Breaking News

နေသွင်ညိဏ်း - ဆရာဇော်ဂျီ ရေးတဲ့ မပြီးသေးတဲ့ ဝတ္ထုတိုတပုဒ်

ဆရာဇော်ဂျီ ရေးတဲ့ မပြီးသေးတဲ့ ဝတ္ထုတိုတပုဒ်
နေသွင်ညိဏ်း
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၆
 
လာမယ့် ၂၀၂၇ ဧပြီလထဲမှာ ဆရာဇော်ဂျီ နှစ် ၁၂၀ ပြည့်ပါတော့မယ်။ ဆရာဇော်ဂျီအကြောင်း ခေတ်ပြိုင်များရော၊ ဆရာ့တပည့်များရော၊ မိတ်ဆွေများရော ရေးခဲ့ကြပါပြီ။ ဆရာ့ကို ကျနော်တို့က ဗေဒါလမ်းကဗျာများနဲ့ အရင်ဆုံးသိခဲ့ကြတယ်။ နောက် ခေတ်စမ်းကဗျာ အားလုံးရဲ့ အစလို့ ဆရာမြသန်းတင့်က ဆိုတဲ့ ပိတောက်ပန်းကဗျာ။ နောက် သင်သေသွားသော်၊ ထလော့ မြန်မာ အစရှိတဲ့ နာမည်ကျော်ကဗျာတွေနဲ့ ကျနော်တို့သိကြတယ်။ စကားပြေတွေမှာတော့ ပလေတိုးနိဒါန်းလို ခန့်ခန့်ညား ညားစာပေ၊ နောက် နိုဗယ်ဆုရ စာရေးဆရာတွေရဲ့ စကားပြေတွေ၊ ဘာသာပြန်တွေ။ အများကြီးပါပဲ။
ကျနော်အနေနဲ့ ဆရာဇော်ဂျီ အကြောင်း ပြောရတာ အားနာလှတယ်။ မမှီမကမ်း ဖြစ်လွန်းအားကြီးပါတယ်။ ဆရာမြသန်းတင့်လို ပုဂ္ဂိုလ်ကတောင် ဆရာဇော်ဂျီအကြောင်း ပြောရတာဟာ မျက်မမြင်ပုဏ္ဏား ဆင်စမ်းပြီးပြောသလို ဖြစ်နေလိမ့်မယ်လို့ ရေးခဲ့တယ်။ ဆရာမြသန်းတင့်ရေးတဲ့ ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း စာစုထဲက ရှေ့ဟောင်းပုဂံပြည်ခံစားမှုကိုလည်း ကျနော် သိပ်ကြိုက်တယ်။ ပုဂံကို ကျနော်ရောက်တဲ့အချိန်တိုင်း ဆရာဇော်ဂျီရဲ့ ပုဂံစျေးပုံပြင်ဝတ္ထုတိုလေးကိုလည်း ကျနော်သတိရနေတတ်ပါတယ်။
ကျနော် မှတ်သားမိသလောက် ဆရာဇော်ဂျီဟာ စာအများကြီးရေးခဲ့ပေမယ့် ပင်ကိုယ်ရေးဝတ္ထုတိုကတော့ သိပ်မများလှပါဘူး။ ဆရာနဲ့ပတ်သက်လို့ ဆရာ့တပည့်နှစ်ယောက်ဖြစ်တဲ့ ဆရာဦးအောင်သင်းနဲ့ ဆရာမြသန်းတင့်တို့က ကြည်ညိုပုံကိုလည်း ကျနော်မှတ်ထားပါတယ်။ ဆရာဦးအောင်သင်းက ဆရာဇော်ဂျီဟာ အလွမ်းသမား တနည်း အငေးသမားမဟုတ်၊ အတွေးသမားလို့ အကဲခတ်ပါတယ်။ တနည်းအားဖြင့် ဆရာဟာ ခံစားမှုထက် ပညာ၊ သမာဓိကို အသားပေးသူလို့ ဆရာ ဦးအောင်သင်းက ဆိုပါတယ်။ အထူးသဖြင့် ဆရာဇော်ဂျီဟာ ခံစားမှုပါတဲ့ စာတွေကို ငယ်စဉ်က ရေးခဲ့တာ မှန်ပေမယ့်၊ နောက်ပိုင်းရေးတဲ့စာတွေမှာတော့ ပညာနဲ့သမာဓိ ပိုများနေတာ တွေ့ရတယ်လို့ ဆရာအောင်သင်းက အကဲဖြတ်ပါတယ်။ ဆရာမြသန်းတင့်ကတော့ ဆရာဇော်ဂျီဟာ ခွင့်လွှတ်စိတ်ကြီးမားသလောက်၊ လောကကို နားလည်ပြီး အကောင်းမြင်သူလို့ ပိတောက်ပန်းကဗျာကို နမူနာပေးပြီး ဖွင့်ဆိုရှင်းပြခဲ့ပါတယ်။
အထက်မှာ ဆိုခဲ့တဲ့ အတိုင်း ဆရာ့စာတွေမှာ နာမည်ကြီးတာတွေကို ကျနော် တို့ သိကြပါတယ်။ ဗေဒါလမ်း ဆိုရင် ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်ပြီး ပိုလို့တောင် သိကြပါတယ်။ နောက် ဝတ္ထုတိုတွေထဲမှာ သူ့မယား၊ သော့တွဲနှင့်နတ်ရုပ်လို လူစရိုက်ပီပြင်တဲ့ ဝတ္ထုတိုတွေ၊ မဟာဆန်ချင်သူလိုပြဇာတ်တို့က လည်း ထင်ရှားပါတယ်။ ဆရာ့စာတွေကို ကြည့်ရင် ငယ်စဉ်က ရေးတဲ့ စာတွေမှာ အနုပညာကို တွေ့ရပြီး ကြီးမှ ရေးတဲ့စာတွေမှာ ပညာကို ပိုတွေ့ရပါတယ်။ ဒီအချက်ကို ဘယ်သူမှ ငြင်းမယ် ကျနော် မထင်ပါ။
ကျနော်ဖတ်ဖူးတာလေးတကွက်သတိရပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့ ဆရာအိုဝေဒနာ ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ်ရှိပါတယ်။ တက္ကသိုလ်နယ်မြေထဲ မနက်ခင်း လမ်းလျှောက်ထွက်တဲ့ ဆရာအိုတယောက် သူ့ရှေ့က လမ်းလျှောက်သွားတဲ့ ကျောင်းသူတဦးကို နောက်က မသိမသာ လိုက်ရင်း မိန်းမပျိုရဲ့ အလှကို ခံစားစိတ်ကူးရေယဉ်ကြောမျောနေတဲ့ အဖြစ်ကိုရေးထားပါတယ်။ တက်ဘုန်းကြီး ဝတ္ထုကြောင့် နာမည်ကြီးတဲ့ ဆရာသိန်းဖေမြင့်ရဲ့ ကလောင်ဆိုတာ ဒီလိုမျိုး အကြောင်း မရွေးတာ အားလုံးသိကြပါတယ်။ ဆရာဇော်ဂျီက ဒီဝတ္ထုကို ဖတ်ရတဲ့အခါ သိပ်မကြိုက်ပါဘူး။ လောကမှာ အမှောင်ခြမ်းတွေ နေရာတကာရှိသလို၊ လူ့စရိုက်မှာလည်း မကောင်းတဲ့ အမှောင်ခြမ်းတွေ ရှိတာ သဘာဝပေမယ့် စာရေးဆရာဟာ ကောင်းတာတွေကို လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် မီးမောင်းထိုးပြဖို့က ပိုအရေးကြီးတယ်လို့ သူထင်တဲ့ အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဇော်ဂျီဟာ ဒီသဘောတရားနဲ့ စာတွေ ရေးခဲ့တာ ထင်ရှားပါတယ်။ ဒါကြောင့် ဆရာ့စာတွေဟာ မင်္ဂလာရှိတဲ့ စာတွေ၊ ပညာရှိတဲ့ စာတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာဇော်ဂျီရေးတဲ့ စာတွေ အများကြီးထဲက ‘ပြည်ကြီးဘာယာ’ ကိုတော့ ထူးခြားတဲ့ စာလို့ ထင်ပါတယ်။ ပြည်ကြီး ဘာယာကို ကျနော်က ဂျော့အော်ဝဲ ရေးတဲ့ Animal Farm နဲ့ နှိုင်းယှဉ်နိုင်တဲ့ စာလို့ ထင်ပါတယ်။ ဆရာဇော်ဂျီဟာ ပြည်ကြီး ဘာယာကို မြန်မာပြည် လွတ်လပ်ရေးမရခင် ၁၀ နှစ်လောက်က ရေးခဲ့ပါတယ်။ တိုင်းပြည်တပြည်၊ မင်းအလိုလိုက် မင်းအကြိုက်ဆောင်တဲ့ မှူးကြီးမတ်ကြီးတွေ၊ ပညာရှိဆိုသူတွေ၊ စာဆိုတွေ အကြောင်းကို ဆရာက သရော်ဟန်နဲ့ ရေးပါတယ်။
အရေးအသားမှာ တူရုံမက ခေတ်ကို ကြိုမြင်ပုံမှာလည်း တူပါတယ်။ ဂျော့ချ်အော်ဝဲက တော်လှန်ရေးတရပ်ရဲ့ အဆိုးခြမ်းကို သတိပေးပြီးရေးပါတယ်။ ဆရာဇော်ဂျီက ရှင်ဘုရင်တပါးရဲ့ ဘဝင်မြင့်မှု၊ ရှင်ဘုရင်နား ကပ်မြှောင်စားသူ မိဖုရား၊ မှူးမတ် ပညာရှိ ဆိုသူတွေရဲ့ ကျောရိုးမဲ့မှုတွေကို သရော်ပါတယ်။ နောက်ဆုံး မြန်မာတွေရဲ့ ဘာသာရေး ယုံကြည်ချက်တွေကို ဆရာက ပညာသားပါပါ သရော်ပါတယ်။ ဥပမာ ဆင်းရဲသူက အတိတ်ကံကြောင့် ဆင်းရဲတာ ဖြစ်ပြီး အရှင်မင်းကြီးအနေနဲ့ အနှောင့်အယှက်မပေးသင့်ပါ ဆိုတာမျိုး။ အမျိုးဘာသာ သာသနာဆိုတာကို အလွန်အကျွံ မျက်ကန်းယုံပြီး လူတွေမှာ စားစရာ မရှိအောင် မွဲနေပေမယ့် မွဲပါစေ။ သာသနာ နေရောင်လရောင် ထွန်းပြောင်ဖို့ ပဓာန မဟုတ်လား ဆိုတာမျိုး အထိပါဝင်ပါတယ်။
ဆရာဇော်ဂျီရဲ့ ပြည်ကြီးဘာယာကို ကျနော်က ဂျော့ချ်အော်ဝဲရေးတဲ့ အန်းနမဲဖမ်း ထက် ပိုကြိုက်ပါတယ်။ ပိုပြီး ဗမာဆန်တယ်။ မြန်မာ့ဓလေ့ကို ဟပ်တယ်။ နှစ်ပေါင်း ၁၀၀ ချဉ်းကပ်လာတာတောင် မြန်မာ့ဓလေ့ကို ဟပ်နေတုန်း၊ မိနေတုန်းလို့ ကျနော် ထင်ပါတယ်။
ပြည်ကြီးဘာယာဟာ ဆရာဇော်ဂျီရဲ့ မပြီးသေးတဲ့ ဝတ္ထုတိုတပုဒ်လို့ စာပေပညာရှင်တွေက ဆိုကြပါတယ်။ အကြောင်းကတော့ ဝတ္ထုရဲ့ နောက်ဆုံးအပိုင်းမှာ မိုးကျရွှေကိုယ် တပါး ရုတ်တရတ်ပေါ်လာပြီး သူဟာ နေနတ်မင်းနဲ့ နဂါးမတို့က မွေးဖွားတဲ့သူဖြစ်ပြီး လက်ရှိဘုရင်ရဲ့ ဘဝဟောင်းက သားတော်ဖြစ်တယ်။ သူ့ကို သူ့ဖခင်ဘုရင်ကြီးနဲ့ တွေ့ရအောင် နန်းတော်ထဲ လမ်းပြပါဆိုပြီး ပြည်သူတွေကို ပြောဆိုပြီး နန်းတော်ထဲ အတူဝင်ကြတယ်။ ဒီနေရာမှာ ဝတ္ထုဟာ ဆုံးပါတယ်။
ကျနော့် အနေနဲ့ ဆိုရင် ဒီဝတ္ထုဟာ ဒီမှာ ဆုံးသွားတာဟာ ပြည့်စုံတယ်လို့ ယူဆပါတယ်။ နောက်ကို နည်းနည်း ပြန်ကောက်ရင် ပြည်သူတွေဟာ ဆင်းရဲကုန်လို့ မကျေမနပ်တာတွေလည်း ရှိလာကြတယ်။ ဒါကို ရှင်ဘုရင်ဟာ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်ရာက သိခဲ့ပြီ။ အမတ်ကြီးနဲ့ တိုင်ပင်တော့ အမတ်ကြီးက လူတွေဆင်းရဲတာ ပူစရာမလိုပါဘူး။ သူတို့ရဲ့ ယုံကြည်မှုကို နည်းနည်းပြုပြင်လိုက်ရင် ရတယ်လို့ အကြံပေးတယ်။ ဒီလိုနဲ့ လူတွေကို အာရုံပြောင်းဖို့ မိုးကျရွှေကိုယ်ကို ဖန်တီးလိုက်ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ဒါကို တကယ်ယုံသွားကြပါတယ်။ ဒီတော့ ပြည်ကြီး ဘာယာအကြောင်းကို ဘာများ ဆက်ရေးစရာ ရှိမလဲ။
နောက်တနည်းနဲ့ ပြောရရင် ပြည်ကြီး ဘာယာရဲ့ နောင်လာမယ့် အခန်းတွေဟာ ကျနော်တို့ကိုယ်တိုင် ပါဝင်ကပြခဲ့ကြ၊ မျက်ဝါးထင်ထင် ကြည့်ခဲ့ကြရ၊ ကြည့်နေခဲ့ရတယ် မဟုတ်ပါလား။ 
 
နေသွင်ညိဏ်း
-

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar