Breaking News

မျိုးမြတ်မော် (NEW YORK) - ကျေးဇူးများစွာတင်ပါတယ်



မျိုးမြတ်မော် (NEW YORK) - ကျေးဇူးများစွာတင်ပါတယ်
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၆

ကျွန်မတို့နေတဲ့ နယူးယောက်မှာ လိုချင်ချင်၊ မလိုချင်ချင် နှစ်စဉ်နှစ်တိုင်း အမြဲရောက်လာတာကတော့ ရာသီကြီး(၄) မျိုးပါပဲ။ နွေဦးရာသီလို့ခေါ်တဲ့ Spring ရယ်၊ နွေရာသီလို့ခေါ်တဲ့ Summer ရယ်၊ အရွက်တွေကြွေတဲ့ Fall ရာသီရယ်၊ နှင်းတွေတဖိတ်ဖိတ်ကျတဲ့ ဆောင်းရာသီ Winter ရယ်လို့ ရာသီဥတု(၄) မျိုးရှိပါတယ်။

ဒီရာသီကြီးလေးခုမှာ ဘယ်ရာသီကိုအကြိုက်ဆုံးလဲလို့ ကျွန်မကိုမေးရင် အရွက်တွေကြွေတဲ့ FALL ရာသီပါပဲ။

FALL ရာသီဟာ နွေဥတုကုန်ခါစ မပူလွန်း၊ မအေးလွန်း အင်မတန်နေလို့ကောင်းတဲ့ရာသီပါ။ အရွက်တွေကလည်း နီညိုဝါပြာ ရောင်စုံစွာနဲ့ မကြွေခင်လေးမှာ အရမ်းကိုတောက်ပ အစွမ်းကုန်အလှခြယ်နေကြတာပါ။ မနက်စောစောအလုပ်သွားရာလမ်းတလျှောက်မှာဆိုရင် ညီညီညာညာရိတ်ထားတဲ့မြက်ခင်းပြင်ပေါ် မြူခိုးလေးတွေတွဲလောင်းလှုပ်ရှား ဆော့ကစားနေတာကို တိုးထွက်လာတဲ့နေလုံးကြီးရဲ့အလင်းတန်းအောက်မှာမြင်ရတဲ့အလှဟာ ဘယ်ပန်းချီကားနဲ့မှမလဲနိုင်တဲ့ အလှတခုပါ။

လယ်သမားတွေရဲ့ စိုက်ပျိုးရာသီကုန်တဲ့ ရိတ်သိမ်းချိန်ကာလမို့ အစားအသောက်မျိုးစုံလည်း ပေါများကြွယ်ဝလှပါတယ်။ အောက်တိုဘာပွဲတော် (October Festival) သို့မဟုတ်၊ ရွက်ကြွေပွဲတော် (Fall Festival) ကိုလည်း သီတင်းကျွတ်/တန်ဆောင်တိုင်ပွဲတော်ကျင်းပသလိုမျိုး မြို့တိုင်းရွာတိုင်းမှာ ကျင်းပကြပါတယ်။

အောက်တိုဘာရဲ့နောက်ဆုံးနေ့ လကုန်ရက်မှာတော့ Trick or Treat (နောက်နိုင်ရင်နောက်၊ မနောက်နိုင်ရင် Candy ပေးရမယ်) ဆိုတဲ့ ဝိဥာဏ်နိုးထပွဲတော်(Halloween) ကျင်းပပါတယ်။ ဒီပွဲတော်ကိုတဖြည်းဖြည်းနဲ့ အမေရိကားအပြင် အခြားနိုင်ငံတွေမှာပါ ကျင်းပလာတာ တွေ့ရပါတယ်။

အောက်တိုဘာလပြီးရင်တော့ နိုဝင်ဘာလရဲ့ပထမဆုံးအင်္ဂါနေ့မှာ တတိုင်းပြည်လုံးရွေးကောက်ပွဲကျင်းပကြပါတယ်။ ဘယ်အဆင့်၊ ဘယ်ရာထူးမဆို အချိန်တန်ရင်ရွေးချယ်ဖို့လိုအပ်တဲ့နေရာမှန်သမျှအတွက် ရွေးကောက်ပွဲ လုပ်ကြတာပါ။ သမ္မတကအစ အထက်လွှတ်တော်အမတ်၊ အောက်လွှတ်တော်အမတ်၊ ပြည်နယ်မှူး၊ မြို့တော်ဝန်၊ တရားသူကြီးအဆုံး အားလုံးရွေးကောက်ပွဲဝင်ကြရပါတယ်။

ရွေးကောက်ပွဲအပြီးမှာရတဲ့ မဲတွေကိုလည်း တစောင်မကျန်ရေတွက်ပြီးမှ နိုင်တဲ့သူကိုအဖြေထုတ်ပါတယ်။ မဲတိုင်းကိုလည်း လူအများရှေ့မှာတွက်ချက်ပြီးမှ အတည်ပြုကြပါတယ်။ မီလျံနာသန်းကြွယ်သူဌေးကအစ ဆင်းရဲသား၊ နိုင်ငံခြားသားအဆုံး ဘယ်သူမဆိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရှိပါတယ်။

နယူးယောက်မှာ မနှစ်ကထူးခြားသွားတာကတော့ အသက်(၃၄) နှစ်ပဲရှိသေးတဲ့.. အမေရိကားမှာလည်းမမွေးဖွားတဲ့.. သာမာန်လူတန်းစား နိုင်ငံခြားသားလေးက ဘီလျံနာအတိုက်အခံတွေကြားကနေ မြို့တော်ဝန်ဖြစ်သွားတာပါ။ ကျွန်မအကြိုက်ဆုံး သူ့စကားတခွန်းကတော့ သူမြို့တော်ဝန်ဖြစ်လာတဲ့အခါ နယူးယောက်မြို့ကလွဲပြီး ဘယ်တိုင်းပြည်ကိုမှ သွားလည်စရာမလိုဘူး၊ သူဟာနယူးယောက်မှာပဲနေပြီး နယူးယောက်အတွက်ပဲရှိနေမယ်ဆိုတဲ့ စကားပါပဲ။

၂၀၂၄ ရွေးကောက်ပွဲတုန်းကလည်း အမေရိကန်သမ္မတကြီးထရမ့်က အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးကသာ သူ့အတွက်အရေးကြီးဆုံးပါဆိုတဲ့စကားလုံးနဲ့ သမ္မတဖြစ်လာတာပဲလေ။ သမ္မတကြီးရဲ့ အရင်(၄)နှစ်သက်တမ်းနဲ့ အခု(၂)နှစ်နီးပါး(စုစုပေါင်း ခြောက်နှစ်) ကာလတွင်းမှာ ကောင်းတာတွေလုပ်သွားတာရှိသလို မကောင်းတဲ့ဘက်ရောက်သွားတာတွေလည်းတွေ့ရတော့ အခုမှတက်လာတဲ့နယူးယောက်မြို့တော်ဝန်ကိုလည်း စောင့်ကြည့်ရမှာပဲ မဟုတ်လား။

ကျွန်မ အမေရိကားမှာနေလာတာ (၃၇)နှစ်ကြာခဲ့ပေမယ့် ကျွန်မဟာရီပါပလီကန်ပါတီဝင်လည်း မဟုတ်သလို၊ ဒီမိုကရက်တစ်ပါတီဝင်လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ မဲထည့်တဲ့အခါတိုင်းမှာ ကျွန်မလက်ရှိနေထိုင်နေတဲ့ အမေရိကန်တိုင်းပြည်နဲ့ လူမျိုး (အမေရိကားမှာနေထိုင်ကြတဲ့ လူမျိုးအားလုံး)အတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့ ခေါင်းဆောင်ကိုပဲ မဲပေးခဲ့သလို၊ နောက်နောင်မှာလည်း ဒီခံယူချက်နဲ့ပဲ မဲပေးသွားမှာပါ။

ကျွန်မတို့ဟာ အမေရိကားကို “Immigrant” အနေနဲ့ရွှေ့ပြောင်းအခြေချတာချင်းတူပေမယ့် ဘဝဖြတ်သန်းမှု တူချင်မှတူမယ်။ ပညာအရည်အချင်း တူချင်မှတူမယ်။ အတွေ့အကြုံတူချင်မှတူမယ်။ ဒါကြောင့် ခံယူချက်တွေလည်း တူချင်မှတူမှာပါ။

တချို့က အမေရိကားမှာ ပညာသင်ချင်လို့၊ ကမ္ဘာ့အဆင့်မီဘွဲ့တခုခုရချင်လို့ လာကြတယ်။ ဆရာဝန်တွေက MBBS ထက်မြင့်တဲ့ MD ဘွဲ့ရဖို့ လာကြတယ်။

တချို့က စီးပွါးရေးလုပ်ချင်လို့၊ ကြီးပွါးချမ်းသာချင်လို့ လာကြတယ်။ MBA ဘွဲ့လို (Master of Business Administration) စီးပွါးရေးမာစတာဒီဂရီတက်ဖို့လာကြတယ်။

တချို့ကပြည်တွင်းစစ်ဒဏ်၊ ခွဲခြားဖိနှိပ်မှုဒဏ်မခံနိုင်လို့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ လာကြတယ်။ တချို့ကကွန်မြူနစ်စနစ်နဲ့ဆိုရှယ်လစ်စနစ်ကို မကြိုက်လို့ ကိုးရီးယားစစ်၊ ဗီယက်နမ်စစ်တွေကနေ လာကြတယ်။ ထိုနည်းတူပဲ ကျွန်မတို့မြန်မာပြည်က (၈၈)အရေးတော်ပုံအပြီးမှာ လာကြသူတွေ၊ ရွှေဝါရောင်တော်လှန်ရေးကနေ ရောက်လာကြသူတွေရှိသလို ၂၀၂၁ အာဏာသိမ်းအပြီး ထွက်ပြေးလာကြသူတွေလည်း အများအပြားပါ။ ကျွန်မကတော့ (၈၈)အရေးအခင်းပြီးခါစမှာ မိဘတွေနဲ့ရောက်လာတာပါ။

စစ်ဘေးရှောင်ရင်း နေစရာ၊ စားစရာမရှိလို့ ဒုက္ခသည် (Refugee) အနေနဲ့ ရောက်လာကြသလို ဒီဗွီမဲပေါက်လို့ရောက်လာကြသူတွေလည်းရှိပါတယ်။ ဒီကြားထဲမှာ အာဏာအလွဲသုံးစား (Power abuse)၊ စနစ်အလွဲသုံးစား(System abuse) နဲ့အခွင့်အရေးအလွဲသုံးစားလုပ်သူတချို့တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ဒါ့အပြင် ပါတီတခုနဲ့တခုလည်း သူ့ပေါ်လစီ (Policy)ကမှန်တယ်။ ငါ့မူကြမ်းက ပိုကောင်းတယ်လို့ နေ့စဉ်နဲ့အမျှငြင်းခုန်နေကြတာ ကြားရတော့လည်း စိတ်မချမ်းသာပါဘူး။ ဒါပေမဲ့လုပ်ဖော်ကိုင်ဘက် အမေရိကန်အဖြူအဖိုးကြီးတယောက်က ကျွန်မကိုပြောပြဖူးတယ်။ ဒီလို အတိုက်အခံပါတီတွေရှိလို့လည်း တအုပ်စုကို နောက်တအုပ်စုကစောင့်ကြည့်ပြီး အမှားကိုထောက်ပြနိုင်တာပေါ့တဲ့။ အဲ့ဒီလို အထိန်းအကွပ်သာမရှိခဲ့ရင် တဖက်စောင်းနင်း ပရမ်းပတာတွေဖြစ်ပြီး တိုင်းပြည်ဒုက္ခရောက်ကုန်မှာပေါ့တဲ့။ သူပြောပြမှ ဒါတွေဟာ ဒီမိုကရေစီစနစ်မှာ လိုအပ်မှန်းသိလာရပါတယ်။

အမေရိကန်အများစုဟာ ကျေးဇူးသိပ်တင်တတ်တဲ့လူမျိုးတွေပါ။ တံခါးလေးဖွင့်ပေးတာကအစ နေရာလေးဖယ်ပေးတာအဆုံး “Thank you” ကျေးဇူးတင်ပါတယ်လို့ မဆိုင်းမတွပြောတတ်ကြသူတွေပါ။ “တလုပ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ မြန်မာစကားကလည်း ကျေးဇူးရှိသူကို ကျေးဇူးသိတတ်ဖို့ မြွက်ကြားထားတာပါ။ ကျေးဇူးသိစိတ် “Gratitude” မှာ အသိအမှတ်ပြုတန်ဖိုးထားတဲ့ “Appreciation” သဘောတွေ စီးမျောပါဝင်နေပါတယ်။

တကယ်တော့ အမေရိကားကို ဘာအကြောင်းကြောင်းနဲ့ပဲရောက်လာရောက်လာ၊ ဒီမိုကရေစီစစ်စစ်ကို ခံစားကျင့်သုံးခွင့်ရတဲ့တိုင်းပြည်မှာ လူဖြစ်လာရလို့ ကျွန်မကိုဒီတိုင်းပြည်ရောက်အောင်ခေါ်လာပေးတဲ့ မိဘဆွေမျိုးများနဲ့တကွ ဒီအမေရိကန်နိုင်ငံကြီးကို ကျေးဇူးတင်များစွာတင်ပါတယ်။ ။

မျိုးမြတ်မော် (NEW YORK)


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar