Breaking News

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၅)

 

နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၅)

လှကျော်ဇော

 မိုးမခ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၆  

 

ရန်မနိုင်-ငါမနိုင် အခြေအနေ

၂၀၂၁ က စခဲ့တဲ့ နွေဦးတော်လှန်ရေး ပတ်ဝန်းကျင်မှာ အခုတလော ခေတ်စားလာတဲ့ စကားစုပါ။ အဲဒီနောက်မှာ ဘက်အသီးသီးက အဓိပ္ပာယ်ဖွင့်ဆိုမှုတွေလည်း အမျိုးမျိုးရှိလာပါတယ်။

စစ် (၃) စစ် အပြတ်တိုက်ရေးကို ချမှတ်ရပ်ခံထားတဲ့သူများရဲ့ အမြင်ကတော့ -

၁။ ဘုံရန်သူ-မအလ-စစ်တပ်အခြေအနေများ

အကြမ်းဖက် စစ်အာဏာသိမ်း အစိုးရကနေ (ဘယ်လိုပဲဖြစ်လာ ဖြစ်လာ) ရွေးကောက်ခံ အစိုးရဖြစ်လာတော့ နိုင်ငံတကာအခင်းအကျင်း အပြောင်းအလဲ မျက်နှာစာမှာ အတော်အတန် ဝင်ဆန့်လာပြီး မအလအတွက် အသက်ရှူချောင်စရာ အကွက်တွေ ရလာတာတွေ ရှိပါတယ်။ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတချို့ ပြန်ရလိုက်တာလည်း ရှိပါတယ်။ ဒီတော့ စစ်တပ်အနေနဲ့ အပြတ်မနိုင်သေးပေမဲ့ အရင်စစ်တပ် အာဏာသိမ်းပွဲများလိုပဲ ပြည်သူတွေ ငြိမ်ကျသွားပြီး သူတို့စစ်အစိုးရကို ထောက်ခံလာနိုင်တယ်လို့ အူမြူးလာမှုတွေ ရှိလာပါတယ်။

ဒါပေမဲ့ မအလစစ်တပ်အတွက် ဘယ်လိုမှ မကျော်လွှားနိုင်တဲ့ အခက်အခဲကြီး တခုရှိနေပါတယ်။ အဲဒါကတော့ မအလတို့ရဲ့ စစ်အာဏာရှင်စနစ်ကြီးကို ကာကွယ်စောင့်ရှောက်ပေးရမယ့် စစ်တပ်ကြီးရဲ့ ဘက်စုံက ချွတ်ခြုံကျလာမှုပါ။ မဆလခေတ်ကစလို့ လူကောင်းပဲ လိုချင်တယ်၊ လူတော် မလိုဘူးဆိုတဲ့ ဗိုလ်နေဝင်း လမ်းညွှန်မှုအောက်မှာ မိမိ (အထက်လူကြီး) အပေါ်မှာ ကောင်းတဲ့လူမျိုးကိုသာ သဘောကျ မြှောက်စားတဲ့ စနစ်ကြီး ရှိခဲ့ပါတယ်။ လက်သင့်ရာ စားတော်ခေါ်ပြီး အရည်အချင်းရှိသူများ၊ အောက်ခြေရဲဘော်များရဲ့ လေးစားခြင်းခံရသူများကို ဖယ်ရှားလာတာ များတော့ တကယ့် တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်မှူး ရှားသွားပါတယ်။

နဝတ-နအဖ ခေတ်မှာ ပိုဆိုးသွားပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ တနပ်စားအကြံနဲ့ လက်နက်ကိုင် အဖွဲ့အသီးသီးကို အပစ်အခတ်ရပ်စဲရေးကို စီးပွားရေး လုပ်ချင်တာ လုပ်ခွင့်နဲ့ အလဲအထပ် လုပ်လိုက်တဲ့အခါ စစ်တပ်ထဲမှာ စစ်တိုက်တတ်တဲ့ စစ်ဗိုလ် လုံးဝမရှိတော့ဘဲ၊ စီးပွားရေး လုပ်ချင်သလို လုပ်ပြီး အထက်ကို များများ လာဘ်ထိုးနိုင်သူများ ဗိုလ်ချုပ်တွေ ဖြစ်ကုန်ပါတယ်။ တိုင်းမှူးတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့်ပဲ မအလခေတ် ၁၀၂၇ စစ်ဆင်ရေးမှာ မကြားဝံ့မနာသာ မကြုံစဖူး ဗိုလ်ချုပ်တွေ အစုလိုက်အပြုံလိုက် သုံ့ပန်းတွေ ဖြစ်ကုန်တာ။ ဘေးသတင်း တခုကြားရတာ အဲဒီတုန်းက ကျားဖြန့်လုပ်နေတဲ့ ကိုးကန့်ခေါင်းဆောင်များက စစ်တပ်က ဗိုလ်ချုပ်များကို လာဘ်ထိုးတာ ပီနံအိတ်အပြည့် တရုတ်ယွမ် (၁၀၀) တန်တွေ ပေးတာတဲ့။ အဲဒါ မက်ပြီး အဲဒီမှာ စုပြုံရောက်နေတာတဲ့။

အဲဒီသတင်းက ဟုတ်ပုံရတယ်။ အောက်တိုဘာ ၅-၆-၇ ရက်နေ့ (၃ ရက်ဆက်တိုက်) တရုတ်ဗဟိုရုပ်မြင်သံကြား အစီအစဉ်က ထုတ်လွှင့်ခဲ့တဲ့ "မြန်မာပြည်မြောက်ပိုင်းက ကျားဖြန့်အဖွဲ့များ ဖြေရှင်းစဉ်က" ဆိုတဲ့ သတင်းကား တနေရာမှာ ဒီလိုပြောသွားတာ ကြားလိုက်ရတယ်။ သူတို့တတွေ (တရုတ်က သေဒဏ်ပေးလိုက်တဲ့ ကျားဖြန့်အဖွဲ့သားတွေ) ဟာ ဗမာစစ်တပ်က တပ်မှူးများကို ငွေအမြောက်အမြား လာဘ်ထိုးပြီး သူတို့ရဲ့ အကာအကွယ်ကို ရယူထားတယ် တဲ့။

ဒီလို ဗိုလ်ချုပ်တွေနဲ့ ဘယ်လို စစ်တိုက်ကြမလဲ။ ဒါထက် ပိုဆိုးတာက အောက်ခြေတပ်သားများအပါ အဆင့်အသီးသီးက စစ်ဗိုလ်စစ်သားများ တိုက်ချင်ခိုက်ချင်စိတ် လုံးဝပျောက်ဆုံးနေတာပါ။ စစ်မှုထမ်းဖို့ ပေါ်တာအဆွဲခံရတဲ့ တပ်သားများကလည်း သေနတ်သံ ကြားတာနဲ့ ထွက်ပြေးနေကြတာ။ မိမိတို့တပ်က အဖမ်းခံထားရတဲ့ သုံ့ပန်းများအပေါ် ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ် အစဖျောက်ပစ်နေတာတွေ၊ တပ်ထဲက အကြီးအကဲ အများအပြားကြားမှာလည်း မတည်မငြိမ်၊ တယောက်ပြီးတယောက် လဲနဲ့။

ဒီလောက် ကမောက်ကမ ဖြစ်နေတဲ့ စစ်တပ်ကြီးဟာ တောင်ဆင်းလမ်းကို လျှောက်နေတာပါ။ သူတို့ဘက်က ရန်မနိုင်သေးရုံမက အနာဂတ်ပါ ပျောက်နေကြပါတယ်။

၂။ တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း အခက်အခဲ မသေးလှပါ။

အစစအရာရာမှာ အတော် ချို့တဲ့နေပေမဲ့ အကြီးမားဆုံး အားသာချက်ကြီးကတော့ အနာဂတ်အပေါ် ယုံကြည်ချက် ခိုင်ခိုင်မာမာ မြဲမြဲမြံမြံ ရှိနေခြင်းပါ။ စစ် (၃) စစ် အမြစ်ဖြတ်ရေး (သို့မဟုတ်) စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး တိုက်ပွဲဟာ အခု နွေဦးတော်လှန်ရေးမှ စခဲ့တာ မဟုတ်ပါဘူး။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ကတည်းက စခဲ့တာ အနှစ် ၆၀ ကျော်ပါပြီ။ အချို့ မိသားစုဆို မျိုးဆက် ၃ ဆက် ရှိပါပြီ။ အဘိုး အဘွား မျိုးဆက်တွေက ဇူလိုင် ၇ မှာ ပါဝင်ခဲ့၊ အဖေအမေ မျိုးဆက်က ၈၈ မှာ ပါခဲ့၊ အခုလက်ရှိ လူငယ်များ (ဂျဲန်ဇီး Gen-Z) က လက်ဆင့်ကမ်း နွေဦးတော်လှန်ရေးကို ဆက်ဆင်နွှဲနေကြတာ။

ဒီအနှစ် ၆၀ ကျော် တော်လှန်ရေးခရီးကြမ်းကြီးတလျှောက် အတက်အကျ အမျိုးမျိုးခရီးကို တဗိုလ်ကျ-တဗိုလ်တက် မဆုတ်မနစ် အံခဲကျော်ဖြတ်ခဲ့ကြတယ်။ ကောင်းနိုးရာရာ ဆေးမြီးတိုများ (အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ရွေးကောက်ပွဲများ၊ အမျိုးသားရင်ကြားစေ့ရေး နည်းနာများ) ကိုလည်း စမ်းသုံးခဲ့ကြဖူးပါပြီ။

အခုတော့ ပြည်သူတစ်ရပ်လုံးက နိဂုံးချုပ်ချက် ၂ ရပ် ရလိုက်ပါပြီ။

၁။ ဗမာပြည်ကြီး အခု ခံစားနေရတဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံတယ်။

၂။ ဗမာပြည်ကြီး ငြိမ်းချမ်း တည်ငြိမ် သာယာဝပြောဖို့အတွက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရမယ် တဲ့။

လူသားများသမိုင်းမှာလည်း လူသားတွေဟာ မတရားမှုများ၊ တရားမမျှတမှုများကို ဒီလိုပဲ တော်လှန်တိုက်ခိုက်လာကြတာပါ။ ဒါဟာ သမိုင်းရဲ့ အမှန်တရား ရေစီးကြောင်းပါ။ ဒါကြောင့်ပဲ ဒီတော်လှန်ရေးများဟာ အရှိန်မပျက် စီးဆင်းနေနိုင်တာပါ။ ဗမာပြည်သူတရပ်လုံး အနေနဲ့လည်း တော်လှန်ရေးတလျှောက် တွေ့ခဲ့ရတဲ့ အားနည်းချက်အမျိုးမျိုး (ဥပမာ - တော်လှန်ရေးတပ်ဖွဲ့များအကြား ညီညွတ်မှုမရှိတာ၊ တိုက်ပွဲနည်းနာများ အဆက်အစပ် မမိတာ) ကို ကြိုးစားပြုပြင်နေကြပါတယ်။

အရေးအကြီးဆုံးက ရန်-ငါ ပဋိပက္ခနဲ့ ရန်-ငါ တိုက်ပွဲမှာ ပြည်သူ ထောက်ခံတဲ့ဘက်၊ တရားရှိတဲ့ဘက်က ရေရှည်တိုက်ပွဲမှာ အနိုင်ရသွားမှာပါ။ တရားရှိရင် ကူသူများပါတယ်။

ငါမနိုင်သေးပေမဲ့ အနာဂတ်က တောက်ပနေပါတယ်။

 

လှကျော်ဇော

၁၆-၁၀-၂၀၂၆

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ

 


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar