ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၉)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၉)
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၆
AA ကလည်း မကြာခင် ကွန်ဖက်ဒရိတ်တော့မှာ ဖြစ်သလို MNDAA နဲ့ TNLA တို့ကလည်း ပြည်နယ်အဆင့် အုပ်ချုပ်ခွင့်ရရှိရေး အဓိက တောင်းဆိုကြပေလေ။ တရုတ်ကလည်း လူနည်းစု တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်မြင့်ပုံစံ ဖန်တီးတော့တဲ့။
ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်မှာ ကိုယ့်ပုံစံနဲ့ ကိုယ် အုပ်ချုပ်ကြတော့မယ်၊ ဘယ်သူ့ဆီကမှ လက်ဝေခံဖို့ ခွင့်ပြုချက် ယူနေဖို့ မလိုတော့ဘူး ဆိုတဲ့ သဘော။ မင်းတို့နဲ့ ဘာမှ မဆိုင်လို့ အေးအေးဆေးဆေး ပေးချင်ပေး၊ မပေးရင် မင်းတို့ကိုပါ ဝိုင်းတိုက် သိမ်းပိုက်ပစ်မယ်၊ အသာတကြည် ခွင့်ပြုရင်ပြု၊ မပြုရင် မင်းတို့ပါ ဘုံပျောက်မယ် ဆိုတဲ့ သဘော။ ဆိုတော့ ဘုံလည်း တကယ် ဖျောက်ပြထားသလို ပျောက်လည်း ပျောက်လာပြီ ဆိုတော့ ငလမတွေက သူတို့ဆုတ်လမ်းကို လိုက်မတိုက်ဘူးဆိုရင် ပေးပါတယ်ပေါ့လေ။
ပေးတယ် ဆိုပေမယ့်လည်း အပေးတော့ ဘယ်မြောက်မလဲ။ မမြောက်ဆိုတာက မူလကတည်းက သူ့ဟာမှ မဟုတ်တာ။ အိမ်ဘေးမှာ သေနတ်ကိုင်ပြီး တပ်ပိုင်လို့ ဆိုင်းဘုတ်လာထောင်ထားလို့သာ ပြန်ပေးပါဦး လုပ်နေရတာလေ။ မသာလက်ဖက်နဲ့ လက်ဆောင်တက်တဲ့ အဆင့်ကို မရှိတာ။ မသာလက်ဖက်ကမှ မသာအိမ် သွားရသေး၊ သွားပြီး ဘာလေးညာလေး ကူရသေး။ တပ်ပိုင် ဆိုင်းဘုတ်တွေ လိုက်ထောင်ပြီး အတည်ပေါက်ကြီး နယ်စပ်ဒေသ လုံခြုံရေး ဝန်ကြီးဌာနတွေဖွဲ့ပြီး ဝန်ကြီးတွေ ဘာတွေတောင် ခန့်လို့။ တစ်နေ့ကပဲ အဲဒီကောင်တွေ ခိုးလွန်းလို့ဆိုပြီး ဖြုတ်ထုတ်ပြောင်း လုပ်ပြနေသေးတယ်။ တကယ့် မရီရတဲ့ ဟာသ၊ စစ်ဗိုလ် ခိုးတာများ အဆန်းလုပ်နေသေးတယ်။ ခွေးက လူကိုက်တာ သတင်း မဟုတ်၊ ခွေးကို လူက ကိုက်မှ သတင်း ဆိုတာလို မခိုးတဲ့ စစ်ဗိုလ် ရှိမှ သတင်း ဖြစ်မှာလေ၊ အဲတော့ သူတို့သတင်း ဘယ်သူမှ စိတ်မဝင်စား။ တကယ့် လေးဘမ်း သေးပန်းတွေ။
နောက်ထပ် အတည်ပေါက်ကြီး ဘာထပ်လုပ်လဲ ဆိုတော့ မူလ တိုင်းရင်းသားတပ်တွေကိုတော့ ငါတို့ စက်တော်အောက်က ဆိုင်းဘုတ်စောင့်တပ် BGF လုပ်တဲ့။ အနုကြမ်းစီး၊ ဒမြတိုက်၊ ဆက်ကြေးကောက်၊ ကျားဖြန့်လုပ်တဲ့။ ဟော တရုတ်က သူ့ပြည်သူတွေ ငွေလိမ်ခံရတာနဲ့ ကျားဖြန့်ကို ကြွက်ဖြန့်လုပ်ပစ်လိုက်တော့ ရှမ်းမြောက်မှာ ထောင်ထားတဲ့ တပ်ပိုင် ဆိုင်းဘုတ်လေးတွေပါ ပြုတ်သွားရော။ အဲဒီ ဆိုင်းဘုတ်တွေ မရှိမှ ကျားဖြန့်လည်း မရှိမှာ မဟုတ်လား။ ပြီးတော့ တိုင်းရင်းသား လူနည်းစုတွေ အုပ်ချုပ်ရေးပုံစံသစ် လုပ်ဖို့ပါ ချီတုပ်နေပြီ။ အဲတော့ နယ်လုံဝန်ကြီးက တရုတ် ဖြစ်သွားပြီပေါ့လေ။
တကယ်တော့ ပြည်နယ်က ခွေးတပ်ဆီ တောင်းရမှာတောင် မဟုတ်။ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဦးချိနကို အမှူးထား၍ ဆိုပြီး အိမ်နီးချင်း ရှမ်းလူမျိုးတွေ၊ ဒေသခံတွေ၊ လူမျိုးစုတပ်တွေနဲ့ပဲ ညှိပွဲ လုပ်ရမှာ။ မအလ ငလမတို့တတွေက တရုတ်ကြောင့်သာ ဝေခြမ်းရေးယောင်ယောင် ဟန်ပလီဆောင် ခွင့်ရနေသေးတာရယ်။ အဲဒါကို မြောက်မြန်မာမှာ တရုတ် ဝင်ရှုပ်လို့ ဟုတ်တိပတ်တိ မဟောင်လိုက်ရ ခွေးအလှည်းနင်း ဖြစ်သွားလေခြင်း လုပ်နေကြတယ်။ တရုတ်က နှုတ်သီး ဖြတ်ရိုက်ရင် ဟောင်ဖို့ထား၊ အီတောင် မအီရဲတာ၊ ကိုယ့်နိုင်ငံမှာ ကိုယ့်ဘာသာ ရုံတင်တဲ့ ရုပ်ရှင်ကားတောင် တရုတ်က မပြနဲ့ဆို မပြရဲရှာတဲ့ ဘဝ။ ခုတော့ ရုပ်ရှင်ဘလိုင်းဘောက်လည်း တိုင်းမောက်ဖြစ်။ တော်နေ လုံးဝ မပြရဆိုရင် ပလိုင်းပေါက်နဲ့ ဖားကောက်တဲ့ အဖြစ်ထိ ဆိုက်ရမလေ။ ရုပ်ရှင်ဆိုတဲ့အတိုင်း တရုတ်ရှင်ဆိုမှ ရှင်ရမယ့် ဘဝ။ ခုတော့ မြန်မာ့ မြန်မာ့ရုပ်ရှင်တွေ တစ်လုတ် တစ်လုတ်ဆီ ခွင့်ပြုချက် တတင်ရတော့မလေ။
တရုတ်ကြီးက တိုင်းရင်းသား လူနည်းစုတွေ ကိုယ်ပိုင် အဆင့်မြင့် အုပ်ချုပ်ရေးပုံစံ ကြံဆ လုပ်ကိုင်ဖို့ ပြောတဲ့အပြင် မအလ အနောက်နဲ့ ဆက်ဆံတယ် ဆိုတာနဲ့ တရုတ်ကွန်မြူနစ်ပါတီကလည်း သူတို့အပေါ် မြန်မာလူထုရဲ့ သဘောထားကို နိုင်ငံရေးပါတီ တချို့နဲ့ အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မှာ တွေ့တုန်း စုံစမ်း မေးမြန်းတာတွေ လုပ်ပြီ။ လူထုသဘောထားကတော့ လယ်ပြင်မှာ ဆင်သွားသလိုကို ထင်ရှားပါတယ်။ တရုတ်မှာ မုန်တိုင်း ဝင်တယ်ဆို ပျော်ကြပြီ။ ဆည်အကျိုးကို ဖျာခင်းစောင့်နေကြတာ။ ကျိုးလို့ကတော့ ပွဲဖြစ်ပြီ။ သိတယ်ဟုတ်၊ မြန်မာဆိုတာ ပွဲကြိုက်ခင်နဲ့ ပွဲကြိုက်မောင်ချည်း။
ဒါပေမဲ့ သူတို့တွေ့တဲ့ ဖာထီတွေက လူထု သဘောထားအမှန် ဘယ်ပြောရဲမလဲ။ မပြောရဲဆိုတာက သူတို့ ကိုယ်တိုင်ကိုယ်ကျ လူထုနား သွားရဲတာမှ မဟုတ်တာ။ တရုတ်တွေကလည်း ဘုရားစူး ကွန်မြူနစ်၊ လူထုဆိုတာတောင် အရုပ်ရေးပြရမယ့် အဖြစ်။ ဘူဘူချင်း ပေါင်းတော့ တစ်ရာမှ မဟုတ်တာတော့ သေချာတယ်။ အမှန်က အေးနေဝင်းကို မေးရမှာ။ ဘယ်ကျန်တဲ့ ကောင်တွေက သိမလဲ။ သိလည်း မပြောရဲ။ အေးနေဝင်းက ပြောရဲဆိုရဲ ရပ်ကွက်ခေါင်း။ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူးချုပ် Mr. Peng Xiubin က ဝက်နဲ့မတွေ့ဘဲ ကြံ့ဖွတ်တို့လို လူ့ဆန့်ကျင်ဖာထီတွေနဲ့ချည်း တွေ့သွားတာလေ။ ဆံရှည်ကိုယ်တော် စိုင်းကျော်ညွန့်များ နည်းနည်းပါးပါး ပြောရဲမလား မသိဘူး။ အရင်က CSO စင်တွေပေါ်တော့ ရှယ်ဖွာခဲ့တာပဲ။ စင်ကြိုက်စိုင်းပဲလေ။ ရှမ်းတွေအဖို့လည်း ပြောစရာတွေ အများကြီး မဟုတ်လား။ အင်း ဒါပေမဲ့ နာမည်မှာ စိုင်းပါတဲ့ အရေးတကာ ဆရာကြီးတိုင်းက ရှမ်းအကြောင်းကလွဲရင် အကုန်ဖွာတာကလည်း ဘာမှန်းမသိ ထူးခြားဘိ။
တချို့ကတော့ မအလဟာ အနောက်နဲ့ ဆက်ဆံချင်တယ် ဆိုပေမယ့် အိမ်နီးချင်း ဖြစ်တဲ့အတွက် တရုတ်နဲ့ပဲ ဆက်ဆံတာကိုပဲ ပိုသဘောကျတယ်ဆိုပြီး ပြောလွှတ်လိုက်သတဲ့။ အနီးအနားဆိုတော့ ကဒီးကဒီးသွားနိုင်တယ်ပေါ့လေ။ ဒါပေမဲ့ သူနဲ့ မတည့်တဲ့ ဂျပန်ကို သွားပြီး အနောက်နဲ့ ဆက်ဆံတာတော့ တရုတ်ကြီးက တယ် သބောတွေ့မယ် မထင်ဘူး။ မြန်မာပြည်သူကလည်း သူတို့ ရင်းနှီးမြှုပ်နှံထားတာတွေကို သေချာ စောင့်ရှောက်ပေးနေပါရက်နဲ့ မအလ ငလမတွေနဲ့ ပေါင်းပြီး ကိုယ့်ကို ဝိုင်းသတ်နေတဲ့ ကိစ္စတော့ ဘယ် သဘောကျမလဲ။
သူ့ တရုတ်ပြည်သူတွေကို ဖုတ်တဲ့ မြောက်ပိုင်း ကျားဖြန့်တွေကိုတော့ ညီနောင်သုံးဖော်နဲ့ ပေါင်းပြီး စစ်တိုင်းပြုတ်အောင် နှိမ်နင်းပြီး၊ အမေရိကန်နဲ့ ဥရောပကို သမတဲ့ ကျားဖြန့်တော့ ပိုကြီးထွားအောင် လုပ်နေတာကိုလည်း ဘယ်ကျေနပ်မလဲ။ တောင်ပိုင်းလည်း စစ်တိုင်း တစ်တိုင်းလောက်ပြုတ်အောင် KNU, NUG တပ်တွေနဲ့ ပေါင်းဖုတ်ပေးရင် ကျေနပ်မှာပေါ့။ နောက်ဆုံး ပေါင်းမဖုတ်တောင် ဝင်မရှုပ်ရင် တော်သေး။ ကျောက်ဖြူဘက်လည်း ဝင်မရှုပ်မှ၊ ရခိုင် တစ်ပြည်လုံး AA ရဖို့က လက်နှစ်လုံးလောက် လိုတော့တာ။ ရခိုင်ရရင် မကွေးဘက် ကပစတွေဆီ ချီလေတဲ့ ချီလေလိုက်ရင် ဤမြေမှ ဟိုတောင်တန်းတွေထိ မောင်လှမ်းရုံ ရှိတော့တာ မဟုတ်လား။ ခွေးတွေ သူ့ဘာသာ ထွက်ပြေးတာနဲ့ ခွေးမောင်းပွဲတောင် လုပ်လိုက်ရမှာ မဟုတ်။
အနောက်ဘက် စစ်မျက်နှာမှာလည်း တံတားကြီးပေါ်က ကုလားကြီးချော်ကျ ငါးကြီးကြော်က တစ်ွက်၊ အဲလေ ဟုတ်ပေါင် တံတားကြီးပေါ်က သံချပ်ကာကားကြီး ကျော်ခွ AA တို့က တစ်ကွက်နော်။ စစ်တွေကို သိမ်းဖို့ တံတားပေါ်ကနေ အာရက္ခ အလံတော် တလူလူနဲ့ တင့်ကားကြီးတွေ ဖြတ်သွားတာများ လှသမှ လွတ်လှ။ မြင်ရချက် အသက်ပင် မရှူမိလိုက်။ ဗိုလ်ချုပ်က မကြာခင် လေယာဉ်ပါ သီတင်းကျွတ် မီးပုံးလုပ် ဆွဲပြဦးမလား မသိ။ လေယာဉ်ကွင်းတွေက ရှိပြီးသားရယ်။ လာပေါင်းမယ့် ကောင်တွေပဲ လိုတာ။ တိုက်သိမ်းတွေလည်း ရှိဦးမှာ။
အဲဒီလို အခြေအနေမှာ အင်း ခွေးတပ် ဆိုတော့လည်း ခွေးဇာတ်ခင်းတဲ့ ကောင်တွေပဲ ရှိ။ ဘာတဲ့ ငြိမ်းချမ်းရေး အဖွဲ့ဥက္ကဋ္ဌ ရာပြည့်ကောင်က ငြိမ်းချမ်းရေး ရရှိဖို့ စစ်တပ်က ဗုံးကျဲနေရတာမို့ ရပ်တန့်ခိုင်းလို့ မရနိုင်တဲ့။ အပစ်ပဲ ရပ်ဖို့ ပြောတာ၊ အကြဲတော့ မရပ်ဘူး။ အပစ်ကလည်း မင်းတို့ပဲ ရပ်ရမှာ ငါတို့ မပါဘူး၊ ငါတို့က ပစ်ချင်တဲ့ အချိန် ပစ်လို့ရ ဆိုတဲ့ သဘော။ ခွေးတပ်ရဲ့ ဟောင်ပုဒ်က "တိုင်းရင်းသား ဒေသတွေ ငြိမ်းချမ်းဖို့ ဗုံးတွေကြဲနေစို့" ပေါ့လေ။ အေးလေ ငြိမ်းချမ်းရေး ဆိုတာကလည်း လူ့ကိစ္စကိုး။ ခွေးအမှုမှ မဟုတ်တာ။
ရာပြည့် ဟောင်ပုံက စစ်တပ်က စစ်ကိုက်တဲ့ အလုပ် လုပ်နေပြီး သူတို့က ငြိမ်းချမ်းရေး ဟောင်တဲ့ အလုပ် လုပ်တာမို့ ကိုက်တဲ့ အပိုင်းကို ရပ်တန့်လို့ မရဘူး ဆိုကတည်းကပဲ။ တကယ့် ငပေါ။ ဒါတောင် သူက ကာဝန် နော်။ ပရိုတိုကော အတိုင်းဆို ရဲဝင်းဦး အထက်မှာ ရှိတယ်။ ဒါပေမဲ့ သောက်တလွဲ ခြေဥက ကာဝန်ကို ကာချုပ်ကပဲ ခန့်ရမတဲ့။ စာရေးက မြို့အုပ် ခန့်တဲ့ အထာ။ အဲတော့ ဟဲ့ကောင် ရဲဝင်းဦး မင်း ကိုက်တာတွေ ရပ်လို့ အူရဲဘူးလေ။ ဟိုက သူ့ပါ ကိုက်ထည့်လိုက်မှာ။ အာ့ကြောင့်လည်း NCA ဟာ သောက်လုပ်မဖြစ်ဘူးလို့ RCSS က ပြောတာပေါ့။
ဗုံးကြဲတာကိုပဲ ငြိမ်းချမ်းရေး လုပ်နေပါတယ်လို့ ဟောင်နေတာ ဆိုတော့ ဒီကောင်က ရာပြည့်ဖို့ထား၊ ကျပ်တောင် ပြည့်ပုံ မရ။ ကျပ်မပြည့်ပုံက ကာဝန် အနေနဲ့ ဗုံးကျဲပြီး ငြိမ်းချမ်းရေး အဖွဲ့အုပ်ကြီး အနေနဲ့ အပစ်ရပ်ဖို့ ဟောင်တယ် လုပ်တာသာ ကြည့်။ သူ အဲလို ကိုက်နေ ဟောင်နေမှ ငြိမ်းချမ်းရေး စကားပြောလို့ ရမတဲ့။ မကြဲရင်၊ မပစ်ရင်၊ မတိုက်ရင်၊ မသိမ်းရင် အလိုလို ငြိမ်းချမ်းနေတာလေ။ ဘာမှကို စကားဝိုင်း ဖွဲ့နေစရာ မလိုဘူး။
ကျားဖြန့်နဲ့တော့ ဘယ်လို ငြိမ်းချမ်းရေး၊ အဲလေ ဝေခြမ်းရေး လုပ်လဲ မသိဘူး။ ဗုံးမကြဲ၊ စစ်ကြောင်း မထိုးတဲ့အပြင် ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်တာတို့တောင် လုပ်ကြတယ်။ ကျားဖြန့် အပေါ် ထားတဲ့ သဘောထားမျိုးလေး ပိစိကွေးလောက် ထားရင်ကို ငြိမ်းချမ်းပါတယ်။ ကြည့်စမ်း ကျားဖြန့်တွေ ဘယ်လောက် တိုးတက်သလဲ။ လပိုင်းလေးကို ကျားဖြန့်ရုံတွေ မှိုပေါက်သလို ပေါ်လာတာလေ။ ဈေးဝယ်စင်တာ ကြီးတွေအလား စကမ်စင်တာ ကြီးတွေဆို အဆင့်မီချက်။ ဒါတောင် လူသူ မနီးတဲ့ တောကြီးတောင်ကြီးထဲမှာ နော်။
အဲဒီ ကျပ်မပြည့်ကောင်က ခု စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့အုပ်ကြီးကလည်း ဝင်လုပ်ပြန်ပြီ။ စကမ်နဲ့ လူပြန်ပေး တွဲလုပ်သလို ငြိမ်းချမ်းရေးနဲ့ စစ်မှုထမ်း လူပြန်ပေး တွဲလုပ်မလို့တဲ့၊ တကယ် ကျပ်မပြည့်ပုံတွေ နော်။ ဒီလောက် မဟားဒယား ကားပေါ်၊ ရထားပေါ်၊ လမ်းပေါ်၊ အိမ်ပေါ် နသားပယား ဆွဲနေတာကို အားမရ၊ ပိုပြီး တင်းတင်းကျပ်ကျပ် ခေါ်ရဦးမတဲ့။ ကျပ်မပြည့်ကောင်ရဲ့ ငြိမ်းချမ်းရေး သဘောထားလေး တစ်ဖြတ်ပါ။ လူတွေများ သူ့ အမေ ဗိုက်ထဲက ထွက်လာတယ်များ ထင်နေလား မသိ။
လူအင်အား မပြည့်မီလို့ စစ်မှုထမ်း သင်တန်းတွေ နောက်ကျ ဖွင့်လှစ်ရတာတွေ မရှိစေရတဲ့။ စစ်မှုထမ်း ဆင့်ခေါ်ရာမှာ လူစားထိုးတာတွေ မရှိစေဖို့တဲ့။ အဲဒီကောင် ဟောင်တဲ့ ငြိမ်းချမ်းရေး အသံ ဘယ်လောက် နားမခံသာမယ် ဆိုတာ စဉ်းစားသာ ကြည့်။ ကျပ်မပြည့်ကောင်က လာသေးတယ်။ စစ်မှုထမ်းတွေဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်ခြင်းတဲ့။ ပြည်သူလူထုက အဲဒါကို သေချာ သိရှိ နားလည်လာပြီး ကြည်ကြည်ဖြူဖြူနဲ့ သူတို့ သားသမီးကို စစ်ခွေးလက် ထိုးအပ်ပြီး အသက် အသေခံရေး၊ အချင်းချင်း ပစ်ခတ် သတ်ဖြတ်ရေး ဖြစ်ပေါ်လာအောင် လုပ်တဲ့။
စစ်မှုထမ်း ခေါ်ယူမှုတွေအပေါ် အဓိက ပြည်သူလူထု အထင်လွဲအောင် လုပ်နေတဲ့ မီဒီယာတွေကိုလည်း အင်တာပိုလ်နဲ့ ဖမ်းခိုင်းမတဲ့။ အင်း ဒီ ကျပ်မပြည့် ငြိမ်းချမ်းရေးနဲ့တော့ ရပ်ထဲရွာထဲ ခွေးရူးတွေ ပိုသောင်းကျန်းလာဖို့တော့ မြင်ယောင်သေးတယ်။ နှာနုသာ စောင့်ရိုက်တော်မူကြပါကုန်။
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar