Breaking News

လေးစမ်းဝင်း - ထိုင်းက CI အရေး

 

လေးစမ်းဝင်း - ထိုင်းက CI အရေး

မိုးမခ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၆

 

ထိုင်းနိုင်ငံဆိုတာက မြန်မာနိုင်ငံသားတွေသန်းနဲ့ချီပြီး ရောက်ရှိနေထိုင်လုပ်ကိုင်နေကြတဲ့ နိုင်ငံဖြစ်လို့ ထိုင်းရောက် မြန်မာပြည်သားသတင်းတွေဆိုတာ မြန်မာသတင်းဌာနတိုင်းလိုလိုမှာ နေ့တိုင်းလိုလို  ဖော်ပြပါရှိတယ်။ အမြဲလို လိုဖတ်ရတဲ့သတင်းတခုကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လို့အဖမ်းခံကြရတဲ့ မြန်မာတွေသတင်း ပါ။အဲ့ဒီနောက်တော့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားသတင်းတွေက အများစုဖြစ်တယ်။ ခုရက်ပိုင်း တော့ CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း မြန်မာအစိုးရကထုတ်ပေးတဲ့ အစိမ်းရောင်စာအုပ်ကိစ္စ လူပြောသူ ပြောများလာပါတယ်။

အခုရက်ပိုင်းပဲ ဖတ်လိုက်ရတဲ့သတင်းနှစ်ခုအရ ထိုင်းနိုင်ငံမှာ “မြန်မာအလုပ်သမား ၄.၁ သန်း ရှိတယ်လို့ထုတ် ပြန်၊”“ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသော မြန်မာလုပ်သား ၃ သန်းကျော်ရှိ”။နို င်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ ခန့်မှန်းတွက်ချက်မှုအရ တရားဝင်ရော၊ တရားမဝင်ရောပေါင်းရင် ၄ သန်း    ကျော်ရှိနေတာဖြစ်ပြီး၊ တရားဝင်အလုပ်လုပ်နေကြတဲ့ မြန်မာက ၃ သန်းကျော်ရှိနေတာပါ။ထိုင်းမှာ လာအလုပ် လုပ်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် အားလုံးပေါင်း ၄ သန်းကျော်ရှိပြီး မြန်မာက ၃ သန်းကျော်နဲ့ အများဆုံးရှိနေတာပါ။

မှတ်သားမိသလောက် ပြန်ပြောင်းပြောပြရရင် ၂၀၁၅ ခုနှစ်ကစပြီး ထိုင်းအစိုးရက ပန်းရောင်ကတ်လို့ခေါ်တဲ့ အ လုပ်သမားကတ်တွေကို တနိုင်ငံလုံးမှာ တထိုင်တည်း ထုတ်ပေးခဲ့တယ်။ အဲဒီကစပြီး ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေအားလုံးနီးနီး ပန်းရောင်ကတ်တွေ ရှိသွားကြတယ်။ ပြောရရင် ထိုင်းမှာ နေထိုင်အလုပ် လုပ်ကိုင်ဖို့ အထောက်အထား ရှိသွားကြတယ်။ အဲဒီကစလို့ ထိုင်းရဲတွေ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ဖမ်းဖို့ ခက်သွားကြတယ်။ တခုရှိတာက ပန်းရောင်ကတ်က အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ပြုထားပေမဲ့ တနယ်ကတနယ် ကျော်ပြီး ခရီးသွားခွင့်ကျ သက်ဆိုင်ရာအဆင့်ဆင့်တင်ပြီး ခွင့်ပြုမှသွားလို့ရတယ်။

ဒီမှာတင် မြန်မာဘက်ကနေ ၂၀၂၃ခုနှစ်လောက်ကစပြီး CI (Certificate of Identity)၊ "မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်"ဆိုတာ လုပ်ပေးခဲ့တယ်။ စာအုပ်အစိမ်းမို့ စာအုပ်စိမ်းလို့ခေါ်ကြပြီး အဲဒီစာအုပ်ရှိထားရင် ခွင့်ပြုချက်မလိုဘဲ ထိုင်းတနိုင်ငံလုံး ခရီးသွားလို့ရတယ်။ မြန်မာနိုင်ငံကူးလက်မှတ် (Passport) မရှိသေးတဲ့ သို့မဟုတ် သာမန် ပတ်စပို့လျှောက်ထားရန် ခက်ခဲတဲ့ အလုပ်သမားတွေကို လုပ်ပေးတဲ့ ပတ်စ်စပို့တမျိုးပေါ့။ဒီ စာအု ပ်နဲ့ အလုပ်လုပ်ခွင့်လျှောက်လို့ရပြီး ဗီဇာသက်တမ်းတိုးလို့လည်း ရတယ်။

အဲဒီ စီအိုင်စာအုပ် လုပ်ပေးတာ မကြာခဏဖြစ်ပြီး မြန်မာအလုပ်သမားဌာနဘက်က ထိုင်းမှာ စီအိုင် လုပ်ပေးတဲ့နေ ရာ ၅ခုလောက်ကနေ ဝမ်းစတော့ဆားဗစ်နဲ့ လုပ်ပေးနေခဲ့တယ်။ အခုတော့ အဲဒီစီအိုင်လုပ်ပေးတဲ့နေရာမှာ ထိုင်းရောက်မြန်မာလုပ်သားတွေ မိသားစုထံလွှဲပို့ငွေ ၃ လစာ ပြနိုင်သူတွေကိုပဲ  CI စာအုပ် လုပ်ပေးမယ်လို့ ကြေညာလာခဲ့တယ်။ CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့ အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထား တင်ပြရမယ်ဆိုပြီး အာဏာသိမ်းစစ်တပ် လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ​​ဖော်ပြလာတယ်။

အရပ်စကားပြောရရင်တော့ စစ်တပ်က အလုပ်သမားတွေ လုပ်ခလစာ တပိုင်းတစကို လည်ပင်းညှစ် တောင်းတာပေါ့။ ထိုင်းမှာ အခြေခံလုပ်ခကို ထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့အတွက် တစ်လ လွှဲပို့ငွေပမာဏ ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃ လစာ ဘတ် ၇၈၀၀ နဲ့ ညီမျှတဲ့ ကျပ် ၁၀ သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာပါ။ ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာ အလုပ်လုပ်ပြီး ပန်းရောင်ကတ် ပြုလုပ်ရင် ထိုင်းအစိုးရကို အခွန်​ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် နှစ်ထပ် ​ကောက်သလို ဖြစ်​နေတယ်။

ဒီအချက်ကို ထိုင်းနဲ့ မြန်မာ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြပြီး စီအိုင်စာအုပ် မလုပ်ကြဖို့ တိုက်တွန်းနေကြတယ်။ သူတို့ အဓိကထောက်ပြတာက ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေတချို့ဟာ စစ်တပ်ရဲ့ စစ်အသုံးစရိတ် ဖြစ်သွားမှာကိုပါပဲ။ တဘက်မှာ စီအိုင်စာအုပ် မလုပ်ရင် ခရီးသွားခွင့်လိုဟာမျိုး အခွင့်အရေးတွေ ဆုံးရှုံးဖို့ရှိနေလို့ စဉ်းစားကြဖို့ဆိုတာမျိုး ထောက်ပြတာလည်း ရှိပါတယ်။ တခုရှိတာက ဒီတကြိမ် စီအိုင်စာအုပ်လုပ်မဲ့ လူသစ်က ၄ သိန်းလောက်ပဲ ရှိတယ်။ ၄ သန်းစလုံး လုပ်ကြမှာ မဟုတ်ဘူး။

၄ သိန်း ဆိုတာလည်း မနည်းပါဘူး။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေး ဆောင်ရွက်နေသူတွေက မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊ လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံ မကြာခဏ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ပြန်ကြည့်တော့လည်း ပန်းရောင်ကတ်တွေ ထုတ်ပေးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ပန်းရောင်ကတ်နဲ့ပဲ မြန်မာအလုပ်သမားတွေ ထိုင်းမှာ နေထိုင်လုပ်ကိုင်ခဲ့ကြတာပဲလေ။ ပြောရရင်တော့ ထိုင်းရောက် မြန်မာအလုပ်သမား အရေးကလည်း တခါတလေ တုတ်ထမ်း ဓားထမ်း ပြောရမတတ်ပါပဲ။

သံသရာက ရှည်ကြာလှပြီလေ။ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးက မထွက်မချင်း ဒီသံသရာ ရှည်ဦးမယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar