တိုင်းရင်းသားအဖွဲ့တွေ၊ လူမျိုးတွေအကြားမှာ ပဋိပက္ခအသွင်ဆောင်လာတဲ့ အခြေအနေ
တိုင်းရင်းသား အဖွဲ့တွေ၊ လူမျိုးတွေအကြားမှာ ပဋိပက္ခအသွင်ဆောင်လာတဲ့ အခြေအနေ
မြန်မာနွေဦးခရိုနီကယ်၊ အောက်တိုဘာ ၂၇ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၆
SSJAC လို့အတိုကောက်ခေါ်ဆိုတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ယခုလ ၂၃ ရက်နေ့က “ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဥ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများအား ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ချက်” ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ရဲ့ အဓိက ဆိုလိုရင်းက ရှမ်းမြောက်ဒေသမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က အကောင်အထည်ဖေါ်နေတဲ့ ဘာသာစကား အသုံးပြုမှု၊ မြေယာပိုင်ဆိုင်မှု၊ နိုင်ငံခြားသားများ ဝင်ရောက်လွှမ်းမိုးမှု၊ သမိုင်းနဲ့ ယဥ်ကျေးမှုလက္ခဏာ၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ချိုးဖောက်ခြင်း စတဲ့ အကြောင်းအရာတွေကို ပြင်းထန်စွာကန့်ကွက် တယ်ဆိုတဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက် အကြောင်းကို အသေးစိတ် မပြောခင် SSJAC ဆိုတာ ဘယ်လိုကော်မတီလဲ ဘယ်အဖွဲ့တွေပါဝင်လဲလို့ မေးရင် ၁၉၉၆ ခုနှစ်မှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ SSPC တို့ ၁၉၉၆ ခုနှစ်မှာ နိုင်ငံရေး မဟာမိတ်အဖွဲ့အဖြစ် စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက SSJAC အဖွဲ့တည်ထောင်တာ နှစ် ၃၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ SNLD ပါတီဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အသစ်ပြန်ဖွဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ ဥပဒေပြင်ဆင်ချက်တွေကို လက်မခံနိုင်တာကြောင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း မပြုခဲ့ပါဘူး။ ယခုလက်ရှိမှာ နိုင်ငံရေးပါတီ လှုပ်ရှားမှုမျိုးထက် ရှမ်းပြည်နယ်၊ ရှမ်းအမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို သဘောထားထုတ်ပြန်တာလို့ ယူဆရပါတယ်။ SSPC လို့ ခေါ်တဲ့ ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီမှာတော့ ရှမ်းပြည်တပ်မတော် (SSA)၊ ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) တို့ ပါဝင်ဖွဲ့စည်းထားတာလို့ သိရပါတယ်။ SSJAC ရဲ့ ရည်ရွယ်ချက်တွေကတော့ အာဏာရှင်စနစ် ပပျောက်ရေး၊ ရပ်သားပြည်သူပဓာနဝါဒ အာမခံ ကျင့်သုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့ ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
SSJAC ရဲ့ အခုထုတ်ပြန်ချက် အဓိက ဆိုလိုရင်းက MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသထဲက သိန္နီ၊ ကွတ်ခိုင်တို့လို ဒေသတွေမှာ နေထိုင်နေကြတဲ့ ရှမ်းလူမျိုးတွေနဲ့ ပတ်သက်တဲ့ ရှမ်းဘာသာစကား ဆိုင်းဘုတ်တွေကို တရုတ်ဘာသာ ပါဝင်တဲ့ ဆိုင်းဘုတ်တွေအဖြစ် ပြောင်းလဲတာ၊ သိန္နီမြို့ကို မူပန်ဆိုတဲ့ အမည်အဖြစ် ပြောင်းလဲခေါ်ဝေါ်တာ၊ MNDAA က ပြဋ္ဌာန်းလိုက်တဲ့ မြေယာဥပဒေနဲ့ အုပ်ချုပ်ရေးဥပဒေတွေမှာ နိုင်ငံခြားသားတွေ အတားအဆီးမရှိ ဝင်ရောက်လာနိုင်စေတာနဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့် ရရှိစေမဲ့ တိုက်ရိုက်/သွယ်ဝိုက် နည်းလမ်းတွေ ပေါ်ပေါက်နေတာ၊ ဒေသခံတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ဘာသာစကား (တရုတ်ဘာသာစကားကို ဆိုလိုတာလို့ နားလည်ရ) ကို ရုံးသုံးဘာသာစကား အဖြစ်နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မဖြစ်မနေ သုံးဖို့ ဖိအားပေး စေခိုင်းတာတွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဆိုနိုင်ပါတယ်။
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ဟာ တရုတ်နိုင်ငံ နယ်စပ်ထိစပ်တဲ့ ဒေသမှာ နေထိုင်သလို ယဥ်ကျေးမှုအရ ရော တရုတ်ဘာသာစကား၊ စာ၊ ကုန်သွယ်မှုတွေမှာ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု များပြားပြီး ရှမ်းပြည်နယ်၊ ရှမ်းမြောက်ဒေသက အချို့သော တိုင်းရင်းသားတွေ ဖြစ်တဲ့ ရှမ်း၊ ပလောင်၊ ကချင်၊ ပအို့ဝ် ၊ လီဆူ စတဲ့ လူမျိုးတွေနဲ့မတူဘဲ ဝ လူမျိုးတွေနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဆိုနိုင်ပါတယ်။
အခုလို ရှမ်းမြောက်ဒေသတွင်းမှာ ဖြစ်ပွားလာတဲ့ ပြဿနာဟာ ယခုအောက်တိုဘာ ၂၇ ရက်နေ့မှာ ၃ နှစ်တင်းတင်းပြည့်တဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း သိမ်းယူခဲ့တဲ့ နယ်မြေတွေမှာ MNDAA က လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ အခြားမူဝါဒတွေ နဲ့ သက်ဆိုင်တာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တိတိ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မြောက်ပိုင်းညီနောင် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့ အာဏာသိမ်း စစ်တပ်နယ်မြေတွေ စစ်စခန်း၊ မြို့တွေကို စတင်တိုက်ခိုက်ခဲ့ကြပြီး လအနည်းငယ်အတွင်း မြို့၊ စစ်စခန်း၊ နယ်မြေ၊ တပ်ရင်းတွေနဲ့ ၁၀ လခန့်အတွင်း လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်းထောင်နဲ့ချီ ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ်မှာ လားရှိုးမြို့ကို စစ်အာဏာသိမ်းကောင်စီလက်ထဲ ပြန်လွှဲအပ်ပေးခဲ့ပေမဲ့ ကျန်နယ်မြေတွေကို MNDAA က ဆက်လက်ထိန်းချုပ်ကာ အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ထဲမှာ TNLA က အများစု ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို TNLA လက်ထဲက ထပ်မံတိုက်ခိုက်သိမ်းယူခဲ့ပြီး MNDAA အနေနဲ့ အုပ်ချုပ်ရေး ဖော်ဆောင်ခဲ့ပါတယ်။
အခုလို စစ်ပွဲတွေမှာ အနိုင်ရကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မိမိတို့ သိမ်းယူထားတဲ့ နယ်မြေတွေမှာ မိမိတို့လူမျိုး ဘာသာစကားနဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ ပြောင်းလဲတာ၊ စာသင်ကျောင်းတွေမှာ ၄င်းတို့ ဘာသာစကားနဲ့ သင်ကြားစေတာ၊ အခြားဘာသာစကားနဲ့ သင်ကြားတဲ့ စာသင်ကျောင်းတွေကို တားမြစ်ပိတ်ပင်တာတွေ ဖြစ်ပွားခဲ့တာပါ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေး၊ မိမိတို့ တိုင်းရင်းသား ဘာသာစကားနဲ့ ယဥ်ကျေးမှု ထိန်းသိမ်းရေးကို လုပ်ဆောင်ကြတာဟာ မမှားပေမဲ့လို့ တခြားသော တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကားနဲ့ ဆိုင်းဘုတ်တွေကို အလျင်အမြန် ပြောင်းလဲပစ်တာ၊ စာသင်ကျောင်းတွေမှာ ဘာသာစကား အတင်းအကျပ် သင်စေတာတွေ ဖြစ်လာတာတွေက အခုလို SSJAC က ကန့်ကွက်ကြောင်း ထုတ်ပြန်လာတဲ့ အခြေအနေဖြစ်ပါတယ်။
SSJAC အနေနဲ့ ကန့်ကွက်စာထုတ်ပြန်တာကြောင့် ကိုးကန့်ထိန်းချုပ်ဒေသတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာမဲ့ အဓိပ္ပာယ်လို့တော့ ကောက်ယူလို့ မရပါဘူး။ သို့ပေမဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ လူမျိုးတမျိုးနဲ့ တမျိုးအကြား မကျေလည်မှု၊ အဆိုပါဒေသမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ MNDAA အကြား တင်းမာမှု စတဲ့ အခြေအနေတွေ ဖြစ်လာစေဖို့ ဦးတည်စေနိုင်တာ ဖြစ်ပါတယ်။
လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းကြတဲ့ အကြောင်းရင်းတွေမှာ လူမျိုး၊ ဘာသာစကား၊ ယဥ်ကျေးမှုနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ရယ်လို့ ဦးတည်ထားကြတာကြောင့် အခုလို နယ်မြေတခုမှာ နှစ်ကာလကြာမြင့်စွာ အခြေချ နေထိုင်နေတဲ့ လူမျိုးစုတွေအပေါ် အတင်းအကျပ် ဘာသာစကား၊ ယဥ်ကျေးမှုတွေ သွတ်သွင်းကြတာက လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြား အင်အားသုံး အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ တိုက်ခိုက်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာစေနိုင်တာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ SSJAC ထုတ်ပြန်ချက်ကို MNDAA က SSJAC သို့ အိတ်ဖွင့်ပေးစာ ဆိုတာနဲ့ တုံ့ပြန်ခဲ့တာတွေ့ကြရပါတယ်။ SSJAC ထုတ်ပြန်ချက်ဟာ မြေပြင် အခြေအနေနဲ့ လုံးဝကင်းကွာနေတယ်လို့ ဆိုထားပြီး အထူးဒေသ (၁) အတွင်း ရှိ အခြေခံပညာကျောင်းတွေမှာ မြန်မာဘာသာကို မိခင်ဘာသာစကားအနေနဲ့ သင်ကြားနေကြောင်း၊ တရုတ်စာကို optional ဘာသာအဖြစ် သင်ကြားနေကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို ကျောင်းများတွင် သင်ကြားခွင့်ပြုထားကြောင်း ကွတ်ခိုင်နဲ့ သိန္နီခရိုင် (လားရှိုးဒေသ) က အ.ထ.က ကျောင်းအချို့ကို အမည်ဖော်ပြကာ တုံ့ပြန်ဖြေရှင်းထားတာ တွေ့ရပါတယ်။
မြေယာပိုင်ဆိုင်ခွင့်နဲ့ နိုင်ငံခြားသား လွှမ်းမိုးဝင်ရောက်မှုနဲ့ ပတ်သက်လို့ နိုင်ငံခြားသားတွေကို မြေယာပိုင်ဆိုင်ခွင့် လုံးဝပြုမထားကြောင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ဒေသခံ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိမှသာ မြေယာပိုင်ဆိုင်ခွင့် ရှိမှာဖြစ်တယ်လို့ တုံ့ပြန်ဖြေရှင်းပါတယ်။
မြို့၊ ရွာတွေကို အမည်ပြောင်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ မူလအမည်များအတိုင်း ဆက်လက်ခေါ်ဝေါ် အသုံးပြုလျက်ရှိပြီး ဒေသခံကိုးကန့်လူမျိုးများ အုပ်ချုပ်သည့် ဒေသအချို့တွင် အုပ်ချုပ်ရေးယန္တရား လွယ်ကူချောမွေ့စေရန် ကိုးကန့်ဘာသာစကားနဲ့ အမည်တချို့ တွဲဖက်ခေါ်ဝေါ်ခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ဖြေရှင်းပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) ရဲ့ လက်ရှိ အခြေအနေဟာ တည်ငြိမ်အေးချမ်းလျက်ရှိပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အထူးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိရေး မိမိတို့နှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရေးတို့ကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိတယ်လို့ ဆိုပြီး SSJAC ရဲ့ ခြိမ်းခြောက်မှုအပေါ် တန်ပြန်သတိပေးချက် ဆိုတဲ့ အပိုဒ် (၇) မှာ SSJAC ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ပြတ်သားစွာ ပယ်ချပြီး ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နဲ့ တိုင်းရင်းသားများအကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်တဲ့ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုနဲ့ မည်သည့်နှောင့်ယှက်မှုမျိုးကိုမဆို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် တုံ့ပြန်ကာကွယ်သွားမည် ဖြစ်သည်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အခုလို SSJAC နဲ့ MNDAA တို့အကြား ပြင်းထန်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ လူအများသိရှိအောင် ထုတ်ပြန်ချက်နဲ့ အိတ်ဖွင့်ပေးစာတွေ ထုတ်ပြန်ကြတာဟာ ရှမ်းမြောက်ဒေသရှိ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေအနက် ရှမ်းလူမျိုးတွေ အများစု နေထိုင်ကြတဲ့မြို့၊ ရွာနဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ထိစပ်ရာဒေသတွေမှာ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတာလည်း ဖြစ်ပါတယ်။
ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းမှာ အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်ပြီး ဧပြီလမှာ လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးတာ၊ အဲဒီနောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၄င်းတို့ တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူခဲ့တဲ့ မြို့တွေကို အထူးဒေသ (၁) အတွင်း ထည့်သွင်း သတ်မှတ်ကြေညာမှုတွေက အချို့သော တိုင်းရင်းသား လက်နက်ကိုင်နဲ့ စစ်အာဏာရှင်တပ်တွေကို ဆန့်ကျင်ကြတဲ့ သူတွေအကြား အမြင်မကြည်လင်မှုတွေ ဖြစ်ပေါ်စေခဲ့တာကို တွေ့ကြရပါတယ်။
လတ်တလော တရုတ်အစိုးရ ဆန့်ကျင်ရေးအမြင်တွေ အသံထွက်လာချိန် တရုတ်နိုင်ငံဘက်က လော်ဘီ အမျိုးသမီးတဦးဖြစ်တဲ့ ကျောက်ကျင့် နဲ့ မြန်မာသတင်းဌာနတခုတို့ အပြန်အလှန် တုံ့ပြန်ရေးသားနေကြတာတွေက လူထုတွေအကြား တရုတ်ဆန့်ကျင်ရေး၊ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ရောပြီး ဆန့်ကျင်မှုတွေ ပေါ်ထွက်လာနေတာလည်း ဖြစ်ပါတယ်။
ဒီအနေအထားတွေကို MNDAA အနေနဲ့ အထိုက်အလျောက် သတိပြုမိပေမဲ့လည်း SSJAC ကို ပြန်လည်တုံ့ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာတော့ ဒီအနေအထားတွေကို ရှင်းလင်းဖော်ပြထားတာ မတွေ့ရပါဘူး။
မြန်မာ့လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက်ဒေသရဲ့ လက်နက်ကိုင်တပ်တွေ၊ အင်အားချိန်ခွင်လျှာတွေ အပေါ် တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေကလည်း စစ်တပ် ထောက်ခံသူတွေရော၊ ဒီမိုကရေစီထောက်ခံသူတွေမှာပါ တရုတ်အစိုးရ ဆန့်ကျင်ရေးမှာ အမြင်တူညီတာတွေ ရှိနေတဲ့ အချက်ကို MNDAA အနေနဲ့ သတိကြီးစွာထားရမဲ့ အနေအထားဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
