မောင်လူမွှေး - မျက်ရည်တိတ်ခါစ ချင်းတောင်ရိပ်ဆီ
မောင်လူမွှေး - မျက်ရည်တိတ်ခါစ ချင်းတောင်ရိပ်ဆီ
မိုးမခ ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
သီတင်းကျွတ်ခါနီးမှာ မောင်လူမွှေးတို့ဟာ ချင်းတောင်ခြေက စစ်ရှောင်စခန်းလေးကို သွားကြတယ်။ လမ်းခရီးက အဆိုးကြီးမဟုတ်ပေမယ့် သူတို့ဆီက ချောင်ကျတယ်။ သီးသန့်သွားမှ ရောက်တယ်။ ဒီစခန်းလေးကို ပြီးခဲ့တဲ့နှစ်နှစ်ကျော်က မောင်လူမွှေးတစ်ယောက် ဆရာလေးဂန္ဓမာနှင့်အတူ ပထမအကြိမ် ရောက်ခဲ့တယ်။ အဲ့ဒီတုန်းက စစ်ရှောင်စခန်းဟာ အတော်ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်။ ငိုကြတယ်။ အကူအညီတောင်းခံသံတွေ၊ ညည်းညူသံတွေ ကြားခဲ့ရတယ်။
ကြွေးဥတွေတူးပြီး စားရသတဲ့။ ကြွေးဥကို ပါးပါးလွှာ၊ ပီနံအိတ်ထဲ ထည့်ပြီး တညလုံး ချောင်းထဲမှာ ရေစိမ်ထားရတယ်။ ဒါမှ ကြွေးဥမှာပါတဲ့ ယားတတ်တဲ့အစေးတွေ ထွက်မယ်။ ဒါနဲ့မရသေးဘူး။ နောက်နေ့မနက်ကျ ချောင်းရေထဲမှာ စိမ်ထားတဲ့ကြွေးဥကို ခြေထောက်နဲ့ နင်းရသေးတယ်။ ပြီးမှ ကြွေးဥအလွှာတွေကို နေပူလှမ်းရတယ်။ ဆန်မုန့်နဲ့ပေါင်းပြီး စားကြရတယ်။ ကောက်ညှင်းဆန်မုန့်နဲ့ပေါင်းရင် ပိုကောင်းလို့ ပြောကြတယ်။ တစ်ပြည်ကို ငါးထောင်နဲ့ရောင်းရတယ်။ မောင်လူမွှေးလည်း သူတို့လက်ဆောင်ပေးလို့ ကြွေးပေါင်းကို စားဖူးတယ်။ စေးစေးထုတ်ထုတ်နဲ့ စားလို့ကောင်းပါတယ်။
နောက် အသက်မွေးဝမ်းကျောင်း အလုပ်တခုက မှိုရှာ၊ မျှစ်ချိုးကြတာဖြစ်တယ်။ မိုးဦးကျတောထဲမှာ ပေါတဲ့မှိုတွေကို ရှာပြီး နေလှန်းကြရတယ်။ ပြီးတော့ မှိုခြောက်ကို ဆန်နဲ့လဲပြီး စားကြရတယ်။ မှိုခြောက်တစ်ပိသာကို သုံးသောင်းရတယ်။ မှိုခြောက် တပိသာရဖို့ မှိုအစိုတတင်းလောက်ရအောင် ရှာရတယ်။ ဘယ်လွယ်ပါ့မလဲ။ နောက် မျှစ်ချိုး၊ မျှစ်ကို အခြောက်လှန်းပြီး ရောင်းကြတယ်။ မျှစ်ခြောက်ကလည်း တပိသာ သုံးသောင်းရတယ်။ မျှစ်အစိုကို ပလိုင်းအကြီးကြီးနဲ့ အပြည့်ချိုးနိုင်မှ မျှစ်ခြောက်အစိတ်သားလောက် ရတယ်။ မှိုရှာဖို့၊ မျှစ်ချိုးဖို့ တောင်တတောင်ကို ကျော်ရတယ်။
ဆန်ကော၊ ဆန်ခါတွေ ရက်ပြီးလည်း သူတို့ ရောင်းကြတယ်။ ဆန်ကော၊ ဆန်ကာရက်ဖို့ တောင်တတောင်ကျော်ပြီး ဝါးသွားခုတ်ရတယ်။ ဝါးနှစ်လုံးကို ထမ်းပြီး စခန်းရောက်အောင် ပြန်လာရတယ်။ ဆန်ကော၊ ဆန်ခါတချပ်ကို တစ်သောင်း၊ တသောင်းခွဲလောက် ရောင်းကြရတယ်။ သူတို့ နေတဲ့နေရာက ချောင်ထဲက တောင်ခြေရင်းမှာမို့ ကျေးရွာတွေဘက်ကို သွားရောင်းကြရတယ်။ မြေကြီးထဲက ကြွေးဥကိုတူးပြီး ကြွေးဥလွှာခြောက်ဖြစ်တဲ့အထိ၊ တောင်စောင်းတွေမှာ မှိုရှာ၊ မျှစ်ချိုးပြီး မှိုခြောက်၊ မျှစ်ခြောက်ဖြစ်တဲ့အထိ ပင်ပင်ပန်းပန်းရှိတဲ့ အလုပ်တွေဖြစ်ပေမဲ့ ဝင်ငွေက နည်းပါးလှတယ်။
သူတို့ဘဝတွေဟာ မောပန်းတယ်။ ချောင်ကျပြီး အထီးကျန်တယ်။ အားငယ်တယ်။ ဧည့်သည်ကို မျှော်တယ်။ ဆန်အလှူရှင်ကို မျှော်တယ်။ ဆီအလှူရှင်ကို မျှော်တယ်။ ဝမ်းနည်းကြေကွဲလွယ်တယ်။ ဒါတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်က အခြေအနေတွေပါ။ ပြီးခဲ့တဲ့တစ်နှစ်ကတော့ သူတို့အခြေအနေတွေ တော်တော်လေး တည်ငြိမ်လာကြတယ်။ အမေရိကားက အလှူရှင်တွေလှူတဲ့ ဆန်ပြုတ်အာဟာရနဲ့ ဆီကို ပေးလှူရင်း ပြီးခဲ့တဲ့နှစ်က မောင်လူမွှေး သူတို့ဆီကို ရောက်ခဲ့သေးတယ်။ ငိုတာတွေမရှိတော့ဘူး။ မျက်ရည်တွေကုန်သွားတာလည်း ဖြစ်နိုင်တယ်။ ညည်းတော့ ညည်းညူကြဆဲပဲ။ "လှူစရာမရှိလည်း လာနော်" လို့ သူတို့က တဖွဖွမှာကြတယ်။
အခု ဒီနှစ် သီတင်းကျွတ် သူတို့ဆီကို သွားတာမှာတော့ မောင်လူမွှေးတို့မှာ လှူစရာမပါဘူး။ သူတို့နဲ့လူချင်းတွေ့ဆုံဖို့ သပ်သပ်သွားတာသာ ဖြစ်တယ်။ သူတို့စခန်းလေးဟာ ချောင်ကျပြီး လူဦးရေလည်း နည်းတဲ့အတွက် အလှူရှင်တွေ နည်းပါးတယ်။ စစ်ရှောင်ကူညီရေး စီမံချက်တွေတိုင်း သူတို့ဆီကို မရောက်နိုင်ပါ။ မောင်လူမွှေးတို့ ရောက်သွားတော့ ဖော်ဖော်ရွေရွေ ကြိုဆိုကြတယ်။ ဝိုင်းဖွဲ့ပြီး စကားပြောကြတယ်။ ပိန်ပါးပါးနဲ့ အမျိုးသမီးတစ်ယောက်ကတော့ ငိုင်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူ့သားတော်လှန်ရေးရဲဘော်ဟောင်းဟာ ဖျားပြီး ကွယ်လွန်ခဲ့တယ်။ အဘိုးဖြစ်သူဟာလည်း မြေးဖြစ်သူ ကွယ်လွန်ခါစမို့ မျက်နှာသိပ်မကောင်းရှာဘူး။
ညကျတော့ ကွယ်လွန်သွားတဲ့ တော်လှန်ရေးရဲဘော်ရဲ့ အဘိုးဖြစ်သူနဲ့ မြေကွက်လပ်လေးမှာ မတ်တတ်ရပ်ရင်း စကားပြောဖြစ်တယ်။ "မြေးနှစ်ယောက်လုံး ဟိုးနားမှာ မြုပ်ထားတယ်။ အုတ်ဂူတော့ မလုပ်နိုင်သေးဘူး" လို့ သူက ပြောတယ်။ သူ့သမီးက မွေးတဲ့ သူ့မြေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကွယ်လွန်တယ်။ သူ့သားက မွေးတဲ့ မြေးဖြစ်သူက မနှစ်က တိုက်ပွဲကျခဲ့တယ်။ တော်လှန်ရေးရဲဘော်ညီအစ်ကိုနှစ်ယောက်ဟာ သူ့အဘိုး စစ်ဘေးရှောင်နေတဲ့တဲနဲ့ မနီးမဝေးမှာ အတူရှိခဲ့ကြပြီ။
သီတင်းကျွတ်လပြည့်ဖို့ နှစ်ရက်အလိုမှာ လရောင်ဟာ စစ်ရှောင်တဲတွေနဲ့ အနောက်ကတောင်တန်းတွေပေါ် ဖျာကျနေတယ်။ လရောင်အောက်မှာ မြေးနှစ်ယောက်ဆုံးရှုံးထားတဲ့ အဘိုးဖြစ်သူရဲ့တဲဟာ မိုးကာတွေ ပတ်ခြာလှည့်ကာထားတယ်။ မြေးနှစ်ယောက်ဆုံးရှုံးတာအပြင် သူ့သားငယ်ဟာလည်း ကျန်းမာရေးကြီးကြီးမားမားထိခိုက်လို့ တော်လှန်ရေးရဲဘော်အဖြစ်ကနေ အနားယူထားရတယ်။ သူတို့တွေဟာ ပူဆာရွာဖြစ်သွားတဲ့ သူတို့ဇာတိရွာကနေ အဝတ်တထည် ကိုယ်တစ်ခုနဲ့ထွက်ခဲ့ပြီး ဆင်းဆင်းရဲရဲ ရုန်းကန်နေရပေမယ့် တော်လှန်ရေးအပေါ်မှာ တာဝန်ကျေခဲ့ကြတယ်။
"ဆရာလေးဂန္ဓမာကို သတိရတယ်" တဲ့။
သူတို့တွေက ပြောကြတယ်။ မောင်လူမွှေးကို သူတို့ဆီ ရောက်အောင်ပို့ပြီး မိတ်ဆက်ပေးခဲ့သူဟာ ဆရာလေးဂန္ဓမာ ဖြစ်တယ်။ အခုလထဲမှာပဲ ဆရာလေးဂန္ဓမာလည်း ရှေ့တန်းမှာ ကျဆုံးခဲ့တယ်။ လရောင်အောက်က စစ်ရှောင်တဲတွေ၊ အနောက်ဘက်က တောင်တန်းကိုကြည့်ရင်း ဆရာလေးဂန္ဓမာကို မောင်လူမွှေးလည်း သတိရတယ်။ ကောင်းကင်ကို မော့ကြည့်တော့ ကြယ်တွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒီစစ်ရှောင်စခန်းနားမှာ မြုပ်နှံခဲ့တဲ့ ရဲဘော်နှစ်ယောက်ရယ်၊ ဆရာလေးဂန္ဓမာရယ် ကြယ်တွေသာ ဖြစ်သွားကြတယ် ဆိုရင် သူတို့ဟာ စစ်ရှောင်စခန်းပေါ်တည့်တည့်က ကြယ်ကလေးတွေ ဖြစ်လိမ့်မယ်လို့ ကလေးတယောက်လို မောင်လူမွှေး တွေးနေမိပါတယ် ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar