Breaking News

ငြိမ်းချမ်းရေး ဆိုတဲ့ အသုံးအနှုန်းနဲ့ မြန်မာ့ပြည်တွင်းစစ်

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၄ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၅ ၊ ၂၀၂၆  

 

ငြိမ်းချမ်းရေး ဆိုတဲ့ အသုံးအနှုန်းနဲ့ မြန်မာ့ပြည်တွင်းစစ်

ငြိမ်းချမ်းရေး ဆိုတဲ့စကားလုံးက ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ မူရင်းစကားလုံး အဓိပ္ပာယ်ဖြစ်တဲ့ စစ်ပွဲများ ရပ်ဆိုင်းပြီး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေအကြား သဘောတူညီမှု တရပ်ရရှိခြင်း၊ အရပ်သားပြည်သူလူထု အနေနဲ့ မိမိတို့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို လုပ်ကိုင်နိုင်ခြင်း မိမိတို့ ရပ်ရွာနေအိမ်တွေမှာ နေထိုင်နိုင်ခြင်း ဆိုတဲ့ အဓိပ္ပာယ်မျိုးထက် “ငြိမ်းချမ်းရေး”စကားလုံးက စစ်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေးရည်မှန်းချက်ကို အောင်မြင်ဖို့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲတဲ့ အဓိပ္ပာယ်၊ ပရိယာယ်အရ လုပ်ဆောင်ကြတဲ့ လုပ်ဆောင်မှုတခုအဖြစ် နားလည်နေကြပါတယ်။

နွေဦးတော်လှန်ရေး ထောက်ခံသူတွေအကြား ငြိမ်းချမ်းရေး စကားသုံးနှုန်းသူတွေကို ရန်သူကို အခွင့်အရေးပေးသူ၊ မိမိအကျိုးအမြတ်တခုအတွက် ငြိမ်းချမ်းရေး ဆိုတာကို ပြောဆိုသူတွေအဖြစ် သံသယနဲ့ ကြည့်ကြ၊ ငြိမ်းချမ်းရေး ပွဲစားအဖြစ် စွပ်စွဲတံဆိပ်ကပ်ကြတာတွေ ရှိလာတာ ဖြစ်ပါတယ်။

၁၉ ရာစု အစပိုင်း ဗြိတိသျှနဲ့ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေအကြား ဖြစ်ပွားခဲ့ကြတဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်၊ ဒုတိယစစ်ပွဲတွေအပြီး ချုပ်ဆိုတဲ့ စာချုပ်၊ သဘောတူညီမှုတွေကို စစ်ပြေငြိမ်းစာချုပ်လို့ သမိုင်းမှတ်တမ်းတွေမှာ သုံးနှုန်းခဲ့ကြတာ တွေ့ရပါတယ်။

ခေတ်သစ်မြန်မာနိုင်ငံရေးမှာတော့ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှု၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေ ပုန်ကန်တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၄၇/၄၈ ခုနှစ်နောက်ပိုင်းကာလတွေမှာ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အသုံးအနှုန်းတွေကို အစဥ်အမြဲ ရောထွေးသုံးစွဲလာကြတာတွေ့ရမှာ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်မှာ စတင်ဖြစ်ပွားတဲ့ နိုင်ငံတနိုင်ငံလုံးနီးပါး ကျယ်ပြန့်စွာဖြစ်ပွားတဲ့ ပြည်တွင်းစစ် (စစ်တပ်နဲ့ အစိုးရရဲ့ သမိုင်းတွေထဲ ရောင်စုံသူပုန်ခေတ်လို့ သုံးနှုန်း)ဟာ ၁၉၅၂ အထိ ကြာမြင့်တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပြီး ၁၉၅၆ ခုနှစ်လောက်ကျမှ နယ်တွေ၊ ကျေးရွာတွေမှာ တိုက်ခိုက်မှုတွေ နည်းပါးသွားတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ဒီကာလတွေမှာလည်း လက်ဝဲညီညွတ်ရေး၊ ဖဆပလ အစိုးရနဲ့ ဗကပ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး၊ သို့မဟုတ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပုံစံအမျိုးမျိုး အခေါ်အဝေါ် အမျိုးမျိုးနဲ့ ရှိခဲ့ကြတာ သမိုင်းမှတ်တမ်းတွေမှာ တွေ့ကြရပါတယ်။

ဖဆပလ အစိုးရရဲ့ ဝန်ကြီးချုပ် ဦးနုက ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့ မှာ ကမ်းလှမ်းတဲ့ အချက် ၁၄ ချက်ပါဝင်တဲ့ “နုမူ” လို့ အတိုကောက် ခေါ်ဆိုကြတဲ့ ကမ်းလှမ်းချက်ကို ထုတ်ပြန်ပြီး လက်ဝဲအင်အားစု ညီညွတ်ရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ပြည်တွင်းစစ် အရှိန်အဟုန်နဲ့ မဖြစ်ပွားသေးဘဲ လက်ဝဲအင်အားစု ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုပြီးခါစ ကာလ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်ဆန်းပိုင်း ပြည်တွင်းစစ် အရှိန်အဟုန်နဲ့ တောက်လောင်ခဲ့ပြီးနောက်မှာတော့ ငြိမ်းချမ်းရေး သို့မဟုတ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုထက် ဖဆပလအစိုးရက လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ လက်နက်ချဖို့ ကမ်းလှမ်းတဲ့ အမိန့်ကြေညာချက်တွေသာ ၁၉၄၉၊ ၁၉၅၁၊ ၁၉၅၅၊ ၁၉၅၈ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

ဒီကာလတွေမှာ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သူက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရဲ့ အစဖြစ်ရပ် ဖြစ်တဲ့ ကွန်မြူနစ်ပါတီ တောခိုပြီးနောက် ရက်သတ္တပတ်အကြာမှာပဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ အရ သိရပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ အဲဒီကာလက နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ ဆိုတဲ့အမည်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတုန်းက အတူတူ လက်တွဲလုပ်ကိုင်ခဲ့ကြပြီး အခုလို လွတ်လပ်ရေး ရပြီးနောက်မှာ တဖက်နဲ့ တဖက် လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ အဖြစ်ကို ရပ်တန့်သွားစေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ သူမနာ ကိုယ်မနာ စေ့စပ်ဆွေးနွေးရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတုန်းက နယ်ချဲ့ကိုလိုနီတွေကို တွန်းလှန်ခဲ့စဥ်က အတူတူလုပ်ခဲ့ကြပြီး အခုအခါ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အဖြစ်ကို အဆုံးသတ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီခေတ်ကာလက ဖဆပလ အစိုးရသည်ပင်လျှင် သခင်ကိုယ်တော်မှိုင်း နာယက အဖြစ်နဲ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့အဖွဲ့ကို အတွေ့မခံခဲ့ဘူးလို့ မှတ်တမ်းတွေမှာ ဖော်ပြထားကြတာပါ။ ဖဆပလ တခေတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၊ ကမ္ဘာ့ငြိမ်ချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) စတဲ့ အမည်နာမတွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ရာက ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၁၉၆၄ ခုနှစ် ဧပြီလမှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ကာ ဖျက်သိမ်းခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ မဖျက်သိမ်းမီ တနှစ် ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီက ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီအဖွဲ့ နဲ့ ကေအန်ဒီအို အစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းစီ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပေမယ့် ရည်ရွယ်ချက်ကိုယ်၌က ငြိမ်းချမ်းရေး ရဖို့ထက် နိုင်ငံရေးအရ နာမည်ကောင်းရဖို့သာ ရည်ရွယ်ရင်းဖြစ်လို့ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးတွေ တစုံတရာမျှ မရရှိခဲ့ကြပါဘူး။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လက်နက်ကိုင်အဖွဲ့တွေ တဖွဲ့ပြီး တဖွဲ့ ရန်ကုန်ကို လာရောက်ကြတဲ့အခါ လွတ်လပ်ရေးမရခင်ကာလက တို့ဗမာအစည်းအရုံးထဲက တပြည့်တွေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လာရောက်တွေ့ဆုံကြတဲ့ သတင်းဓာတ်ပုံတွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိုယ်စားလှယ် ပဲခူးရိုးမ တောတွင်းပြန်သွားတဲ့အခါ စမ်းချောင်းကို ဖြတ်ပြီး ကျောပေးထားတဲ့ ဓာတ်ပုံတွေက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဝေးသွားတဲ့ သင်္ကေတသဘောဆောင်တဲ့ ဓာတ်ပုံတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီကာလနောက်ပိုင်း လူသိရှင်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုတာတွေထက် တဖွဲ့ချင်းစီ လျှို့ဝှက်တွေ့ဆုံညှိနှိုင်းမှု လုပ်ကြတာမျိုးတချို့သာ ရှိခဲ့ပြီး ၁၉၈၁ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မဆလ အစိုးရတွေ့ဆုံမှုလိုမျိုးက နောက်နှစ်ပေါင်းအတန်ကြာမှသာ လူထုအနေနဲ့ သိရှိကြရတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာထက် အပစ်အခတ်ရပ်ပြီး လက်နက်စွန့်စရာမလိုတဲ့ အပစ်ရပ် သဘောတူညီမှုတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်၊ ဝ တို့နဲ့ ရယူခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ကေအိုင်အေ၊ ၁၉၉၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ စသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီမှုယူခဲ့ပေမဲ့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခဲ့တာ မရှိခဲ့ပါဘူး။

၁၉၈၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အကြားက အပစ်အခတ်ရပ်စဲမှုသာရှိခဲ့ပြီး နိုင်ငံရေး ပြဿနာကို ဆွေးနွေးမှု မရှိခဲ့တဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးမှုတွေရှိခဲ့ပြီး အသွင်မပြောင်းနိုင်တဲ့ အဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ ပြဿနာတွေ ဖြစ်ခဲ့တာတွေ့ကြရမှာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် တက်လာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖို့ စတင်လုပ်ဆောင်ခဲ့ရာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ဖြစ်လာဖို့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရအကြား အစည်းအဝေးပေါင်း ရာဂဏန်းနဲ့ချီ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ NCA လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း နဲ့ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးကာလတွေဟာ မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေး ရတော့မလားဆိုတဲ့ မျှော်လင့်ချက် အလင်းရောင် တောက်ပဆုံးကာလလို့ ဆိုနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ နီးပါး လျစ်လျူရှုထား ထိတွေ့ခြင်း မပြုနိုင်ခဲ့တဲ့ ပြဿနာတွေကို စတင် ဆွေးနွေးပြောဆိုနိုင်ကြတဲ့ ကာလလို့ ဆိုရမှာဖြစ်ပါတယ်။

သို့ပေမဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ငြိမ်းချမ်းရေး ညီလာခံတွေ အကြိမ်ကြိမ် ကျင်းပခဲ့သည့်တိုင် အပစ်ရပ်ရေး ငြိမ်းချမ်းရေး သဘောတူညီမှု အနေနဲ့ နောက်တဆင့် မတက်နိုင်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်တပ် အနေနဲ့ NLD အစိုးရက ဦးဆောင်တဲ့ ငြိမ်းချမ်းရေး မအောင်မြင်အောင် ကန့်လန့်ခံထားခဲ့တာ ထင်ရှားပါတယ်။ ငြိမ်းချမ်းရေး ညီလာခံမှာ တပ်ချုပ် မင်းအောင်လှိုင်က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းဖို့ ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ NLD အစိုးရကို ပြင်းထန်တဲ့စကားလုံးတွေ သုံးပြီး ပြောဆိုခဲ့တာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒီလို အနေအထားမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီ အစိုးရမဖွဲ့နိုင်အောင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ရာက နှစ်ပေါင်း ၇၀ နီးပါးကာလအတွင်း ဒုတိယအကြိမ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ်အတွင်း သက်ဆင်းခဲ့ကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ စစ်ပွဲနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ဆန့်ကျင်ဘက် စကားလုံးတွေအကြား နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး နေထိုင် အသက်ရှင်ခဲ့ကြရာက ၂၀၂၁ ခုနှစ် နောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မီးတောက်ထဲ ထပ်မံကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံး၊ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးဟာ ပြည်သူလူထုအဖို့ အလိုချင်ဆုံး အဖြစ်ချင်ဆုံး အိပ်မက် ဖြစ်နေမှာ မှန်ပေမဲ့ လက်တွေ့ဘဝမှာတော့ ငြိမ်းချမ်းရေး စကားပြောဆိုသူ၊ အပစ်အခတ်ရပ်စဲရေး စကားပြောဆိုသူတွေဟာ သစ္စာဖောက်သူတွေအဖြစ် တံဆိပ်တပ် ပြောဆိုခြင်း ခံရမဲ့ အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar