Breaking News

ဒီဒေးသစ် - မျဉ်းကွေး

Art- Than Htay Maung

** မျဉ်းကွေး **

ဒီဒေးသစ်

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၆


ကောင်းကင်ကြီးပြာရဲ့လားလို့

ငုံ့ကြည့်မိတိုင်း

မိုးထဲ လေထဲပါသွားခဲ့ ထွန်သားရာတွေ

ဘယ်နှစ်ကြိမ်ရှိပြီလဲ

ငိုချင်တဲ့အခါ ငိုပြီး

ရယ်ချင်တဲ့အခါ ရယ်ခွင့်ရှိတဲ့ခရီးမှာ

ငါတို့အတွက် ပဋိညာဉ်ပြုမှုဆိုတာတွေလည်း

အပြိုပြိုအလဲလဲ

လူသားသိက္ခာဆိုတာ ဘာကိုဆိုလိုပါသလဲ

ငါနေတဲ့အရပ်မတော့ 

ငွေရှိရင် ရှိ …မရှိရင် အာဏာရှိ

အဲဒါမရှိရင် သေနတ်ရှိမှရမယ်

ဒါဆို အကောင်ပဲ

…သွားရှုပ်လို့မရဘူး

ဆိုတော့

ရှင်သန်မှုကို သတင်းကွန်ယက်ထဲ သွေးနဲ့ချိတ်ထားရတယ်

မလုပ်လို့လည်းမရဘူးလေ

တရားက ဘယ်တော့မှ မရှုံးဘူးလို့

 ညှစ်အော်နေရတဲ့ကာလကြီးထဲ

ထပ်ရှုံးစရာ ဘာရှိသေးလဲ

မိုးထဲ ရေထဲ မျက်လုံးတွေမှိတ်မရတဲ့အတူတူ

တရားမှာ သစ္စ္စာဆိုက်လိုက်ရုံပေါ့

မျိုးစေ့ဆိုတာ မြေနဲ့ဖုံးလို့မျိုးတုန်းမသွားသလို‌

မျောပါသွားတဲ့ထွန်သားရာထဲ

 သက္ကရာဇ်တွေ

ဘယ်ခလုပ်ကများ တားဆီးနိုင်မတဲ့လဲ

ငါတို့မီးအိမ် ငါတို့ထွန်းညှိ

ကိုယ့်သမိုင်းကိုထမ်း မီးကူးကြရုံပေါ့

ရှိနေတဲ့တရားအတိုင်းသာ။


၁၄ အောက်တိုဘာ ၂၀၂၆

-


t.me@moemaka


Zelle to moemaka.org@gmail.com "MoeMaKa Multimedia"


youtube.com/@moemaka



X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar