ဆောင်းဝေ (နတ်မောက်) - ခံစားမှုကမ္ဘာ
ဆောင်းဝေ (နတ်မောက်) - ခံစားမှုကမ္ဘာ
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၆
နိုဝင်ဘာဟာ သစ်ရွက်ကြွေတွေကို ယူဆောင်လာခဲ့တယ်။ အဲဒီသစ်ရွက်ကြွေတွေဟာ လမ်းမတွေပေါ် ပြေးလွှားနေကြတယ်။ အရွက်တချို့ မရှိတော့တဲ့ ရိုးတံကျဲကျဲနဲ့ သစ်ပင်ဟာ ဓားကိုင်ပြီး ရပ်နေတဲ့ သွေးစိမ်းရှင်ရှင် ထွက်နေသူ သူရဲကောင်းတစ်ယောက်လို အိမ်ရှေ့မှာ မားမားမတ်မတ် ရပ်နေရဲ့။ ဘဝဒဏ်ရာဒဏ်ချက်များနဲ့ လူငယ်လေးတစ်ယောက်လို သူ့ကိုယ်သူ လဲမကျအောင် ထိန်းထားရင်း ရပ်နေရဲ့။
ပြတင်းပေါက်ကို ဖွင့်လိုက်တော့ နေရောင်ခြည်နဲ့ အအေးဓာတ် ရောထွေးနေတဲ့ လမ်းမဟာ မနက်ခင်းထဲ အလျားလိုက် လဲလျောင်းလို့။ အောက်တိုဘာလောက်မှာ အရောင်ပြောင်းလာတဲ့ သစ်ရွက်တွေဟာ နိုဝင်ဘာထဲ ရောက်လာတဲ့အခါ အချို့က အရောင်အမျိုးမျိုး ထပ်ပြောင်း၊ အချို့က ကြွေ၊ အချို့ကတော့ လေထဲမှာ။ ရာသီဥတုဟာ ပူသလိုလို အေးသလိုလို၊ ဒါမှမဟုတ် မပူသလိုလို မအေးသလိုလို။ ရုတ်တရက် ထပျံတတ်တဲ့ ငှက်တွေရဲ့အရိပ်၊ ရွက်ကြွေသစ်ပင်၊ ခြောက်ကပ်လမ်းမ၊ ဒီမြင်ကွင်းအပေါ် အမည်တပ်ရခက်နေပေမယ့် ကိုယ်ဟာ အဲဒါတွေကို ခံစားနေမိတယ်။ ဘောလုံးသမားတစ်ယောက်ဟာ ဘောလုံးကို သူ့ခြေထောက်နဲ့ ထိန်းထားသလိုမျိုး ဒီခံစားမှုကို ကိုယ့်ရင်ဘတ်နဲ့ ထိန်းထားလိုက်တယ်။ ဒီခံစားမှုနောက် ဒီတစ်နေ့လုံး လိုက်သွားဖို့ အသင့်ပြင်ထားလိုက်တယ်။
နွေဦးပေါက်၊ နွေရာသီ၊ ဆောင်းဦးပေါက်၊ ဆောင်းရာသီဆိုပြီး ရာသီလေးခုရှိတဲ့အထဲမှာ နွေဦးပေါက်နဲ့ ဆောင်းဦးပေါက်ကို အကြိုက်ဆုံးပဲလို့ ပြောတဲ့ မိတ်ဆွေတစ်ယောက်နဲ့လည်း ကြုံဖူးတယ်။ “ဒါက ငါ့ရာသီဥတုလေ” လို့ ပြောတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ဖူးတယ်။ လူအများ ကြိုက်လှပါတယ်ဆိုတဲ့ နိုဝင်ဘာဆောင်းဦးပေါက်ကို ကိုယ်ဟာ ခံစားနေမိတယ်။
နိုဝင်ဘာထဲ မြင်နေကြားနေရတဲ့ အမေရိကန်ရွေးကောက်ပွဲ၊ နာမည်ကြီး နည်းပညာကုမ္ပဏီတစ်ခုမှ စီအီးအိုတစ်ယောက်ရဲ့ အိမ်ထောင်ရေးကိစ္စ၊ မကြာသေးခင်က ရွေးကောက်ပွဲလုပ်သွားခဲ့ကြတဲ့ ဘရာဇီး၊ ရုရှား၊ အစ္စရေးနိုင်ငံတွေရဲ့ အရေးတွေ၊ လူဝင်မှုကြီးကြပ်ရေးပြဿနာတွေ၊ ကုန်ဈေးနှုန်းတက်တဲ့ကိစ္စတွေ၊ နိုင်ငံအနှံ့ ရိုက်ခတ်နေတဲ့ ရေနံဈေးနှုန်းတွေ၊ ပျော်ရွှင်စရာနဲ့ ဝမ်းနည်းဖွယ်ရာအထွေထွေကို ကိုယ်ဟာ ရသလောက် ခံစားနေမိတယ်။ ကိုယ့်ရဲ့အလုပ်ကိစ္စတွေ၊ ညာဘက်အပေါ်က သွားတစ်ချောင်း နှုတ်လိုက်ရတာတွေ၊ ကားမောင်းရင် မျက်မှန်တပ်လိုက်မှ မြင်ကွင်းရှင်းသွားတာတွေ၊ တစ်ပတ်ကို လေးငါးရက်လောက် ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်ဖြစ်လာတာတွေ၊ စိတ်တည်ငြိမ်ချမ်းမြေ့မှုရအောင် တရားထိုင်ဖြစ်လာတာတွေကိုလည်း ပြန်တွေးရင်း ခံစားနေမိတယ်။
ခံစားမှုပျောက်နေခဲ့တာ ကြာပြီ။ ခံစားချက်မပါဘဲ နေထိုင်နေခဲ့ရတာလည်း အချိန်တော်တော်ကြာခဲ့ပါပြီ။ အခုက အချိန်လေးရတုန်း ခံစားနေရတာ။ အရင်တုန်းက ခံစားချက်မပါဘဲ နေခဲ့ရပါလားဆိုတာကို အခုပြန်တွေးပြီး ပြန်ခံစားနေတာ။ ကျောက်တုံးတစ်တုံးကို တောင်ထိပ်ပေါ်ကနေ တောင်အောက်ကို လှိမ့်ချလိုက်သလို ဘဝထဲ ခံစားချက်မပါဘဲ လိမ့်နေခဲ့ရပါလား။ အခြားသူတွေက စနက်တံဖြုတ်ပေးလိုက်တဲ့အခါ ကိုယ်ဟာ ဗုံးတစ်လုံးလို တစ်နေရာရာမှာ သွားရောက်ပေါက်ကွဲပေးခဲ့ရပါလား။ ဘယ်နေရာမှာ ပျက်ကျမယ်မှန်းမသိတဲ့ စွန်တစ်ခုလို ကိုယ်ဟာ ဝဲခဲ့၊ ပျံခဲ့ရပါလား။ အခုမှ ပြန်စဉ်းစားမိတာ။ အခုတော့ ကြည့်မိတဲ့ရုပ်ရှင်ထဲက မင်းသမီးလေး အသည်းကွဲတာကအစ သွားနှုတ်လိုက်ရလို့ သွားဖုံးတွေနာနေတာအဆုံး ခံစားနေမိတော့တာ။
ဟိုအရင်တုန်းက သတိရတဲ့အချိန်တိုင်း မိဘတွေကို ဖုန်းခေါ်လို့ရခဲ့ပေမယ့် အခုလို တိုင်းရေးပြည်ရေး မကောင်းတဲ့အချိန်မှာ သတိရတိုင်းလည်း ဖုန်းပြောလို့မရတော့ဘူး။ အခုဆို တစ်ပတ်မှတစ်ခါ၊ တစ်ခါတစ်ရံ နှစ်ပတ်မှတစ်ခါလောက်ပဲ ပြောဖြစ်တော့တယ်။ အဖေနဲ့အမေ နေမှကောင်းရဲ့လား၊ ညီမနဲ့တူမလေးတွေ အဆင်မှပြေကြရဲ့လား၊ ရန်ကုန်က အမေ့ဘက်က ဆွေမျိုးတော်သူ ဘကြီး ကျန်းမာရေးမကောင်းဘူး သတင်းကြားရတော့ အခု ဘယ်လိုအခြေအနေရှိနေလဲ၊ ရန်ကုန်မှာ မီးတွေ မကြာခဏ ပြတ်နေတယ်ကြားရတော့ ညဘက်ရောက်တဲ့အခါ ရန်ကုန်ဟာ ကြောက်စရာကောင်းနေပြီလား၊ ရာသီဥတုတွေ မကောင်းဘူးသိရတော့ မြန်မာပြည်ဟာ အဆမတန် ပူနေပြီလား။ ငယ်ငယ်က ကျောင်းအတူတက်ခဲ့ကြပြီး အခု ကွဲကွာသွားကြတဲ့ သူငယ်ချင်းတွေ၊ နေထိုင်ခဲ့၊ လည်ပတ်ခဲ့ဖူးတဲ့ မြို့တွေက အသိမိတ်ဆွေတွေ၊ အချိန်မပေးနိုင်ခဲ့လို့ ဖုန်းမပြောဖြစ်ကြတော့တာတွေကို ပြန်စဉ်းစားရင်း ခံစားနေမိတယ်။ သိပ်ရင်းနှီးကြသူတွေရော၊ နည်းနည်းပါးပါး ခင်မင်ကြသူတွေရော၊ မြင်ဖူးတွေ့ဖူးရုံ သူစိမ်းတစ်ရံတွေရော အခုရက်ပိုင်း စိတ်ထဲပေါ်လာကြတယ်။ ကမ္ဘာ့အရေးကိုလည်း ကိုယ့်အရေးကိစ္စလို ခံစားရတယ်။ ကိုယ့်အရေးကိုလည်း ကမ္ဘာ့အရေးကိစ္စလို ခံစားမိတယ်။
အခုလောလောဆယ် အလုပ်မသွားရတာ တစ်ပတ်ရှိခဲ့ပြီ။ နောက်တစ်ပတ်အထိ အလုပ်မသွားရသေးဘဲ အိမ်ထဲမှာပဲ နေရဦးမှာဆိုတော့ ခံစားဖို့အချိန်က ရနေသေးတယ်။ အချိန်မရခင်တုန်းကတော့ ခံစားမှုဆိုတာ ကိုယ့်အတွက် အပိုသက်သက်ပဲ။ ခံစားမှုမပါတဲ့အခါ လူဆိုတာ မီးခြစ်ဆံနဲ့ ခြစ်လိုက်တဲ့အခါ မီးထတောက်ပေးဖို့ သက်သက်လုပ်ထားတဲ့ ဘူးခွံ။ ဓားနဲ့ခုတ်ဖြတ်လည်း သွေးထွက်မလာမယ့် အသွေးမဲ့အသားမဲ့ရုပ်တု။ လူထုဆန္ဒမပါတဲ့ ရွေးကောက်ပွဲ။ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုမပါဘဲ အသက်ရှင်ရုံသက်သက် တိုင်းသူပြည်သား။ မျှော်လင့်ချက်နဲ့ အနာဂတ် စီးဆင်းမနေတဲ့ မြစ်ကော။
ခံစားမှုမရှိတဲ့အခါ ကိုယ်ဟာ ပျံသန်းနေပေမယ့် ဘယ်ကိုပဲရောက်ရောက် ပျော်ရွှင်မှာမဟုတ်တဲ့ လေယာဉ်အခွံ။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ဆင်းရဲသား။ တိုက်ပွဲအလယ် ရောက်နေပေမယ့် အသွားတုံးနေတဲ့ ဓားတစ်လက်။ နိုင်ငံနှစ်ခုအကြားက အန္တရာယ်အမြဲရှိနေတဲ့ နယ်စပ်မျဉ်း။ ရထားအသွားအလာမရှိတဲ့ ဘူတာရုံအပျက်။ သမိုင်းမရှိဘဲ သမိုင်းစာအုပ်ထဲ ထည့်ရေးထားတဲ့ ဟာသ။ ခံစားမှုပျောက်နေရင် အသက်ရှိနေပေမယ့် အသက်မဲ့နေတာနဲ့ ဘာထူးမှာလဲ။
ခံစားမှုပျောက်နေခဲ့တဲ့ ကာလတွေ အများအပြားရှိခဲ့ပေမယ့် အချိန်တစ်ခုကိုတော့ ထူးထူးခြားခြား မှတ်မိနေတယ်။ ကိုဗစ်ရောဂါတွေ မဖြစ်ခင် ၂၀၂၀ ခုနှစ် မတိုင်ခင်ကပေါ့။ မနက်ခင်းဆိုရင် နယူးယောက်စီးတီးကောလိပ်မှာ ဆူရှီလိပ်တဲ့အလုပ်ကိုလုပ်ပြီး ညနေခင်းဆိုရင် ဂျပန်စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ အချိန်ကပေါ့။
မနက်ငါးနာရီမှာ အိပ်ရာထပြီး နယူးယောက်စီးတီးကောလိပ်ထဲက ကန်တင်းကို ခုနစ်နာရီမှာရောက်အောင် သွားရတယ်။ အဲဒီမှာ ဆူရှီလိပ်၊ ထမင်းနဲ့ ခေါက်ဆွဲပြုတ်ရောင်းပြီး နေ့လယ်ခင်း နှစ်နာရီထိုးတာနဲ့ နောက်အလုပ်တစ်ခုဆီ သွားရတယ်။ လေးဆယ့်နှစ်လမ်းက ဂရန်းစင်ထရယ်ရထားဘူတာရုံမှာ ဆင်းကာ နီးစပ်ရာ ပီဇာဆိုင်က ပီဇာတစ်ချပ်ဝယ်စားပြီး ဂျပန်စားသောက်ဆိုင်ကို သွားရတယ်။ အဲဒီမှာ ညနေလေးနာရီကနေ ညဆယ်နာရီအထိ စားပွဲထိုးအလုပ်ကို လုပ်ရတယ်။
အသက်အရွယ်တူလောက်ရှိတဲ့ ဂျပန်လူမျိုးဖြစ်သူ ဆိုင်ပိုင်ရှင်ရဲ့သားက “ဆောင်း၊ မင်း နောက်အလုပ်တစ်ခု လုပ်သေးတယ်ဆို၊ အိမ်ပြန်ရောက်ရင် ဘယ်အချိန်မှာ အိပ်လဲ” လို့ မေးတယ်။ အိမ်ပြန်ရောက်တာနဲ့ ခဏနား၊ ညဆယ့်နှစ်နာရီလောက်မှာ အိပ်ပြီး နောက်အလုပ်အတွက် မနက်ငါးနာရီမှာ အိပ်ရာထရတယ်လို့ ပြောတော့ သူ နည်းနည်းအံ့ဩတဲ့ပုံစံဖြစ်သွားပြီး “ဆောင်း၊ မင်း အဲဒါကတော့ နည်းနည်းများသွားပြီကွာ” လို့ ပြန်ပြောလေရဲ့။
ညဆယ်နာရီ အလုပ်ကပြန်လာချိန်ဆို ရထားပေါ်မှာ လူရှင်းနေတော့ ကိုယ်ဟာ ကျောပိုးအိတ်ကို ရင်ခွင်ထဲပိုက်ကာ အိပ်ငိုက်နေခဲ့တယ်။ အခြားသူတွေ ရထားပေါ်မှာ သူတို့ဖုန်းတွေနဲ့ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်နေချိန်မှာ ကိုယ်ဟာ အိပ်နေခဲ့တယ်။ လူတချို့ပြောကြတဲ့ “မခံစားနိုင်ဘူး” ဆိုတဲ့စကားက အဲဒီတုန်းက ကိုယ့်ဘဝနဲ့ ကွက်တိဖြစ်ခဲ့တယ်။ ခံစားနေဖို့ အချိန်မရဘူး။ နောက်ပိုင်း ကိုဗစ်ရောဂါတွေဖြစ်လာတော့ အဲဒီအလုပ်နှစ်ခုလုံးကို မသွားရ၊ မလုပ်ရတော့ဘူး။
ခံစားမှုမဲ့နေတဲ့အခါ ကိုယ့်ရဲ့လူ့အဖြစ်ဟာ တစ်ရွာလုံး ဗုံးအကြဲခံထားရတဲ့ မီးလောင်ပြင်။ လူသူတစ်ယောက်မှ မနေတော့တဲ့ ဝိညာဉ်မဲ့နေတဲ့ မြို့ပျက်။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲမှာ မရှိတဲ့ နိုင်ငံ။ နားထောင်ရတာ ချောမောပြေပြစ်မှုမရှိဘဲ ဖုထစ်နေတဲ့ သီချင်း။
ဒီနှစ်ထဲမှာ ကားနဲ့ လူအကြိုအပို့လုပ်ရတဲ့ အလုပ်ကို ပြောင်းလုပ်လာချိန်မှာ တစ်ခါတစ်ရံ ခံစားမှုဟာ ရောက်လာတတ်တယ်။ ပထမမြောက်လမ်းမကြီးပေါ်က ကုလသမဂ္ဂရုံးရှေ့က ဖြတ်သွားရလို့ မြန်မာပြည်အလံကို လှမ်းမြင်ရတဲ့အခါ ခံစားမှုဟာ ရောက်လာတတ်တယ်။ တိုင်းမ်စကွဲယားနားတစ်ဝိုက် ရောက်တဲ့အခါ ကမ္ဘာအရပ်ရပ်က ရောက်လာတဲ့ လူအုပ်ကြီးကို လှမ်းကြည့်ရင်း အချို့နှစ်၊ အချို့အချိန်တွေ အဲဒီနေရာမှာ လာစုဝေးခဲ့ဖူးတဲ့ တစ်ခါက မြန်မာပြည်သားလူအုပ်ကြီးကို သတိရမိတတ်တယ်။
အဝေးပြေးလမ်းမပေါ် ရောက်သွားလို့ အဝေးပြေးဘတ်စ်ကားတွေ မြင်ရတဲ့အခါ တစ်ခါတုန်းက မြန်မာပြည်ဖွားတွေစုပြီး နယူးယောက်ကနေ အိမ်ဖြူတော်ရှိရာ ဝါရှင်တန်ဒီစီကို ဘတ်စ်ကားနှစ်စီးနဲ့ စုဝေးသွားရောက်ခဲ့တာကို မြင်ယောင်မိတတ်တယ်။ အချို့ရက်တွေ ကွင်းစ်ထဲရောက်လို့ ဆိုဖီယာစားသောက်ဆိုင်နဲ့ ရသာမွန်ဆိုင်တွေရှေ့ ရောက်တဲ့အခါ ဒါဟာ မြန်မာအစားအစာတွေရောင်းတဲ့ မြန်မာစားသောက်ဆိုင်တွေပေါ့ဆိုပြီး ဂုဏ်ယူခံစားမိတတ်သေးတယ်။
အခြားသော နေရာများ၊ လူများ၊ အဖြစ်အပျက်များနဲ့ ပတ်သက်ပြီး ခံစားမှုအမျိုးမျိုး ရောက်လာတတ်သေးပေမယ့် အများအားဖြင့်တော့ ခံစားမှုဟာ ပျောက်ပျောက်နေတတ်တယ်။ မြို့ကို မြင်နေရပေမယ့် မြို့ကို မမြင်ခဲ့ဘူး။ တစ်မြို့လုံးနီးပါးအနှံ့ နေ့စဉ်လိုလို ရောက်နေပေမယ့် မြို့ရဲ့အလှကို မခံစားခဲ့ရဘူး။ အလုပ်ကို အောင်အောင်မြင်မြင်လုပ်ဖို့၊ ချောချောမွေ့မွေ့ ပြီးဆုံးဖို့၊ ထိခိုက်ဒဏ်ရာ မရဖို့ဆိုတာတွေကလည်း အရေးကြီးတယ်ဆိုတော့ ခံစားမှုကို အလုပ်နားရက်ဆီ ပို့ထားခဲ့ရတယ်။
ကံမကောင်းစွာနဲ့ပဲ ခံစားမှုပျောက်နေခဲ့တာ ကြာပြီ။ ကံကောင်းစွာနဲ့ပဲ ခံစားမှုဟာ အခုရက်ပိုင်း ပြန်ရောက်လာတယ်။ ခံစားမှုလေးနဲ့ ကြည့်တော့ အရိုးပြိုင်းပြိုင်းဖြစ်တော့မယ့် နိုဝင်ဘာထဲက အိမ်ရှေ့သစ်ပင်တောင် လှနေတယ်။ အိမ်ရဲ့မျက်စောင်းထိုးလောက်မှာရှိတဲ့ ပန်းခြံထဲက ထိုင်သူမဲ့နေတဲ့ ခုံတန်းအလွတ်တွေဟာလည်း လှနေကြတယ်။ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ မလှမ်းမကမ်းက အိမ်ခေါင်မိုးပြုပြင်နေကြသူ မက္ကဆီကန်အလုပ်သမားတွေရဲ့ တဒုန်းဒုန်းထုရိုက်နေကြတဲ့ အသံတောင် ကြားရတာ လှနေတယ်။
နေ့ရောညပါ လူပေါင်းများစွာနဲ့ ပြည့်ကျပ်ရှုပ်ထွေးနေတတ်တဲ့ ရပ်ကွက်ထဲက အဝတ်လျှော်ဆိုင်လေးဟာလည်း ဒီနေ့ ကြည့်လို့ကောင်းနေတယ်။ ကြီးမားတဲ့ စူပါမားကတ်တွေရဲ့ဘေးမှာ လမ်းမပေါ်ချရောင်းနေတဲ့ လမ်းထောင့်တည့်တည့်က မက္ကဆီကန်လင်မယားနှစ်ယောက်ရဲ့ သစ်သီးအရောင်းဆိုင်လေးဟာလည်း ဒီနေ့ လှနေတယ်။ လမ်းထိပ်မှာရှိတဲ့ တရုတ်အသားကင်ဆိုင်က အနံ့ဟာလည်း မွှေးပြီးလှနေတယ်။
ရပ်ကွက်ထဲမှာက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မြန်မာ အစရှိတဲ့ အာရှနိုင်ငံသားတွေ ပေါများသလို မက္ကဆီကို၊ စပိန်၊ ကိုလံဘီယာ၊ ပီရူး၊ ချီလီ စတဲ့ တောင်နဲ့မြောက် အမေရိကတိုက်က လူတွေလည်း ရှိနေကြတယ်။ အရေးပေါ်လူနာတင်ယာဉ်နဲ့ ရဲကားတွေရဲ့ ကျယ်လောင်တဲ့ ဟွန်းတီးသံတွေဟာလည်း လုံခြုံမှုရှိနေတယ်ဆိုတဲ့ ခံစားမှုနဲ့ လှနေတယ်။ ကိုယ်အမြဲညှပ်လေ့ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းရှေ့တည့်တည့်က တရုတ်ဆံပင်ညှပ်ဆိုင်ဟာလည်း ဒီနေ့ ပိုပြီး သပ်သပ်ရပ်ရပ်ရှိနေသလိုပဲ။ အိမ်ရှေ့လမ်းကနေ ဖြတ်လျှောက်သွားကြသူတွေရဲ့ မြန်မာစကားသံတွေဟာလည်း ဒီနေ့မှ ပိုပီပီသသ ကြားနေရသလိုပဲ။ ကိုယ်ဟာ မြင်ရကြားရသမျှမှာ ခံစားနေမိတယ်။
ကွယ်လွန်သူ ကဗျာဆရာ အောင်ချိမ့်က သူ့ကဗျာတစ်ပုဒ်ထဲမှာ အခုလို ထည့်ရေးခဲ့ဖူးတယ်။ “ကျွန်တော်ဟာ အရူးအမူးသမား၊ ခံစားမှုပဲ ယုံတယ်” တဲ့။ ယုံပါတယ်။ ယုံလို့ပဲ အခု ခံစားနေတာ။ လူဆိုတာ ခံစားမှုလေးရှိနေမှ နေလို့ကောင်းတာ။ လူ့အဖြစ်ဟာ ခံစားမှုနဲ့မှ အရသာရှိတာ။
ခံစားမှုမရှိရင် လူဟာ အသက်ဝိညာဉ်မရှိတဲ့ စားပွဲပေါ်က ကိုင်းကျိုးနေတဲ့ ကော်ဖီခွက်ပဲ။ ခံစားမှုမပါရင် သမ္မတတစ်ယောက်ရဲ့ မိန့်ခွန်းတောင် နားထောင်လို့မကောင်းဘူး။ ခံစားမှုမဲ့နေရင် မီးသတ်သမားတစ်ယောက်ရဲ့ မျက်လုံးတောင် ကြည့်လို့မကောင်းဘူး။ ခံစားချက်မရှိရင် အာဏာရှင်ဖြစ်ဖို့ကလည်း လွယ်လွယ်လေး။ လူသတ်သမားဖြစ်ဖို့ဆိုတာလည်း နီးနီးလေး။
စာသင်ခန်းထဲက ကျောင်းဆရာတစ်ယောက်ရဲ့ မျက်နှာ၊ ဈေးထဲက ဈေးရောင်းသမတစ်ယောက်ရဲ့ အသံ၊ တောရွာလေးနံဘေးက ကောက်စိုက်သူတွေရဲ့ တေးသံ၊ ဒါတွေက ခံစားချက်ပါနေမှ လှတာ။ ခရီးသည်ပေါင်းများစွာရဲ့ အသက်ကို တာဝန်ယူထားရတဲ့ လေယာဉ်မောင်းသမားရဲ့ မျက်နှာ၊ ကလေးတစ်ယောက်ရဲ့ စာကျက်သံ၊ ဖခင်တစ်ယောက်ရဲ့ မိသားစုကို ကာကွယ်လိုမှု၊ မိခင်တစ်ယောက်ရဲ့ သားသမီးတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ လမ်းကို မဆက်မပြတ် ကြည့်နေတဲ့ ဘတ်စ်ကားမောင်းသမား၊ ဒါတွေဟာ ခံစားချက်ကြောင့် လှနေတာ။ ဆေးပြင်းလိပ်ခဲနေတဲ့ ချေဂွေဗားရားပဲဖြစ်ဖြစ်၊ နှုတ်ခမ်းမွေးတပ်ထားတဲ့ ချာလီချက်ပလင်ပဲဖြစ်ဖြစ် ခံစားချက်ကြောင့် ကြည့်လို့ကောင်းနေတာ။ ကမ္ဘာကြီးကလည်း ခံစားချက်ကြောင့် လှနေတာ။
ခံစားချက်တွေ မရှိတော့တဲ့ တစ်နေ့ကို ကိုယ်ဖြင့် တွေးကြည့်လို့ကို မရဘူး။ လူတွေ ခံစားချက်တွေ မရှိကြတော့ရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လို့တောင် မရဘူး။ အခု ခေတ်စားလာတဲ့ ဉာဏ်ရည်အတု အေအိုင်ဟာ အသိဉာဏ်ပညာတွေ ပြည့်စုံကြွယ်ဝနေပေမယ့် ခံစားချက်မရှိဘူး။ အခု ခေတ်စားနေတဲ့ စက်ရုပ်တွေဆိုတာဟာလည်း လှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်ရှိပေမယ့် ခံစားချက်မရှိဘူး။ ခံစားချက်ဆိုတာ လူတွေမှာပဲရှိတာ။ ခံစားစရာရှိရင် လူတွေကပဲ ခံစားတတ်တာ။ ခံစားမှုမရှိတဲ့တစ်နေ့ ကိုယ်ကတော့ သေမှာပဲ။ ခံစားမှုမရှိတဲ့သူတွေ တွေ့ရင်လည်း ကိုယ်ကတော့ ရယ်ချင်တာပဲ။
နောက်ရက်တွေ အလုပ်ထဲ ပြန်ရောက်သွားတဲ့အခါ ဒီနေ့ရနေတဲ့ ခံစားမှုတွေ ပြန်ပျောက်သွားမလားဆိုပြီး ကိုယ့်မှာ တွေးပြီး ကြောက်တောင်ကြောက်မိတယ်။ မုန်းတာပဲဖြစ်ဖြစ် ချစ်တာပဲဖြစ်ဖြစ်၊ လွမ်းဆွေးတာဖြစ်ဖြစ် သတိရတာပဲဖြစ်ဖြစ်၊ နာကြည်းတာဖြစ်ဖြစ် နာကျင်တာဖြစ်ဖြစ်၊ နောက်ဆုံး အခြားဘာခံစားမှုပဲဖြစ်ဖြစ် ကိုယ်ကတော့ တပ်မက်တယ်။
အသက်ကို ရှင်အောင် မွေးရတာလည်း မလွယ်ဘူး။ ခံစားမှုကို မသေအောင် မွေးနေရတာလည်း မလွယ်ဘူး။ ။
ဆောင်းဝေ (နတ်မောက်)
နိုဝင်ဘာ ၁၁၊ ၂၀၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar