မောင်လူမွှေး - ကြည်လင်တဲ့ လူ့အဖွဲ့အစည်းဆီသို့
မောင်လူမွှေး - ကြည်လင်တဲ့ လူ့အဖွဲ့အစည်းဆီသို့
မိုးမခ ၊ နိုဝင်ဘာ ၁၃ ၊ ၂၀၂၆
"စားစမ်း ဆရာ။ ချဉ်ပေါင်ကတော့ NLD ချဉ်ပေါင်။ ကျနော်တို့ဆီမှာပဲ ရှိတယ်" တဲ့။ သူတို့ ချဉ်ပေါင်ဟင်းကို ကြည့်လိုက်တော့ တကယ့်ရဲရဲတောက်အရောင်နဲ့။ NLD ချဉ်ပေါင်ပင်ကို သွားကြည့်တော့လည်း တကယ့်ကို နီရဲနေတာပဲ။ မောင်လူမွှေး ချဉ်ပေါင်ပင်ကို ဓာတ်ပုံရိုက်ထားလိုက်တယ်။
သီတင်းကျွတ်အခါတွင်းမို့ ဝက်သားတွေ ဝယ်ချက်ကြတော့ ဝက်သားခွက်က သုံးခွက် ဖြစ်နေတယ်။ ပုန်းရည်ကြီးသုပ်၊ မန်ကျည်းရွက်ချဉ်ဟင်း၊ ငါးစပ်သီးကြော်၊ ချဉ်ပေါင်စပ်စပ်ချက်နဲ့ စားပွဲလေးပေါ်မှာ ပြည့်နေတယ်။ ဝက်သားဟင်းကတော့ အခါတွင်းမို့ သူတို့တွေ ကြိုးစားဝယ်ကြတာ ဖြစ်မယ်။ ကျန်တဲ့ အသီးအရွက်တွေကတော့ သူတို့ စစ်ရှောင်တဲတွေနားမှာ စိုက်ပျိုးထားကြတယ်။
စစ်ဘေးရှောင်တွေဟာ ဧည့်သည်တွေကို မျှော်သလောက် ဧည့်သည် လာရင်လည်း အင်မတန် ဧည့်ဝတ်ကျေပွန်ကြတယ်။ အလှူရှင်တွေ ဆောက်ပေးထားတဲ့ အိမ်သာတွေထဲက အိမ်သာတလုံးကိုတောင် ဧည့်သည်အတွက် ဆိုပြီး စာရေးထားတာ တွေ့ရတယ်။ အလှူရှင်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူက ဧည့်သည်အတွက် သီးသန့်မထားရဘူးလို့ ပြောမှ အဲဒီအိမ်သာကို သော့မခတ်ဘဲ ဖွင့်ထားတာလို့ သိရတယ်။ ဧည့်သည်အတွက်ဆိုတဲ့ စာတန်းကတော့ အိမ်သာတံခါးမှာ ရှိနေဆဲဖြစ်တယ်။ ဒီလောက်ဧည့်ဝတ်ကျေပွန်တဲ့ စစ်ရှောင်စခန်းကို လူကြီးလူကောင်း ဧည့်သည်တွေ များများလာကြပါစေလို့ စိတ်ထဲကနေ ဆန္ဒပြုမိတယ်။ လက်တွေ့သမား မောင်လူမွှေးလည်း ဆုတောင်းရုံပဲ တတ်နိုင်တဲ့ ကိစ္စတွေ အများကြီးရှိတာကို ဝန်ခံရမှာဖြစ်ပါတယ်။
နောက်တစ်နေ့မနက်ပိုင်းမှာ ချောင်းဘေးနားက စစ်ရှောင်စခန်းကိုလည်း သွားကြတယ်။ လူနေတဲတွေ တော်တော်ကြဲသွားပြီ။ အရင်က ဆူညံစည်ကားခဲ့တဲ့နေရာဟာ ဆိတ်ငြိမ်နေတယ်။ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကတော့ ဒီချောင်းနဘေးက စစ်ရှောင်စခန်းဟာ စည်ကားခဲ့တယ်။ ချောင်းကိုဆင်းတဲ့ လမ်းဘေးတစ်လျှောက်နဲ့ ချောင်းအပေါ်ဘက်မှာ တဲအိမ်တွေဟာ ပြည့်နေခဲ့တယ်။ သူတို့တွေ အချင်းချင်း စကြ၊ နောက်ကြ၊ ရယ်ကြ၊ မောကြနဲ့ ပွဲဈေးတန်းတစ်ခုနဲ့တူတယ်လို့တောင် မောင်လူမွှေး တွေးထင်မိခဲ့တယ်။
လွန်ခဲ့တဲ့နှစ်နှစ်ကျော် သုံးနှစ်ဝန်းကျင်က ဒီချောင်းတစ်ဝိုက်မှာ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေ ပြွတ်သိပ်နေခဲ့တာပေါ့။ "မင်းအောင်လှိုင်သေရင် အိမ်ပြန်မယ်" ဆိုတဲ့ အဲဒီတုန်းက အသက်ရှစ်ဆယ်ဝန်းကျင် အဘွားကြီးတစ်ယောက်ရဲ့ ပြောစကားကို မောင်လူမွှေး မှတ်မိနေတယ်။ တဲတွေကြားမှာ နှီးဖြာတဲ့သူက ဖြာ။ ကပ်ရက်တဲ့သူက ရက်။ တဲဝန်းကျင်မှာ မှိုခြောက်လှန်းထားတဲ့ မြင်ကွင်းတွေကို ပြန်မြင်ယောင်လာတယ်။ သူတို့ရဲ့ တက်ကြွမှုက တကယ်ကို အံ့ဩဖွယ်ဖြစ်ခဲ့တယ်။ ပျူစောထီးရွာဖြစ်သွားလို့ သူတို့စွန့်ခွာခဲ့ရတဲ့ သူတို့ဇာတိရွာကို ပြန်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုအားတွေနဲ့ ဒီချောင်းနဘေးမှာ ကုပ်တွယ်ပြီး နေထိုင်ခဲ့ကြတယ်။
အချိန်တွေ ကြာလာတော့ အိမ်ထောင်စု ၁၀၀ ဝန်းကျင်ရှိတဲ့ သူတို့ စစ်ရှောင်စခန်းဟာ အခက်အခဲတွေ ရင်ဆိုင်လာရတယ်။ တကယ့်ချောင်ကျတဲ့ နေရာကြီးမှာ၊ စိုက်ပျိုးမြေအပိုမရှိတဲ့ နေရာမှာ၊ အလှူရှင်တွေ ရောက်ဖို့ ခက်ခဲတဲ့နေရာမှာ သူတို့ရေရှည်ရပ်တည်ဖို့ မလွယ်ပါ။ သူတို့တွေအများစုဟာ ရွာတွေနဲ့နီးတဲ့ လမ်းမကြီးဘေး တနေရာကို ပြောင်းရွှေ့နေထိုင်ကြရပြန်တယ်။ ဒီချောင်းနံဘေးမှာတော့ အိမ်ထောင်စု သုံးဆယ်နီးပါးပဲ ကျန်ခဲ့တယ်။
ချောင်းနံဘေးမှာကျန်ခဲ့တဲ့ စစ်ရှောင်တွေထဲက တာဝန်ခံလူကြီးနှစ်ဦးနဲ့ မောင်လူမွှေးတို့ တွေ့ကြတယ်။ စစ်ရှောင်စခန်းမှာ လာပြီး ကလေးတွေကို ပညာသင်ပေးနေတဲ့ ဆရာမလေး နှစ်ယောက်၊ လူငယ်ဆရာ တယောက်နဲ့လည်း တွေ့ရတယ်။ မောင်လူမွှေးက ရပ်ရွာလူမှုအဖွဲ့အစည်း တည်ထောင်ရေးဟာ အရေးကြီးကြောင်း ဆွေးနွေးပြောဆိုရတယ်။ သူတို့တွေ အားတက်လာကြတာ၊ လက်ခံလာကြတာကို တွေ့ရလို့ ဝမ်းသာတယ်။ မစ္စမွှေးကတော့ ဆရာမလေး နှစ်ယောက်နဲ့ စနစ်သစ် ပညာရေးအကြောင်း ပြောကြတယ်။ မောင်လူမွှေးတို့ အတူလုပ်ပေးနိုင်တဲ့ ကိစ္စတွေကို လုပ်ပေးဖို့ သူတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်။
သူတို့ စစ်ရှောင်စခန်းဘေးက တောင်ကျချောင်းဟာ အတန်အသင့်ကြီးတဲ့ ချောင်း ဖြစ်တယ်။ ရေလာရင် ဝေါခနဲ ရုတ်တရက် ကမ်းလုံးပြည့်လာတယ်။ ရေတွေ ကျသွားတာနဲ့ ကြည်လင်တဲ့ရေတွေ ကျန်ခဲ့မြဲ။ ရေဟာ ကြည်လင်မြဲ ဖြစ်တယ်။ သူတို့တွေလည်း ပျူစောထီးတွေ ကြီးစိုးတဲ့ သူတို့ရွာကြီးကနေ ထွက်ခဲ့ခါစအချိန်က ဆင်းရဲမှု၊ မျှော်လင့်ချက်၊ လမ်းပျောက်မှုတွေနဲ့ ဒုက္ခကမ်းလုံးပြည့်ခဲ့ကြတာပါ။ အခုတော့ သူတို့ဘဝတွေ ထွက်ခွာခဲ့ခါစ ကနဦးဘဝတွေကထက်စာရင် စတင်ကြည်လင်စပြုပြီ။
ဒီလို ကြည်လင်စပြုတဲ့အချိန်မှာ လူမှုအဖွဲ့အစည်း ပိုမိုကျစ်လျစ်ကောင်းမွန်အောင် တည်ဆောက်ကြစေချင်တယ်။ ကိုယ့်ရဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းကို ကောင်းမွန်အောင် မတည်ဆောက်နိုင်ရင် ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ဝေးရုံမက လက်တွေ့ဘဝမှာပါ နေ့စဉ် စိတ်ညှိုးနွမ်းမှုကို ရင်ဆိုင်ကြရမှာဖြစ်တယ်။ နွံသဲတောထဲကနေ စမ်းရေကို ရအောင်တူးဖော်သလို ဒုက္ခနွံတွေကြားကနေ ကြည်လင်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
