Breaking News

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဥ် စတင်

No description available.
 

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဥ် စတင်

မြန်မာနွေဦးခရိုနီကယ်၊ အောက်တိုဘာ ၂၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၆

 


အာဆီယံအဖွဲ့  ၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာလာဇာရို မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်တဲ့ ခရီးစဥ် အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကအချက်အနေနဲ့ ရည်ရွယ်လာရောက်တဲ့ ခရီးစဥ်လို့ သတင်းထုတ်ပြန်တာ မီဒီယာတွေကို ပြောဆိုထားတာဖြစ်ပြီး အာဆီယံအဖွဲ့ရဲ့ ညီလာခံတွေမှာ မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေး၊ မင်းအောင်လှိုင်ရဲ့ အစိုးရကို အသိအမှတ်ပြုတဲ့ အကြောင်းအရာတွေကိုတော့ ထိတွေ့ပြောဆိုကြမှာလား ဆိုတာ စောင့်ကြည့်ကြရမဲ့ အနေအထား ဖြစ်ပါတယ်။ 

၂၀၂၆ ခုနှစ်မှာ အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် အလှည့်ကျတဲ့ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ ပြီးခဲ့တဲ့လတွေတုန်းက စစ်ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ မြန်မာအစိုးရကို ခပ်တန်းတန်း ဆက်ဆံခဲ့သလို၊ ဝေဖန်ပြောဆိုခဲ့တာတွေလည်း ရှိခဲ့တာပါ။ ပြီးခဲ့တဲ့မေလက သမ္မတမားကို့စ်ဂျူနီယာက မြန်မာ့အရေးနဲ့ ပတ်သက်လို့ တိုးတက်ပြောင်းလဲမှုတွေ အရှိဘူးလို့ ဆိုခဲ့ရာက အောက်တိုဘာလ နှောင်းပိုင်းမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ရဲ့ ချဥ်းကပ်ပုံ အသစ်ကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို ဆွေးနွေးညှိနှိုင်းရေးလမ်းပေါ် ခေါ်လာနိုင်တာ တွေ့ရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးလာခြင်းအားဖြင့် အကျိုးရှိတာတွေ တွေ့လာရတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

စင်ကာပူနိုင်ငံက The Strait Times သတင်းစာနဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ သမ္မတ မားကို့စ်ဂျူနီယာက ပြောဆိုခဲ့တာဖြစ်ပြီး အာဆီယံမူ ၅ ချက်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာ မူ ၅ ချက်က လုံးဝမှန်ကန်တဲ့ မူဖြစ်ပေမဲ့ အလုပ်မဖြစ်တာ တခုပဲလို့ ဆိုလိုက်ပါတယ်။ 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံရဲ့ သမ္မတအနေနဲ့ အဲဒီလို ပြောဆိုမှုတွေက ပြီးခဲ့တဲ့ မေလကနေ အောက်တိုဘာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် ခရီးစဥ်တွေအဖြစ် ဖိတ်ကြားကြတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ခရီးစဥ်တွေ အပြီးမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်၌က မြန်မာအပေါ် သဘောထား ပြောင်းလဲလာကြတဲ့ အခြေအနေလို့ ကောက်ချက်ချက်စရာတွေ ဖြစ်လာပါတယ်။ 

မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရအနေနဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကို နီးကပ်တဲ့ ဆက်ဆံရေးရှိတာကို ပြသခဲ့ပြီး အဆိုပါနိုင်ငံတွေက ရွေးကောက်ပွဲပြီးနောက် သမ္မတရာထူး ရလာတဲ့ မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ် ဖိတ်ကြားခဲ့ရာက အခြားသော အာဆီယံအဖွဲ့ဝင်နဲ့ အိမ်နီးချင်းနိုင်ငံတွေက တနိုင်ငံပြီးတနိုင်ငံ ဆက်လက်ဖိတ်ကြားခဲ့ကြတဲ့ ဖြစ်စဥ်တွေက မြန်မာစစ်တပ်အစိုးရရဲ့  သံတမန်ရေးကြိုးပမ်းမှုတွေက ရလဒ်ထွက်ပေါ်လာတယ်လို့ ဆိုနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ 

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာလာဇာရို ရဲ့ ခရီးစဥ်ကို နေပြည်တော်က သမ္မတနဲ့ စပြီးတွေ့ဆုံတာနဲ့ မစတင်ဘဲ လူသားချင်းစာနာမှု အကူအညီခရီးစဥ်အဖြစ် ခေါင်းစဥ် တပ်ထားတာနဲ့ ကိုက်ညီအောင် တောင်ကြီးမြို့က စစ်ဘေးရှောင်တွေကို သွားရောက်တွေ့ဆုံတဲ့ အစီအစဥ်နဲ့ စတင်ခဲ့တာ တွေ့ကြရပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့မှာ တောင်ကြီးမြို့ ကို ပထမဆုံးသွားရောက်ပြီး စစ်ဘေးရှောင်တွေတွေကို လက်ခံထားတဲ့ ကက်သလစ် ဘုရားကျောင်းတကျောင်းနဲ့ အခြားကျေးရွာတရွာ တို့ကိုသွားရောက်ခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ 

အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး စင်တာ AHA က ကိုယ်စားလှယ်၊ အာဆီယံသံရုံးတွေက သံတမန်တွေနဲ့ အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးအပ်တာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ 

တောင်ကြီးမြို့ပေါ် မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ အများစုဟာ ကရင်နီ(ကယား)ပြည်နယ်ဘက်က ရှောင်တိမ်းလာသူ အများစု ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ စစ်ပွဲတွေ အရှိန်မြင့်စဥ်က ရှမ်းမြောက်က စစ်ဘေးရှောင်တချို့လည်း တောင်ကြီးမြို့ထိ လာရောက်တိမ်းရှောင်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ ရှမ်းမြောက်ဒေသနဲ့ ကရင်ပြည်နယ်တို့ကိုလည်း သွားရောက်မယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံအနှံ့မှာ စစ်ဘေးရှောင်တွေ ရှိနေကြတာဖြစ်ပြီး ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေက အဆိုးဆုံးအနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေ အနေနဲ့ အကူအညီပေးဝေတာကို လက်ခံနိုင်တဲ့ အနေအထားလည်း နည်းပါးလွန်းသလို အာဏာသိမ်းစစ်အစိုးရ ကိုယ်တိုင်က ကုန်စည်ပို့ဆောင်မှု ပိတ်ဆို့ထားတာ ဖြစ်လို့ လူသားချင်းစာနာမှု အကူအညီရဖို့က ပိုမိုခက်ခဲတဲ့ အခြေအနေ ဖြစ်နေတာပါ။ 

အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး စင်တာ အနေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေ၊ ဖြတ် ၄ ဖြတ် ပိတ်ဆို့ခံထားရတဲ့ ဒေသတွေက စစ်ဘေးရှောင်တွေအတွက် ကူညီပေးနိုင်မဲ့ အနေအထားမရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ၅ နှစ်ကျော် ၆ နှစ်ထဲ ဝင်ရောက်လာချိန်မှာ အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဝိုင်းပယ်ထားတဲ့ နည်းလမ်းက အလုပ်မဖြစ်ဘူးလို့ ယူဆချင်လာတဲ့ အရိပ်အယောင်တွေ တွေ့လာရနေတာပါ။ ပြည်တွင်းစစ် ၆ နှစ်နီးပါးကာလအတွင်း လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ NUG လက်အောက်က PDF တပ်ဖွဲ့ နဲ့ တဖက်က အာဏာသိမ်းစစ်တပ်တို့ စကားပြောဆို ဆွေးနွေးဖို့ အပစ်ရပ်ဖို့ တိုက်တွန်းတဲ့ လမ်းကြောင်းကို အာဆီယံက တလျောက်လုံး ကိုင်စွဲခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ပြည်တွင်းစစ် အရှိန်အဟုန် အမြင့်ဆုံးကာလတွေမှာလည်း အာဆီယံ အနေနဲ့ သဘောတူညီမူ ၅ ချက်ကိုသာ ကိုင်စွဲခဲ့တာပါ။ 

သို့ပေမဲ့ အာဏာသိမ်းမှု ၆ နှစ်နီးပါး ရောက်လာချိန်၊ အာဏာသိမ်းစစ်တပ်က ဟန်ပြရွေးကောက်ပွဲ ကျင်းပပြီးချိန် မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံ တချို့ ကလည်း သံတမန်ရေးအရ ဖယ်ကြဥ်ထားမှုကို အဆုံးသတ်လိုကြတဲ့ အနေအထားမှာ အာဆီယံ အဖွဲ့အနေနဲ့လည်း မြန်မာစစ်ခေါင်းဆောင်တွေဘက်က ဖြေလျော့တဲ့ လက္ခဏာနဲ့ ပြန်လည်သင့်မြတ်လိုတဲ့ ပြောဆိုမှုမျိုးကို မျှော်လင့်နေကြတဲ့ လက္ခဏာတွေ တွေ့လာရပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်နီးပါး တလျှောက်လုံး ခပ်တင်းတင်း ကိုင်စွဲခဲ့တဲ့ သဘောတူညီမူ ၅ ချက်ကို အလုပ်မဖြစ်တော့တဲ့ သဘော အာဆီယံအဖွဲ့ အလှည့်ကျ နိုင်ငံကိုယ်၌က ပြောဆိုလာတာတွေက ဆွတ်မယ့်သူရှိရင် ညွှတ်ချင်နေတဲ့ လက္ခဏာတွေ လို့ ဆိုရမှာပါ။ 

၅ နှစ်ကျော် ၆ နှစ်လုံးလုံး အာဆီယံ အဖွဲ့တွေရဲ့ ညီလာခံတိုင်းမှာ မြန်မာ့အရေးကိစ္စ ဆွေးနွေး ပြောဆို အချိန်ပေးရတာတွေကိုလည်း အာဆီယံ အနေနဲ့ ပြောင်းလဲချင်နေတဲ့ သဘောလို့ အကဲဖြတ်နိုင်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အခြားသော ဒေသတွင်း လုံခြုံရေး၊ ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေနဲ့ ကိုက်ညီတဲ့ အာဆီယံအဖွဲ့ရဲ့ မဟာဗျူဟာ စတဲ့ အခြားသော အရေးတွေကို ပြောင်းလဲ အာရုံစိုက် ဆွေးနွေးလုပ်ဆောင်လိုနေချိန်မှာ ဖြစ်နိုင်ရင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တခုကို ချချင်နေတဲ့ အနေအထားမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar