ဖလော်ဒါဟန် - မေတ္တာတရားဖြင့် မိဘကို ကျေးဇူးပြုသူ

ဖလော်ဒါဟန် - မေတ္တာတရားဖြင့် မိဘကို ကျေးဇူးပြုသူ
မိုးမခ ၊ အောက်တိုဘာ ၂၄ ၊ ၂၀၂၆
မနေ့က မီးလာချိန် ဖုန်းဖွင့်သည့်အခါမှာတော့ ကင်မ်နဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် ဖုန်းပြောနေတဲ့ ပုံလေး ကျွန်မ တွေ့ရပါတယ်။
စိတ်ထဲမှာ မတင်မကျပါဘဲ သတင်းတွေကို အထက်အောက် မွှေနှောက်ဖတ်ချိန်မှာတော့ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင် သားကင်မ်နဲ့ တကယ် ဖုန်းပြောခွင့်ရသွားပါတယ်။
ကျွန်မ မိန်းမသားဆိုတော့ အခုကာလတွေမှာဆို ဝမ်းနည်းစရာရှိရင် မျက်ရည်က အရင်ကျတော့တာပါဘဲ။ တည်ငြိမ်လှတဲ့ အမေ့ရဲ့ ပုံရိပ်ကို ကျွန်မ အားနာမိတာ အမှန်ပါ။
ကျွန်မသည် ပြည်သူ့အစိုးရလက်ထက်မှာ အမေ့ရဲ့ မေတ္တာတရားကြောင့် လူ့ဘဝရဲ့ အနှစ်သာရကို ချိုမြိန်စွာ စားသုံးခွင့် ရခဲ့ပါတယ်။ ကျွန်မလိုဘဲ ပြည်သူတွေ ပြုံးပျော်ခဲ့ကြရပါတယ်။
ကြိုးစားခြင်းရဲ့ ရလဒ်တိုင်းမှာ အောင်မြင်မှုက ကပ်ပါလာတာ လူအများ သိကြမှာပါ။ ၅ နှစ်တာ အရိပ်သည် ကျွန်မတို့ ပြည်သူတွေအတွက် လင်းလက်ခဲ့ရတဲ့ နေ့ရက်တွေပါ။ တိုက်လေယာဉ်သံ မရှိ၊ ဗုံးသံ မကြား၊ တိုက်ပွဲကင်းစွာဖြင့် ပြည်သူတွေ အိပ်စက်အနားယူခွင့် ရခဲ့ကြပါတယ်။ (ကျွန်မသည် အချို့သော တိုင်းရင်းသားနယ်မြေများမှ ငြိမ်းချမ်းရေး အစည်းအဝေးပွဲများအကြောင်းတော့ မသိပါ။) သို့သော် ကျွန်မတို့ ပြည်သူ အတော်များများ အေးချမ်းခဲ့ပါတယ်။
ရုတ်တရက်ဆိုသလို နေ့ရက်တစ်ရက်မှ ယခု ၅ နှစ်တာ ကူးပြောင်းချိန်အထိ ပြည်သူများရဲ့ ဘဝ အမှောင်ထဲ ရောက်သွားကြပါတယ်။ ကျွန်မတို့ လူထုခေါင်းဆောင်ကိုလည်း ဖမ်းဆီးအကျဉ်းချလိုက်ပါတယ်။ ၅ နှစ်ဆိုတာ နှစ်ချင်းတူပေမဲ့ လူ့ဘဝတွေဆိုတာ အချိုးကျကျ ပြောင်းလဲကုန်ကြပါတယ်။
ကျွန်မတို့ ပြည်သူတွေကို အစစအရာရာ အမြင့်မှာ ပွဲလယ်တင့်ဖို့ ပညာ၊ ကျန်းမာ၊ စီးပွားရေးကစလို့ ပြည်တွင်းမှာသာမက ပြည်ပအထိပါ ခေါ်ဆောင်ပေးခဲ့သူပါ။ ကျွန်မတို့ ပြည်သူတွေကတော့ အကျဉ်းကျနေတဲ့ နေရာကနေ သူမကို ပြန်လည်ခေါ်ထုတ်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ၅ နှစ်တာ အကျဉ်းကျနေခဲ့သည့် ရက်များမှာ သူမကို တမ်းတသူများ ရှိပေမဲ့ သူမကို လွတ်မြောက်ဖို့ ကြိုးစားမှုကတော့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။
ကျွန်မတို့က မိဘနဲ့ သားသမီးလိုပါဘဲ။ သားသမီးတွေက အမြဲ Want ဖြစ်နေကြတယ်။ မိဘအတွက် Need (လိုအပ်ချက်) ကို ဖြည့်ဆည်းဖို့ကျ အကြောင်းအမျိုးမျိုးအောက်မှာ Reason တွေ များကြပါတယ်။ ကျွန်မ အပါအဝင်ပါပဲ။ ရတဲ့ အခွင့်အရေး အမျိုးစုံအောက်မှာ ပြုံးပျော်ခဲ့ပါတယ်။
ယနေ့အချိန်မှာ လူထုခေါင်းဆောင်ကို ပြန်လည်ကျေးဇူးပြုဖို့ ကျွန်မအနေနဲ့ ဘာတစ်ခုမှ မည်မည်ရရ မလုပ်နိုင်ခဲ့ပါဘူး။ C တစ်ယောက်ရဲ့ လက်ရှိအနေအထားမှာပဲ ဘဝကြီးတစ်ခုလို့ ထင်မှတ်ခဲ့သူပါ။
အခုလိုကျ လူထုခေါင်းဆောင်နဲ့ သားကင်မ်တို့ တွေ့ဆုံခွင့် (ဖုန်းပြောခွင့်) ရချိန်မှာ အမေတစ်ယောက်အပေါ်မှာ ထားသည့် မေတ္တာတရား၊ သားတစ်ယောက် လုပ်ရမည့် တာဝန်ကို မမှိတ်မသုန်၊ ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်၊ စိတ်ဓာတ် ကြံ့ခိုင်စွာ စွမ်းဆောင်ခဲ့လို့ ယခုလို အမေနဲ့ တွေ့ဆုံခွင့် ရခဲ့တာပါ။ ကင်မ်သာ သာမန်အနေအထားအတိုင်း နေထိုင်နေမယ်ဆိုရင် အခုလို ပြည်သူတွေရှေ့ လူထုခေါင်းဆောင် ရောက်လာဖို့ဆိုတာ မသေချာလှပါဘူး။
လူတိုင်းမှာ နိုင်ငံရေးမဟုတ်သည့် မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းဆိုတာ ကင်မ်ရဲ့ လုပ်ရပ်က သက်သေပါ။ ကျွန်မအနေနဲ့ ကင်မ်ကို အားကျသလို ကင်မ်ရဲ့ တစိုက်မတ်မတ် လုပ်ခဲ့သည့် အမေတစ်ယောက်အပေါ် ထားသည့် မေတ္တာတရားနဲ့ သစ္စာတရားကိုတော့ လေးစားအားကျမိတာ အမှန်ပါ။
ကျွန်မတို့ ပြည်သူတွေက လွတ်လပ်ခြင်းကို မက်မောကြပါတယ်။ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို လူတိုင်း တောင်းဆိုကြပါတယ်။ တကယ့် လက်တွေ့မှာတော့ ပြည်သူတွေ ထဲထဲဝင်ဝင် လုပ်သလားဆိုတော့ မလုပ်နိုင်ကြသေးပါဘူး။
ကင်မ် ရသွားခဲ့တဲ့ ခရီးက ကျွန်မတို့ ပြည်သူတွေ ဓာတ်ပုံလေး တစ်ပုံ၊ စာစုလေးတစ်ခု ရေးဖို့သက်သက် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကြိုးစားမှု ရလဒ်ပါ။
လူတိုင်း ကြိုးစားရင် မိမိတို့ လိုချင်သည့် ပန်းတိုင်က အသင့်စောင့်ကြိုနေပါတယ်။ ကျွန်မသည် လူထုခေါင်းဆောင်၏ မေတ္တာတရားကို သောက်သုံးခဲ့ဖူးပါသည်။ အမှန်အတိုင်း ဝန်ခံရရင် ယနေ့အချိန် ၅ နှစ်တာ သက်တမ်းကာလသည် လူထုခေါင်းဆောင်အပေါ် ထားရှိခဲ့သည့် မေတ္တာခရီးလမ်းသည် မြူမှူန်ဘဝဖြင့် ခရီးနှင်နေသူလို့ ဝန်ခံရပါမယ်။ သို့အတွက် မေတ္တာခြုံ၍ လုံခဲ့ရသည့် လူထုခေါင်းဆောင် ဦးဆောင်ခဲ့သည့် ပြည်သူ့အစိုးရ သက်တမ်း ၅ နှစ်ကို လွမ်းပါသည်။
ကင်မ်ရဲ့ မိဘအပေါ် ထားခဲ့သည့် မေတ္တာတရားထက် ကျွန်မတို့ ပြည်သူအပေါ် တာဝန်ကျေမှုက ပိုသည်ဆိုတာလေးကို လေးစားသမှုဖြင့် မှတ်တမ်းတင်လိုက်ရပါသည်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar