအစိုခံပြီး ဆက်နားထောင်နေကြတယ်။ ဆရာမကြီး ဒေါ်ခင်ဆွေဦးကလည်း နဂိုကတည်းက သွေးရဲသူပီပီ၊ မိုးရွာလို့ ထီးဆောင်းပေးတာကိုတောင် လက်မခံဘဲ မိုးရွာထဲ ဒီအတိုင်း ဆက်ဟောတာပါ။ ' ပရိတ်သတ်ထဲ၌ မိုးရွာသည်ကို ဂရုမထားဘဲ ဇွဲနပဲနှင့် နားထောင်နေသည့် ဗိုက်ကြီးသည်များ၊ အမယ်အို အဘိုးအိုများကိုပင် တွေ့ရသည်။ ဟောသူနှင့် နားထောင်သူနှစ်ဦးလုံးပင် မိုးရွာထဲ၌ ကျဲနေကြသည်။ ဟောသူကို ထီးသွားဆောင်းပေးသော်လည်း လက်မခံ။ မိုးရွာကြီးထဲ နားထောင်နေသည့် ပရိတ်သတ်ကိုငဲ့ပြီး သူလည်း မိုးပေါက်များအောက်၌ပင် ဆက်ပြီး ဟောနေသည်။ မကွေးစာဆိုတော်ဟောပြောပွဲကား မိုးရွာထဲ၌ပင် အပြီးသတ်သွားသည် ' လို့ ဆရာပါရဂူက မကွေးစာဖတ်ပရိတ်သတ်ရဲ့ စိတ်အားထက်သန်တဲ့ ဇွဲကို ချီးကျူးရေးဖွဲ့ခဲ့တယ်။

လူထုမောင်နှံတွေဖြစ်တဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့လည်း မကွေးကို စာပေဟောပြောပွဲ လာ‌ တော့စံပြ ရုပ်ရှင်ရုံမှာ ဟောတာပါ။ အရင်ကတော့ စံပြရုပ်ရှင်ရုံ နာမည်နဲ့ပေါ့၊ အခုကတော့ မင်္ဂလာစံပြနာမည်နဲ့ ဖြစ်နေပြီ။ နာမည်တင် ပြောင်းသွားတာမဟုတ်၊စံပြရုပ်ရှင်ရုံခေတ်တုန်းက အရှေ့တောင်ထောင့်မှာရှိတဲ့ ရေကန်လေးလည်း မရှိတော့ဘူး။ စံပြရုပ်ရှင်ရုံ ပိုင်ရှင် ပန်ချာပီလူမျိုး ဂျပ်ဘီးစင်းဂ်ရဲ့ အဖေ ဒေါက်တာဂျိုစင်းဂ် နာမည်ကို အဲဒီရေကန်မှာ ရေးထိုးထားတယ်။ အခုတော့ ခေတ်တွေအများကြီးကျော်ဖြတ်လာခဲ့တဲ့ ရေကန်လေးလည်း မရှိတော့ဘူး။ တကယ်ဆို မှတ်တမ်းတခု​​ဖြစ်​ဖြစ်၊ သက် တမ်းတခု​ဖြစ်​​ဖြစ်ဖော်ပြနိုင်တဲ့ ရေကန်လေးကို ထိန်းသိမ်းထားသင့်တယ်။

လူထုဒေါ်အမာတို့ စံပြရုပ်ရှင်ရုံမှာ စာပေဟောပြောပွဲလုပ်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် တိုင်းပြည်က လက်ယာမောင်းစတဲ့နေ့။ ' ပရိသတ်အလွန်စည်ကာ ရုံလျှံပြီး နေရာမပေးနိုင်လို့တောင် ပြဿနာ ပေါ် ပေါက်‌သေးပေမယ့်  စံပြရုံအပြင်ဘက်မှာ မတ်တပ်ရပ်တွေနဲ့ နားထောင်ကြတယ်'လို့ လူထုဒေါ်အမာကရေးတယ်။ စံပြရုံထဲမှာ လူထုဒေါ်အမာပြောခဲ့တဲ့အကြောင်းအရာတွေက လေးနက်ပါတယ်။ ရိုးရာဗမာသံတွေဖြစ်တဲ့ ဒိုး၊ ဗြော၊အိုးစည်၊ နရည်း၊ ဗုံတောင်၊ ဗျိုင်းတောင်ဆိုတာတွေ တိမ်ကောပျောက်ကွယ်ပြီး နိုင်ငံခြားသံတွေဝင်နေတဲ့အကြောင်း ပြောခဲ့တာပါ။ အဲဒီအခေါက်တုန်းက လူထုဒေါ်အမာတို့က စံပြရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင်က တက္ကသိုလ်ဆုမြိုင်အိမ်မှာ ထမင်းစားကြတယ်။ ဦးဆုမြိုင်အိမ်လာရင်း လူထုဒေါ်အမာတို့နဲ့ ဓာတ်ပုံရိုက်ထားတဲ့ပုံတွေ ခုထက်ထိ ဦးဆုမြိုင်ရဲ့မြေးတွေဆီမှာ ရှိပါသေးတယ်။ လူထုဒေါ်အမာနဲ့ တက္ကသိုလ်ဆုမြိုင်တို့က တက္ကသိုလ်ကတည်းက မိတ်ဆွေတွေ။ စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်ပေါင်းစုံက နာမည်ကျော်ပုဂ္ဂိုလ်တွေ အများကြီးလာဖူးတဲ့ တက္ကသိုလ်ဆုမြိုင်ရဲ့ အိမ်ကြီးကို ခုထက်ထိ ရှေးမူမပျက်ထိန်းသိမ်းထားတဲ့ ဦးဆုမြိုင်ရဲ့ မြေးဆရာမတို့ ဇနီးမောင်နှံကို ကျေးဇူးတင်မိတယ်။ မျက်နှာချင်းဆိုင်တော့ မျက်နှာချင်းဆိုင်ပဲ၊ ဒါပေမယ့် စံပြရုံက ခေတ်တွေအများကြီးကျော်ဖြတ်လာတဲ့ ရေကန်လေးက မရှိတော့ပေမယ့်၊ ဦးဆုမြိုင်ရဲ့ အိမ်ကြီးကတော့ ရှေးမူမပျက်တည်ရှိနေပါတယ်။ အဲဒီအ‌ခေါက်တုန်းက ဆားစည့်ရပ်သား သခင်တင်ဦးလည်း လူထုဒေါ်အမာတို့ကို လက်ဖက်ရည်နဲ့ဧည့်ခံတဲ့အပြင်၊ အသုံးပြုဖို့ ကားလည်း ပေးထားသေးတယ်။

လူထုဒေါ်အမာတို့ မကွေးကို စာပေဟောပြောပွဲ လာဖို့ ဦးဆောင်လှုပ်ရှားတာကလည်း မကွေးဝင်းမြင့်ပါပဲ။ မကွေးဝင်းမြင့်က စာပေနယ်ထဲမှာဝင်ဆံ့တာလည်း စာပေဟောပြောပွဲတွေကိုဦးဆောင်ဖို့ အား သာချက်တခုပါပဲ။ မြို့ပေါ်က အရာရှိ၊ ပါတီတွေနဲ့ဝင်ဆံ့တာလည်း ပါတယ်။ ကျွန်တော်ကလည်း မကွေးဝင်းမြင့်နဲ့ အထိအတွေ့မရှိခဲ့လေတော့ မကွေးဝင်းမြင့်ရဲ့ အတွေ့အကြုံတွေ ဘာမှကို မေးမထားလိုက်ရဘူး။ မကွေးဝင်းမြင့်ဆိုရင် မကွေးမြို့က စာပေဟောပြောပွဲတွေအကြောင်း အများကြီးပြောပြနိုင်မှာပါ။ ဒီနေရာကနေ မှတ်တမ်းတင်ရရင်တော့ မကွေးစာပေလောကအတွက် မကွေးဝင်းမြင့် အလုပ်လုပ်သွားခဲ့တာတွေ အများကြီးပါလို့မှတ်တမ်းတင်ရမှာပဲ။

စာပေမှတ်တမ်းတွေထဲကနေ မကွေးမြို့ရဲ့ စာပေဟောပြောပွဲတွေ အကြောင်း သိခွင့်ရခဲ့တယ်။စာရေးဆရာတွေအတွက်တော့ ခရီးသွားစာပေပုံစံမျိုးရေးခဲ့ပေမယ့်၊ ကျွန်တော်တို့လို နောက်မျိုးဆက်တွေအတွက်တော့ သမိုင်းဖြစ်သွားတယ်။ ပြန့်ကျဲနေတဲ့ ဟိုဟိုဒီဒီ မှတ်တမ်းတွေကိုလည်း လက်လှမ်းမီသလောက် စုထားလိုက်ပြီး ကိုယ့်အယူအဆ‌တွေပါ ထည့်ရေးလိုက်တယ်။ စာတွေဆက်ဖတ်နေရင်းနဲ့လည်း အကြောင်းအရာအသစ်၊ အသိသစ်တွေ ထပ်တွေ့နေဦးမယ်။ အသစ်တွေ့ရှိချက်တွေအရ ဒီစာကိုထပ်ဖြည့်ရဦးမှာ သေချာတယ်။ ဒေါက်တာသန်းထွန်းရဲ့ သစ်(၄)သစ်ကိုလည်း ဆင်ခြင် သတိပြုမိပါရဲ့။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက  'အသိသစ်၊ အတွေးသစ်၊အယူအဆသစ်မပါရင် စာအုပ်သစ်မရေးနဲ့' လို့ ပြောခဲ့ဖူးပါရဲ့။ ကျွန်တော်ရေးတဲ့ အခုစာကလည်း စာဖတ်သူတွေကိုအသိသစ်ကော ပေးနိုင်ရဲ့လား၊ ဒါမှမဟုတ် အတွေးသစ်၊ အယူအဆသစ်တွေကောပေးနိုင်ရဲ့လား မသိဘူးဗျာ။

နန္ဒအောင်
၂၈.၉.၂၀၂၄

* စာကိုး

ဦးအေးနိုင်(ဘီအေ)။ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ။
သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ။၂၀၁၉။စိတ်ကူးချိုချို။
သန်းထွန်း ၁၀၀ မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း။၂၀၂၃။စိတ်ကူးချိုချို။
ဦးအောင်သင်း။၂၀၀၉။အရွယ်။ဇွန်ပွင့်စာအုပ်တိုက်။
မင်းကျော်။၁၉၈၄။မြစ်များ၏တောင် တောင်များ၏အရှေ့နှင့်အနောက်။ဘဝတက္ကသိုလ်စာပေ။
ပါရဂူ။၂၀၁၈။စာပေခရီးသည်။စိတ်ကူးချိုချို။
လူထုဒေါ်အမာ။အလွမ်းပြေ မှတ်စုများ။လူထုကြီးပွားရေးစာအုပ်တိုက်။
ကလောင်စုံ။၂၀၁၄။ဗဟိန်းသို့မဟုတ်ကဗျာ။နှစ်ကာလများ။ 

 -

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar