ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၃)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၃)
မိုးမခ ၊ စက်တင်ဘာ ၂၆ ၊ ၂၀၂၆
တရုတ်ကျားဖြန့်က ကုလားဆီပါ ကူးပြီး ပေါက်ဖော်ကျားဖြန့် ဘာဘူကျားဖြန့် ဆိုပြီး ဖြစ်လာတဲ့အပြင် တစ်နိုင်တစ်ပိုင် ကျားဖြန့်တွေပါ နိုင်ငံအနှံ့ ပေါ်လို့ နိုင်ငံတော်ကြီးတောင် ဖြစ်လာချေပြီ တမုံ့။ အလွန်တော်သော နိုင်ငံတော်ပေတကား။ သမ္မတနာမည်လည်း ကြည့်ဦး၊ မအလ တဲ့။ မကြားဝံ့မနာသာ။ ဂုဏ်ပြုခံ နာမ်စားက ငလမ။ ကောင်းကြသေးရဲ့လားကွယ်။ မအလ နဲ့တင် မလုံလောက်သေးဘူး ထင်လို့ အလင်္ကာကျော်စွာ တေးရေးဆရာ ငတာလဒက ငလမ လို့ ထပ်ဖွဲ့သတဲ့။ သူ့အရင်က သတ်ဒမြဘွဲ့ကိုလည်း မယားငယ် ဗရပွနဲ့ YMBA စစ်ထွက် ဖာခေါင်းတွေက ပေးထားပြီးသား။ ကြက်ဥတစ်လုံး ခုနစ်ရာဖြစ်အောင် လုပ်နိုင်လို့ဆိုပြီး စီမံခန့်ခွဲမှုဒေါက်ချာဘွဲ့နဲ့ ရန်းဂွန်းတက္ကသီလာက ဖဲ့လိုက်ရွဲ့လိုက်သေး။ အဲဒီတော့ ဒီနိုင်ငံမှ မတော် ဘယ်နိုင်ငံတော်မလဲ။ သို့ကလို အနို့လိုတော်လွန်းလို့ဆိုပြီး ဓာတ်ရှားကလည်း ဓာတ်သမားကို မသာဇမ္ဗူ ဗလာအူဘွဲ့ ထပ်ပေးပြန်ရော။ တပြည်လုံးတင်မက ရောက်ရာဒေသမှာ အသေမလှတဲ့ မသာလုပ်နိုင်တာရယ်၊ (ရှင်းရှင်းပြောရရင် သေချင်းဆိုးနဲ့ သေတာပေါ့လေ) လူထူထူဆို ဗလာချီ ထထအူတာရယ်မှာ ပြိုင်သူမဲ့ကာ ဒေါက်ချာ့ ဒေါက်ချာ ဖြစ်ချေလေတော့သည် တကား။ ယခုတဖန် အဲဒီဓာတ်ရှားနိုင်ငံကပဲ ဟောင်သံတကာ ငါဆရာဘွဲ့ ထပ်ပေးပြန်ရော။ ဒီဒွန္နယာမှာ ပေါ်ပေါက်လာသမျှ ခွေးမျိုးသုံးရာကျော်မှာ ဘယ်ခွေးကမှ သူ့ကို မီအောင် မဟောင်နိုင်ဘူးတဲ့။ အနို့သို့မို့ ပလို့ထို့ကြောင့် ငပုဟောင်သံ ဒိုးဆလံတင်ကြ၊ ငပုဟောင်သံ အော်ကြော့လန်ဘွဲ့ခတယ်ပေါ့လေ။
မသာဇမ္ဗူ ဆိုတဲ့အတိုင်း မသာအလုပ်မှာတော့ ခေါင်းတလားလုပ်သူတောင် အလောင်းများ အဟုတ်ထူလွန်းလို့ အိုဗာတိုင်ဆင်းနိုင်သူပဲ အလုပ်ခန့်ကြတော့သတဲ့။ စတန်းဒတ်အာမီခမျာ အညာမှာလည်း မသာတွေချည်း။ ရခိုင်မှာလည်း မနိုင်ဘဲ။ ကရင်နဲ့ ကချင်မှာလည်း ရှင်တယ်မရှိ၊ နတ္ထိပစ္စယောနဲ့ တသောသော ကျေးဇူးပြုနေလိုက်တာများဆို တော်လှန်ရေးသမားတွေကတောင် အားနာစရာကောင်းနေပြီလို့ ပြောယူရတဲ့အထိ။ အခုဆို "ဧရာဝတီ ရေဇလာနဒီ သေနာအညှီ" လို့တောင် သီချင်းဆိုနေကြပကော။ သေနာဆိုတာ စစ်တပ်လေ။ အင်း ဧရာဝတီ ရေဇလာနဒီ သေနာအညှီဆိုတဲ့ သေနာလေးတွေ ဧရာတကြော ပေါလောပေါလောပါလာ မသတီစရာပေမယ့် ကျည်ရှာရသတဲ့ကွယ်၊ ကျည်ရှာရသတဲ့။ သူတို့ကိုယ်ပေါ်မှာ ကျည်အတော်ကလေးပါဆိုကပဲ။ သေနာတွေဟာ ရေဇလာမှာ နတ္ထိပစ္စယောဆိုတဲ့ သူတို့မရှိခြင်းနဲ့ပဲ ဒီဘက်က မရှိတာကို လာလာ ကျေးဇူးပြုကြတုန်းတဲ့ကွဲ့။
မောင်ညီမလေးတို့ရေ တပ်တွင်းမှာလည်း ရွတ်ရင်းဖတ်ရင်း ငိုချင်းလည်းချ အမျှလည်းဝေ ဘဝဆက်တိုင်း ဒီထက်မရိုင်းပါစေကြောင်း အဓိဋ္ဌာန် အသံမစဲ နှစ်သိမ့်ပွဲခင်း မုဆိုးမချင်း ရိုင်းပင်းနေကြရသတဲ့ကွယ်။ လင်စစ်သား သေသွားပြီဆိုတာနဲ့ ဦးပိုင်ထည့်ငွေလည်း အရင်းရောအမြတ်ရော ပလုံ အောင်ပြည့်စုံသမလို့ အသက်အာမခံကြေးကလည်း မရ၊ လျော်ကြေးက မရှိ၊ သေတာလည်း လူသိမခံရဲ စောက်သဲတွေ ကွဲချက်တော့ဆိုပြီး ကော့ကော့ငိုကြသတဲ့။ တစ်ယောက်ပါးစပ် တစ်ယောက်ပိတ် အသံတိတ်ဗလောင်ဆူ အပူလုံးကြွ ယူကျုံးမရငိုနည်း ဆိုလား။ ကြား မကြားဘူးပေါင်ကွယ်။ ကြူကြူလှဟာ ဘာမှူးကြီး ညာမှူးလေးတွေရဲ့အသက်၊ ဗိုလ်ကြီး ဗိုလ်လေးတွေရဲ့ လက်ခြေ၊ အကြပ်တွေ အပြတ်တွေရဲ့ဘဝ၊ ကတော်ပေါင်းစုံရဲ့ အထီးကျန် ငိုချင်းရှည်ညတွေကို သိန်းထောင်ကျော်တန် ဘရန်းဒက်အိတ်တွေနဲ့ တစ်အိတ်ပြီး တစ်အိတ် ထည့်လွယ်၊ ကလေးငယ်တွေရဲ့ အနာဂတ်တွေကို ခင်သီရိသက်မွန်က ဖျော်ဖြေရေးရုပ်ရှင်လုပ် သိပ်ဟုတ်နေတဲ့ မိသားစုပေါ့ကွယ်။ သူ့မြေးတွေ အင်တာနေရှင်နယ်စကူးလ် တက်နေတုန်း ကျန်ကလေးတွေအပေါ် ဗုံးတွေ ကြဲလို့ပေါ့။ သူ့မြေးတွေကို မိစုံဖစုံ ပျော်ပါးခိုင်းရင်း တပ်တွင်းကလေးတွေကိုတော့ အဖေ့ဓာတ်ပုံဘေး ငိုကြွေးခိုင်းနေပေါ့။ သူ့မြေးတွေက လန်းဖြာ ဝမ်းသာ ကျန်းမာ။ ကျန်ကလေးတွေက ရမ်းခါ၊ မှန်းကာ၊ တမ်းကာ ပရမ်းပတာပေါ့လေ။
ပရမ်းပတာဆို သူများကို ဗုံးသွားကြဲမယ့် တိုက်လေယာဉ်ပေါ်တောင် အဆောင်တွေ လက်ဖွဲ့တွေတင်၊ အင်းကွက်တွေကပ်၊ လည်ပင်းကရော လက်ကရော ပုတီးပတ်ပြီး ဂုဏ်တော်ပွား ဘုရားပင့်၊ ရသေ့အိကွစ်မင့်နဲ့ ရှေ့တန်းထွက်၊ ပုတ်အဲ့စုတ်ပဲ့ချက်များ မဟာမုနိဘုရားကြီးထံ မှောက် ပျပ်ပျပ်ဝပ် ဒူးထောက်ဖူးမြော် တိတ်တိတ်ဆိတ်ဆိတ် ပူဇော်သူတွေရဲ့ သဒ္ဓါတရားကိုမှမငဲ့ ဓားသိုင်းနဲ့ ယတြာချေသတဲ့ကွယ်။ စစ်သားရင့်မကြီးတွေသာ ပြောတာရယ်၊ ပရမ်းပတာတွေပါဟယ် ဆိုတဲ့ ဟာတွေထက်တောင် ပရမ်းပတာသေးတာနော်။ များတို့ကို အားနာရပါတယ်။
အဲလို ဗရာဗတမ်း ယတြာအနှမ်းတွေကြောင့် သင်္ဘောတွေ ရေနစ်၊ ငှက်တွေ ပျက်ကြွေ၊ ရတက်ပွေနေရ မအလဘဝ၊ ပစလည်းကုန် ဗမလည်းကုန် ကြိုးခုံတက်ရ မအလ ငလမ ဖြစ်တော့မှာမို့ မဟောင်နိုင် မအူနိုင်၊ အို့အို့ခေါ်ရင်တောင် အီသံလောက်သာ ပေးနိုင်တော့ဆိုကိုး။ ဒေါက်တာဗလာအူဆိုတော့လည်း စပါးမစိုက်ရရင် ပျားမွေးဆိုတာမျိုးတော့ တစ်ချက် တစ်ချက် အားယူ ထထအူတာတော့ ရှိသေးတယ်လေ။
မဟာမုနိတန်ခိုးပါဝါကြောင့် ဓားသိုင်းယတြာလည်း သက်ရောက်မှုပြောင်းပြန် ရှမ်းအဖွဲ့တွေ ပြန်နှံကြတော့မယ်ဆိုတဲ့နိမိတ်တဲ့။ ဓားသိုင်းက ရှမ်းရိုးရာလေ။ မကိုက်ဘဲနေတဲ့ကျားကို သွားနှိုးမိပြီပေါ့။ ကျားတွေက ဒီတော်လှန်ရေးမှာ တောကျုံ့ကျုံ့လာလို့ အစာမကြေဖြစ်နေပါတယ်ဆို၊ အင်း ဂန်းများတဲ့ ရှမ်းကျားတွေ ထလာတော့မယ်လေ။ ရှမ်းပြည်သာပြောတာ ရှမ်းနေရာက ပျောက်ပျောက်လာပြီမို့ ကျားတို့မထ မရတော့ဘူးလေ။ တချို့ဆရာတော်ကြီးတွေလည်း မဟာမုနိရုပ်ရှင်တော်ရှေ့ ဓားဝှေနေတာတွေ့တော့ သာသနာအတွက် ရင်လေး၊ ရတက်မအေးဖြစ်နေကြရှာသတဲ့။ ဘုရားရှေ့ ဓားတရမ်းရမ်းလုပ်တာ၊ ဘုရားကို ဓားနဲ့ရွယ်တာဟာ အင်မတန် ကြောက်မက်ဖွယ်ကောင်းတဲ့ အတိတ်နိမိတ်ဆိုးကြီး မဟုတ်လား။ ဘုရားကျောင်းကန်တွေ သံဃာတော်တွေ စစ်ဒဏ် ခုထက်ဆိုးဆိုးဝါးဝါး ဆက်ခံခံရတော့မယ်ပေါ့လေ။
ပစ ဆွဲတာ လူမရရင် ကိုယ်တော်ငယ်လေးတွေ စစ်မှုထမ်းပင့်ခံရနိုင်မယ် မဟုတ်လား။ ခုတောင် ဒုလ္လဘရဟန်းအပြုမခံရ ဘာညာ ထိန်းချုပ်လာပလေ။ တော်နေ အခိုင်းခံ သံဃာ့အုပ်ချုပ်ရေးအဖွဲ့ကြီးနဲ့ ပင်းပြီး ဒုလ္လဘစာရင်းသွင်းလိုက်ရင် ကြိုက်သလောက်ခေါ်လို့ရပြီ မဟုတ်လား။ သီတဂူဆရာတော်ကြီးကလည်း စစ်သားလိုရင် ပြောလို့ မိန့်တော်မူထားသလေ။ ဝီဝီမြည်ကာ ပေတရာတို့ကလည်း လိုအပ်ရင် သင်္ကန်းချွတ်ပြီး သေနတ်ကိုင်မယ် ဆိုထားသမို့လား။ ဘုရား... ဘုရား၊ သာသနာပြုမင်းမို့သာပဲ၊ ဘုရားကိုပါ ဓားပြလို့ တရားကို မရနိုင်ကြပါကလားနော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar