Breaking News

လှကျော်ဇော - ခရီးရှည်ချီတက်ပွဲက ပုံပြင်များ (အမှတ်-၁)

လှကျော်ဇော - ခရီးရှည်ချီတက်ပွဲက ပုံပြင်များ (အမှတ်-၁)

မိုးမခ ၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၆ 


ခရီးရှည်ချီတက်ပွဲ စိတ်ဓာတ်


၂၃-၁၀-၂၀၂၆ နေ့က တရုတ်ပြည်ရဲ့ အထိမ်းအမှတ်နေ့ တနေ့ပါ။

အလွန် ဆင်းရဲမွဲတေလှတဲ့ ပဒေသရာဇ်တပိုင်း-အရင်းရှင်တပိုင်း တရုတ်ပြည်ရဲ့ စစ်ဗျူရိုကရက်စနစ် ကိုယ်စားပြု ချန်ကေရှိတ် ဖက်ဆစ်အစိုးရကို တော်လှန် ဖြုတ်ချဖို့ တရုတ်ပြည်သူတွေကို လှုံ့ဆော်ပြီး ဦးဆောင်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ် လွတ်မြောက်ရေး တပ်နီတော်တို့ရဲ့ အလွန်ထူးခြားတဲ့ သမိုင်းဝင်နေ့ တနေ့။

အဲဒီ ပြည်တွင်းစစ်အတွင်း ၁၉၃၄ ခုနှစ်မှာ ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်များဟာ အမေရိကန်က တပ်ဆင်ပေးတဲ့ အဆင့်မြင့် လက်နက်များနဲ့ တရုတ်ကွန်မြူနစ်တွေရဲ့ အခြေခံစခန်း (ကျင်းကန်းတောင်တန်းဒေသ) များကို ဝိုင်းဝန်း ထိုးစစ်ဆင်လာတဲ့အချိန် တပ်နီတော်က မခံနိုင်တော့တဲ့အဆုံး မိမိတို့ ရှင်သန်ရေးအတွက် မဟာဗျူဟာမြောက် ဆုတ်ခွာရေး လမ်းကြောင်းအဖြစ် ရွေးချယ်ခဲ့တဲ့ ခရီးရှည်ချီတက်ပွဲကြီး နှစ်နှစ်တိတိ မရပ်မနား ဆင်နွှဲခဲ့ရပါတယ်။

ဒီခရီးဟာ ကမ္ဘာကျော်ခဲ့ပြီး မိုင်ပေါင်း ၇၀၀၀ ကျော်ကို တောင်ကြီး ၄၀ ကျော် ဖြတ်ကျော် (တချို့က နှင်းတောင်တန်းကြီးတွေ)၊ မြစ် ၁၀၀ ကျော် ဖြတ်ရ၊ ရွှံ့နွံအိုင်တွေ၊ မြက်တောကြီးတွေကို ဖြတ်ရတဲ့အပြင် နောက်က လိုက်လံတိုက်ခိုက်နေတဲ့ ကူမင်တန်တပ်များနှင့်လည်း တိုက်ပွဲပေါင်း ၆၀၀ ကျော် ဆင်နွှဲခဲ့ရပါသေးတယ်။

ဒီချီတက်ပွဲကြီးဟာ ၁၉၃၆-အောက်တိုဘာ ၂၃ ရက်နေ့မှာ တရုတ်ပြည်ရဲ့ အနောက်မြောက်အရပ်က အလွန်ခေါင်လှတဲ့ ရှန်းစီးပြည်နယ်က ယန်အန်းမြို့လေးမှာ တပ်အားလုံး စုစည်းရောက်ရှိလာကြပြီး ပြီးဆုံးသွားပါတယ်။ ယန်အန်းဟာ တရုတ်တော်လှန်ရေးရဲ့ အောင်မြေပါ။ အဲဒီအရပ်မှာပဲ တပ်နီတော်ဟာ အခြေခံစခန်း တည်ဆောက်ပြီး ဂျပန်ခုခံရေးစစ်ပွဲကို အနိုင်တိုက်နိုင်ရုံမက၊ ၁၉၄၉ မှာ ချန်ကေရှိတ်အစိုးရကို တရုတ်ပြည်မကြီးပေါ်က မောင်းထုတ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကြီးကို ထူထောင်နိုင်လိုက်ပါတော့တယ်။

ဒီတော့ ဒီအောင်ပွဲလမ်းကြီးကို ခင်းပေးတဲ့ ခရီးရှည်ချီတက်ပွဲကြီး အောင်မြင်စွာ အဆုံးသတ်ခဲ့တဲ့ (၂၃-၁၀-၁၉၃၆) နေ့ကို တရုတ်ပြည်သူတွေအနေနဲ့ အလေးအမြတ်ထားတာ မထူးဆန်းပါဘူး။ ဒီနှစ် (၂၃-၁၀-၂၀၂၆) မှာ အနှစ် ၉၀ ပြည့်တာ ဖြစ်တာကြောင့် အခုတလော တရုတ်သတင်းကွန်ရက်တွေမှာ ဒီအကြောင်းအရာနဲ့ ဆက်စပ်တဲ့ သမိုင်းဖြစ်ရပ်တွေ၊ သမိုင်းသင်ခန်းစာတွေ၊ နောက်ဆက်တွဲ ဖြစ်ရပ်တွေ စတာတွေ တင်ဆက်နေပါတယ်။ ဒီခရီးအတွင်းက အဖြစ်အပျက်တွေ၊ ပါတီတွင်း အခြေအနေ အကြောင်းအရာတွေ၊ သမိုင်းမှတ်တမ်း အများအပြားကိုလည်း ထုတ်ပြန်ပေးလိုက်တာတွေပေါ် မူတည်ပြီး ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေလည်း ထွက်ပေါ်လာနေပါတယ်။

ခရီးရှည်ချီတက်ခဲ့တဲ့ ဒေသအသီးသီးမှာလည်း ထူးခြားတဲ့ ဖြစ်စဉ်များကို အထိမ်းအမှတ်ပြုထားတဲ့ ပြတိုက်များအကြောင်းတွေလည်း တွေ့လာနေရပါတယ်။ "အနီရောင်ခရီးသွားလာရေး" (Red Tourism) ဆိုတဲ့ ဆောင်ပုဒ်တင်ပြီး အခုခေတ် လူငယ်တွေ၊ ကျောင်းသားတွေ အဲဒီအရပ်တွေ သွားပြီး သမိုင်းကြောင်းတွေကို လေ့လာ၊ နိုင်ငံရေးစိတ်ဓာတ် မြှင့်တင်နေကြတာတွေလည်း တွေ့နေရပါတယ်။

နောက် ထူးခြားချက်တစ်ခုကတော့—

"မျိုးဆက်တိုင်းမှာ ခရီးရှည်ချီတက်ပွဲများ ရှိတယ်။ မိမိတို့ မျိုးဆက်ရဲ့ ခရီးရှည်ချီတက်ပွဲအသစ်ကို ဟိုရှေး တပ်နီတော်သားကြီးများရဲ့ ခရီးရှည်ချီတက်ခဲ့တဲ့ ကြီးမြတ်တဲ့ စိတ်ဓာတ်ကို လေ့လာအတုယူပြီး ချီတက်ကြပါ။"

ဆိုတဲ့ ဆော်ဩချက်ကို တရုတ်ကွန်မြူနစ်ပါတီက ထုတ်ပြန်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှာ အထိမ်းအမှတ်ပွဲတွေ၊ ဟောပြောပွဲတွေ ဆင်နွှဲနေကြတာပါ။

ဒီတော့ ခရီးရှည်ချီတက်ပွဲရဲ့ စိတ်ဓာတ်ဆိုတာ ဘာများပါလိမ့်။

တော်လှန်ရေးခရီးအတွင်း အလွန်ပြင်းထန်တဲ့ စိန်ခေါ်မှုများကို ကျော်လွှားရာမှာ—

၁။ ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်။ တရားမျှတတဲ့ အရေးတော်ပုံဟာ မုချ အောင်မြင်မှာဆိုတဲ့ ယုံကြည်ချက် ရှိခြင်း။

၂။ ကြီးမားတဲ့ ဇွဲလုံ့လနှင့် ရဲစွမ်းသတ္တိ ရှိခြင်းနှင့် အဆုံးစွန် စွန့်လွှတ်အနစ်နာခံခြင်း။

၃။ လက်တွေ့ဖြစ်ရပ်များကို မှန်မှန်ကန်ကန် နားလည်အောင်လုပ်ပြီးမှ အမှန်တရားကို ရှာဖွေခြင်း။

၄။ မိမိအဖွဲ့အစည်းတွင်း ချမှတ်ထားတဲ့ စည်းကမ်းများကို တင်းကျပ်စွာ လိုက်နာပြီး စုစည်းညီညွတ်စွာ တာဝန်များကို ထမ်းဆောင်ခြင်း။

၅။ ပြည်သူလူထုနှင့် နီးကပ်စွာ ဆက်ဆံပြီး ပြည်သူများရဲ့ အကျိုးကို ဦးထိပ်ထားခြင်း။ မိမိတို့ တပ်သားများ ဘယ်လောက်ခက်ခဲခက်ခဲ ပြည်သူ့ဆီက အပ်တစ်ချောင်း၊ ချည်တမျှင်တောင် မယူဘဲ ပြည်သူတွေရဲ့ အန္တရာယ်ကို ရှေ့က တားဆီးကာကွယ်ပေးမှု စတာတွေကြောင့် ပြည်သူတွေရဲ့ ထောက်ခံအားပေး ဝိုင်းရံကူညီမှုနှင့် ယုံကြည်ချက်ကို ရရှိအောင် စွမ်းဆောင်နိုင်ခြင်း။ (ဒါက အခရာကျပါတယ်။)

စတာတွေ ဖြစ်ပါတယ်။

ဒါတွေကို ကိုင်စွဲပြီး တရုတ်ပြည်သူတွေဟာ သူတို့ရဲ့ ခရီးရှည်ချီတက်ပွဲသစ် (၂၀၄၉ တရုတ်ကွန်မြူနစ်ပါတီ အာဏာရတာ အနှစ်တရာပြည့်ချိန်မှာ တရုတ်ပြည်ကြီး ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ပြီးစီးခြင်း) ကို ချီတက်နေကြပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar