Breaking News

အမေရိကန် စတော့ဈေးကွက် ပြိုကျမှု၏ နောက်ကွယ်က အကြောင်းရင်းများနှင့် စောင့်ကြည့်သင့်သည့် အချက်များ



အမေရိကန် စတော့ဈေးကွက် ပြိုကျမှု၏ နောက်ကွယ်က အကြောင်းရင်းများနှင့် စောင့်ကြည့်သင့်သည့် အချက်များ
နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၆



The Anatomy of an Unwind and What to Watch Now
ရေးသားသူ – Stephanie Guild, CFA (Chief Investment Officer) ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့

ဒီဆောင်းပါးမှာ အမေရိကန် စတော့ဈေးကွက်၊ အထူးသဖြင့် AI နည်းပညာနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ ဘာကြောင့် ရုတ်တရက် ထိုးကျသွားသလဲ၊ နောက်ထပ် ပြိုကျနိုင်သေးသလား၊ ဈေးကွက်ပြန်လည်တည်ငြိမ်လာမယ့် အခြေအနေကို ဘယ်လိုသိနိုင်မလဲဆိုတာ ရှင်းပြထားပါတယ်။

ဆောင်းပါးရဲ့ အဓိကအယူအဆကတော့ နိုင်ငံရေးအပြောင်းအလဲကြောင့် စတော့တွေ ချရောင်းကြရတယ်လို့ အကြောင်းပြချက်ပေးခဲ့ပေမဲ့ အကြွေးယူရင်းနှီးမြှုပ်နှံမှုတွေက ဈေးကွက်ကို ပိုမို ထိခိုက်စွာ ကျဆင်းစေခဲ့တယ် ဆိုတာ ဖြစ်ပါတယ်။

၁။ စတော့ဈေးကွက် ဘာကြောင့် ရုတ်တရက် ကျဆင်းသွားသလဲ
ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာပြီးနောက် စတော့ဈေးကွက်မှာ အနည်းငယ် ကျတာ လျော့မယ့် အရိပ်အယောင်တွေ တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ နည်းပညာကဏ္ဍအတွင်းမှာတော့ အခြေအနေက မတူပါဘူး။
ဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျဆင်းမှုတွေကတော့—

* Nasdaq နည်းပညာအခြေပြု စတော့အညွှန်းကိန်း ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်။

* Semiconductor (ချစ်ပ်ထုတ်လုပ်ရေး) ကဏ္ဍ ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်။

* Data Center လုပ်ငန်းအချို့ရဲ့ ရှယ်ယာဈေးနှုန်း ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်။

ရွေးကောက်ပွဲနဲ့ AI Data Center တွေ ဘယ်လိုဆက်စပ်သလဲ

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အချို့ဟာ Data Center အသစ်တွေ ဆောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းဖို့နဲ့ ဒေတာစင်တာဆောက်သူတွေကို အခွန်သက်သာခွင့်တွေ စွတ်ပေးထားတာတွေ လျှော့ချဖို့ မဲဆွယ်ခဲ့ကြပါတယ်။

ဒီမူဝါဒတွေ အကောင်အထည်ပေါ်လာရင်—

* Data Center တည်ဆောက်မှုတွေ နှောင့်နှေးနိုင်တယ်။
* ကုမ္ပဏီတွေ အမြတ်စတင်ရရှိမယ့်အချိန် နောက်ကျနိုင်တယ်။
* AI ချစ်ပ်ထုတ်လုပ်သူ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအထိ ထိခိုက်နိုင်တယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက AI နဲ့ ဆက်စပ်တဲ့ စတော့တွေကို စတင်ရောင်းချခဲ့ကြတယ်လို့ ဆောင်းပါးက သုံးသပ်ပါတယ်။

၂။ Leverage ဆိုတာ ဘာလဲ၊ ဘာကြောင့် အန္တရာယ်ရှိသလဲ

Leverage ဆိုတာ ကိုယ့်မှာရှိတဲ့ ငွေထက် ပိုမိုရင်းနှီးမြှုပ်နှံနိုင်ဖို့ အကြွေးယူအသုံးပြုခြင်း ဖြစ်ပါတယ်။

ဥပမာ—
ကိုယ်ပိုင်ငွေ $10,000 ရှိတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကိုယ်ပိုင်ငွေဖြင့်သာ $10,000 ရင်းနှီးမြှုပ်နှံမှုမျိုးထက် အကြွေး $40,000 ယူပြီး $50,000 ရင်းနှီးမြှုပ်နှံမှု ကို ဆိုလိုပါတယ်။ မာဂျင်ထရိတ်ဒင်းလို့လည်း ခေါ်ကြပါတယ်။

အကယ်၍ - စတော့ဈေးနှုန်း ကျဆင်းမှု 20% ရှိခဲ့ရင်
အကြွေးမယူသူ၏ ဆုံးရှုံးမှု $2,000
အကြွေးယူသူ၏ ဆုံးရှုံးမှု $10,000 ဆိုတော့
အကြွေးယူသူ၏ လက်ကျန်ကိုယ်ပိုင်ငွေမှာ $0 ဖြစ်သွားမည်။ အတိုး၊ ကုန်ကျစရိတ်နှင့် margin စည်းမျဉ်းများ မပါဝင်သည့် ရိုးရှင်းသော ဥပမာဖြစ်သည်။

ဈေးကွက်ကျဆင်းတဲ့အခါ အကြွေးယူထားသူတွေဟာ အကြွေးအာမခံတန်ဖိုး မလုံလောက်တော့တာကြောင့် စတော့တွေကို မဖြစ်မနေ ရောင်းချရနိုင်ပါတယ်။

ဒါကို Margin Call လို့ ခေါ်ပါတယ်။ အဲဒီလို လူအများအပြား တစ်ပြိုင်နက် ရောင်းချတဲ့အခါ စတော့ဈေးတွေ ထပ်ကျပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ရောင်းချဖို့ ဖိအားပေးသလို ဖြစ်လာပါတယ်။

ဒီဖြစ်စဉ်ကို Leverage Unwind လို့ ခေါ်တာပါ။

(၁) အကြွေးယူပြီး AI စတော့တွေ အများအပြားဝယ်ယူ
(၂) သတင်းဆိုးကြောင့် စတော့ဈေးကျဆင်း
(၃) Margin Call နှင့် အတင်းအကျပ်ရောင်းချမှုလုပ်ပြီး အကြွေးဆုံး
(၄) စတော့ဈေး ပိုမိုကျဆင်းပြီး ရောင်းချမှု ထပ်တိုး
(၅) ဈေးကျဆင်းမှုက နောက်ထပ်ရောင်းချမှုကို ဖြစ်စေသည့် အဆိုးသံသရာ

၃။ အမေရိကန်ဈေးကွက်ထဲမှာ အကြွေးဘယ်လောက်များနေသလဲ

ဆောင်းပါးရေးသူက အဓိကအန္တရာယ် သုံးမျိုးကို ထောက်ပြထားပါတယ်။
အကြွေးအမျိုးအစား    အခြေအနေ

Hedge Funds  (သည်နေရာမှာ စတော့ဈေးကို ငွေချေးကစားတဲ့ ဒိုင်လို့    အကြွေးသုံးစွဲမှု စံချိန်တင်အဆင့်အထိ မြင့်တက်

Margin Accounts ၂၀၂၆ ဇွန်လမှာ $1.5 trillion အထိ ရောက်ရှိ

Leveraged ETFs ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုတန်ဖိုး $200 billion ခန့်

အထူးသဖြင့် Hedge Fund တွေဟာ AI နဲ့ Semiconductor စတော့တွေကို အလွန်အမင်း စုဝယ်ထားကြပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံသူအများစုက တူညီတဲ့ စတော့တွေကို ဝယ်ထားတဲ့အခြေအနေကို Crowded Trade လို့ ခေါ်ပါတယ်။

ဈေးကွက်ကောင်းနေချိန်မှာ ပြဿနာမရှိပေမဲ့ အားလုံး တစ်ပြိုင်နက် ရောင်းချချင်လာရင် ဝယ်ယူသူ မလုံလောက်တာကြောင့် ဈေးနှုန်းတွေ အလွန်မြန်မြန် ကျဆင်းနိုင်ပါတယ်။

၄။ ဒီလို ဈေးကွက်ပြိုကျမှုမျိုး အရင်က ဖြစ်ဖူးသလား

ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ အကျိုးဆက်တွေက မတူကြပါဘူး။

ကာလ ဖြစ်ပွားမှုနှင့် နောက်ဆက်တွဲ

၁၉၂၉ စတော့ဈေးကွက်ပြိုကျပြီး စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်
၁၉၈၇ စတော့ဈေးကွက် အလွန်ပြင်းထန်စွာ ကျဆင်းခဲ့ပေမဲ့ စီးပွားရေးစနစ်တစ်ခုလုံး မပြိုကျ
၁၉၉၈ Hedge Fund LTCM အကျပ်အတည်းနှင့် ငွေကြေးဈေးကွက် ဖိအား
၂၀၀၀–၂၀၀၂ Dot-com နည်းပညာစတော့ ပူဖောင်းပေါက်ကွဲ
၂၀၀၈ ဘဏ်လုပ်ငန်းနဲ့ အိမ်ခြံမြေအကြွေးပြဿနာက ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်စေ
၂၀၂၀ COVID-19 ကြောင့် ဈေးကွက်ကျဆင်းပြီး Fed ၏ အရေးပေါ်ဆောင်ရွက်မှုနောက် ပြန်လည်နာလန်ထူ

ဆောင်းပါးရေးသူရဲ့ အဓိကသတိပေးချက်ကတော့ စတော့ဈေးကျတာထက် ကြိုအကြွေးယူပြီးစတော့ကစားတဲ့ပြဿနာဟာ ဘဏ်တွေနဲ့ စီးပွားရေးတစ်ခုလုံးကို ကူးစက်သွားမလား ဆိုတာ ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

၅။ စတော့ဈေးကွက် ပြန်လည်တည်ငြိမ်လာပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ

Stephanie Guild က စောင့်ကြည့်ရမယ့် အချက်ငါးချက်ကို ဖော်ပြထားပါတယ်။
၁။ အကြွေးယူရင်းနှီးမြှုပ်နှံမှုတွေ တကယ်လျော့နည်းလာပြီလား
စတော့ဈေးကျသွားတာတစ်ခုတည်းနဲ့ ပြဿနာပြီးဆုံးပြီလို့ မဆိုနိုင်ပါဘူး။ Margin Debt နဲ့ Hedge Fund Leverage တွေပါ လျော့ကျလာဖို့ လိုပါတယ်။

၂။ VIX ကြောက်ရွံ့မှုအညွှန်းကိန်း အမြင့်ဆုံးရောက်ပြီး ပြန်ကျလာပြီလား
VIX ဟာ ဈေးကွက်ရဲ့ မျှော်မှန်းမတည်ငြိမ်မှုကို တိုင်းတာပါတယ်။ အရောင်းအဝယ်ပမာဏ အလွန်မြင့်လာပြီး VIX ပြန်ကျလာတာဟာ အတင်းအကျပ်ရောင်းချမှု လျော့ပါးလာနိုင်တဲ့ လက္ခဏာတစ်ခုပါ။

၃။ အကြွေးဈေးကွက် တည်ငြိမ်လာပြီလား
Credit Default Swap (CDS) ဈေးနှုန်းတွေ ဆက်မတက်တော့တာဟာ ကုမ္ပဏီတွေရဲ့ အကြွေးပြန်မဆပ်နိုင်မှုအပေါ် စိုးရိမ်မှု လျော့နည်းလာတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၄။ AI စတော့တွေသာ ကျနေတာလား၊ တခြားလုပ်ငန်းတွေဆီပါ ကူးစက်နေပြီလား
AI နဲ့ Semiconductor ကဏ္ဍတွေသာ ကျဆင်းနေရင် ပြဿနာကို ထိန်းချုပ်နိုင်ခြေ ရှိပါတယ်။ ဘဏ်၊ စားသုံးကုန်နဲ့ အခြားစီးပွားရေးကဏ္ဍတွေအထိ ကျဆင်းလာရင် ပိုမိုစိုးရိမ်ရပါတယ်။

၅။ Hedge Fund တွေ ပိတ်သိမ်းရုံနဲ့ ပြီးမလား၊ ဘဏ်တွေပါ ဆုံးရှုံးလာမလား
ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတချို့  (စတော့ငွေချေးဒိုင်တချို့)  ပိတ်သိမ်းရတာက ဈေးကွက်ပြန်လည်သန့်စင်မှုရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငွေချေးပေးထားတဲ့ ဘဏ်တွေအထိ ဆုံးရှုံးမှုကူးစက်လာရင် စနစ်တစ်ခုလုံးအတွက် အန္တရာယ်ပိုကြီးပါတယ်။

၆။ လက်ရှိအခြေအနေကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲ
ဆောင်းပါးရဲ့ သုံးသပ်ချက်အရ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေသုံးမျိုးကို ခွဲကြည့်နိုင်ပါတယ်။
အခြေအနေ (၁) — AI ကဏ္ဍတစ်ခုတည်းမှာ ပြဿနာပြီးဆုံးခြင်း
အကြွေးသုံးစွဲမှုလျော့ကျ၊ VIX ပြန်ကျပြီး ဘဏ်တွေ မထိခိုက်ဘူးဆိုရင် စတော့ဈေးကွက် ပြန်လည်တည်ငြိမ်လာနိုင်ပါတယ်။
အခြေအနေ (၂) — နည်းပညာစတော့တွေ ဆက်လက်ကျဆင်းခြင်း
AI Data Center တွေရဲ့ အမြတ်ရရှိနိုင်မှုအပေါ် သံသယတိုးလာရင် ၂၀၀၀ ပြည့်နှစ် Dot-com အကျပ်အတည်းလို တန်ဖိုးပြန်လည်သတ်မှတ်မှု ရှည်ကြာနိုင်ပါတယ်။
အခြေအနေ (၃) — ဘဏ္ဍာရေးစနစ်တစ်ခုလုံး ထိခိုက်ခြင်း
Data Center အကြွေးတွေ ပြန်မဆပ်နိုင်ခြင်း၊ ဘဏ်တွေရဲ့ ဆုံးရှုံးမှုနဲ့ Credit Market အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်လာရင် ပိုမိုပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်း ဖြစ်လာနိုင်ပါတယ်။

၇။ သာမန်ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာသင်ခန်းစာရသလဲ

ဒီဆောင်းပါးကနေ ရရှိနိုင်တဲ့ အဓိကသင်ခန်းစာက AI နည်းပညာရဲ့ အနာဂတ်ကောင်းမွန်မှုနဲ့ AI စတော့တစ်ခုရဲ့ လက်ရှိဈေးနှုန်း သင့်တင့်မှုဟာ မတူညီတဲ့ ကိစ္စနှစ်ခု ဖြစ်တယ်ဆိုတာပါ။

AI လုပ်ငန်းတွေ အနာဂတ်မှာ အောင်မြင်နိုင်ပေမဲ့ အဲဒီကုမ္ပဏီတွေရဲ့ စတော့ကို ဈေးအလွန်မြင့်နေချိန်မှာ ဝယ်ထားရင် ဆုံးရှုံးနိုင်ပါတယ်။

ထို့အပြင် စတော့ဈေးကွက်ကျဆင်းမှုကို အခွင့်အရေးလို့ယူဆပြီး အကြွေးထပ်ယူဝယ်ခြင်းဟာ အန္တရာယ်ပိုများနိုင်ပါတယ်။

အရေးကြီးဆုံးက စတော့ဈေး ဘယ်လောက်ကျသွားပြီလဲဆိုတာထက် အကြွေးနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေ ဘယ်လောက်ရှင်းလင်းသွားပြီလဲဆိုတာ ဖြစ်ပါတယ်။

၈။ နိဂုံး၏ နောက်တိုး နိဂုံး
စာကို ဘာသာပြန် တည်းဖြတ်နေချိန်မှာပဲ နည်းပညာ ချစ်ပြားကုမ္မဏီကြီး NVDA ၏ စီအီးအို လူမှုရေးအရှုပ်အရှင်းတွေ ပေါ်လာလို့ ရာထူးက နှုတ်ထွက်သွားရပါတယ်။ နည်းပညာစတော့မားကက်၏ ထိပ်ဆုံးတန်ဖိုးကို ယူထားတဲ့ NVDA စတော့တွေ ထိုးကျကုန်တာကတော့ လက်ရှိ တပူပေါ် နောက်တပူ ဆင့်တာပါပဲ။ သို့သော် ဆက်လက်ပြီး စားသုံးသူတွေနဲ့ ဈေးကွက်က ဘယ်လိုတုန့်ပြန်မလဲကတော့ ဆက်စောင့်ကြည့်ရပါဦးမည်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar