Breaking News

ကိုအောင်မှိုင်း - ပွင့်ပွင့်လင်းလင်း ပြောချင်တယ်

 

ကိုအောင်မှိုင်း - ပွင့်ပွင့်လင်းလင်း ပြောချင်တယ်

မိုးမခ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၆ 


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှန့်ရွှေ (Mr. Deng Xijun) ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံရဲ့ သဘောထားပေါ်လစီပေါ်  ဒီလိုတွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးပေါ်လစီ (မူဝါဒ) မှာ ဒီလိုဆိုတယ်။

၁။ တရားမျှတတဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းပြီး မြန်မာ့အရေးမှာ တရုတ်နိုင်ငံအနေနဲ့ တရားမျှတတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်။

၂။ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် တိုက်တွန်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ၎င်းတို့နဲ့ ကိုက်ညီတဲ့ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ပေးအပ်ရန်တို့ကို တွေ့ဆုံဆွေးနွေးပွဲများမှတဆင့် အဖြေရှာရန် တိုက်တွန်းထားတယ်။

၃။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး သဘောထားကွဲလွဲမှုများကို တိုက်ပွဲတွေနဲ့ မဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးပွဲတွေကတဆင့် ဖြေရှင်းရန်နဲ့ အပစ်အခတ်ရပ်စဲကြရန် တရုတ်အထူးကိုယ်စားလှယ်က တိုက်တွန်းတာ တွေ့ရပါတယ်။

ပြောရမယ်ဆိုရင် ဒီအချက် ၃ ချက်ဟာ လတ်တလော တရုတ်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ ပေါ်လစီအဖြစ် သတ်မှတ်ရမယ်လို့ ယူဆနိုင်ပါတယ်။ ကျနော်တို့ ကနေ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောကြဖို့ လိုပြီလို့ ပြောရပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လက္ခဏာကို ဘယ်လိုသတ်မှတ်ကြမလဲ ဆိုတာက မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းဖို့ အထောက်အကူပြုပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ပြောရမယ်ဆိုရင် "ကိုလိုနီတပိုင်း စစ်ပဒေသရာဇ်တပိုင်း" နိုင်ငံလို့ လက္ခဏာ သတ်မှတ်ရပါလိမ့်မယ်။ ကိုလိုနီတပိုင်း ဆိုတာက တရုတ်ကိုလိုနီတပိုင်းကို ဆိုလိုတာပါ။ စစ်ပဒေသရာဇ်တပိုင်း ဆိုတာ စစ်တပ်က ဗုံးကြဲချင်သလိုကြဲ၊ လူထုကို အစုလိုက်အပြုံလိုက် သတ်နေတာတွေကို မှန်ကန်တယ်။ ဒုတိယကမ္ဘာစစ်တုန်းကတောင် လူတွေ သတ်ကြတာပဲ၊ ငြိမ်းချမ်းရေးအတွက် လူထုကို ဗုံးကြဲတယ်ဆိုတဲ့ စစ်အတွေးအခေါ်ကို ပြောင်ပြောင်တင်းတင်းပြောပြီး လူထုကို လက်လွတ်စပယ် သတ်ဖြတ်တာတွေဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေ လုပ်ကိုင်နေကြတာဟာ စစ်ပဒေသရာဇ်တပိုင်း လက္ခဏာတွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကျနော် ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ မစ္စတာ တိန့်ရွှန့်ရွှေ (Mr. Deng Xijun) ပြောတဲ့ "တရားမျှတတဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းပြီး" ဆိုတာ ဘာကို ဆိုလိုတာလဲ။ လတ်တလော တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ပြောရင် "တရားမျှတမှု" ဆိုတာ တရုတ်အစိုးရအနေနဲ့ မပြောသင့်မပြောထိုက်တဲ့ စကားအဖြစ် ကျနော်တို့ အားနာနာနဲ့ ထောက်ပြရလိမ့်မယ်။ မြန်မာနိုင်ငံ လက်တွေ့ဖြစ်ရပ်တွေကို မသိလို့လား၊ ဒါမှမဟုတ် သိသိကြီးနဲ့ နိုင်လိုမင်းထက် ဇွတ်ပြောတာလား ဆိုတာတော့ မေးခွန်းထုတ်ရလိမ့်မယ် ထင်တယ်။

ဒုတိယအချက်ဖြစ်တဲ့ "အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် တိုက်တွန်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ၎င်းတို့နဲ့ ကိုက်ညီတဲ့ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ပေးအပ်ရန်" ဆိုတာမှာလည်း အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။ တရုတ်ပြည်မှာ ဘယ်လိုဒေသတွေကို ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးလဲ။ တရုတ်နိုင်ငံမှာ အဓိကအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Autonomous Regions) ၅ ခု ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအဆင့်အားလုံးကို ထည့်တွက်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနဲ့ ခရိုင်များလည်း ပါဝင်ပါတယ်။

ကျနော်တို့ လေ့လာမိသလောက်တော့. . .

၁။ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Xinjiang Uyghur Autonomous Region) ဝီဂါလူမျိုးများနှင့် အခြားတိုင်းရင်းသားများ နေထိုင်ရာ။ ဗဟိုအာရှနဲ့ နယ်နိမိတ်ချင်း ထိစပ်ပြီး မဟာဗျူဟာ၊ စွမ်းအင်နဲ့ လုံခြုံရေးအရ အရေးပါပါတယ်။

၂။ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Tibet Autonomous Region) တိဘက်လူမျိုးများ အဓိကနေထိုင်ရာ ဒေသဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စများ အရေးပါပါတယ်။

၃။ အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Inner Mongolia Autonomous Region) မွန်ဂိုလူမျိုးများနှင့် ဟန်လူမျိုးများ အပါအဝင် လူမျိုးစုံနေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတကဏ္ဍများ အရေးပါပါတယ်။

၄။ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Guangxi Zhuang Autonomous Region) ကျွမ့်လူမျိုးများ အဓိကနေထိုင်ရာဖြစ်ပြီး ဗီယက်နမ်နယ်စပ်နဲ့ ကုန်သွယ်ရေးအရ အရေးပါပါတယ်။

၅။ နင်းရှားဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Ningxia Hui Autonomous Region) ဟွေမွတ်စလင်လူမျိုးများ အများအပြားနေထိုင်ရာဖြစ်ပြီး ဘာသာရေးနဲ့ လူမျိုးရေးကွဲပြားမှုကို စီမံခန့်ခွဲရေးအတွက် လေ့လာနိုင်ပါတယ်။

အထူးသဖြင့် ကျနော်တို့ မေးခွန်း ၃ ခုလောက် မေးဖို့လိုမယ်လို့ ယူဆပါတယ်။

၁။ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လောက်ရှိသလဲ။ ၂။ လက်တွေ့မှာ ဒေသခံတိုင်းရင်းသားတွေက အုပ်ချုပ်ရေးအာဏာကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ။ ၃။ ဗဟိုအစိုးရနဲ့ ကွန်မြူနစ်ပါတီက ဒေသဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဘယ်လိုထိန်းချုပ်သလဲ။

တရုတ်နိုင်ငံရဲ့ စနစ်ကို နားလည်ဖို့ အဓိကအချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ရှိခြင်းနဲ့ ဖက်ဒရယ်စနစ် (Federalism) ဖြစ်ခြင်းဟာ အတူတူမဟုတ်ဘူး ဆိုတာပါပဲ။

မစ္စတာ တိန့်ရွှန့်ရွှေ (Mr. Deng Xijun) ကို ပွင့်ပွင့်လင်းလင်း ပြောချင်တာကတော့ တရုတ်ပြည် ဘယ်ဒေသတွေမှာ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတယ်ဆိုတာနဲ့ တရုတ်ပြည်အစိုးရရဲ့ အုပ်ချုပ်မှုတွေကိုပါ ထည့်သွင်းပြောစေချင်ကြောင်းပါဗျာ။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar