Breaking News

အောင်ငြိမ်းချမ်း - AA ဖမ်းဆီးထားသည့် ရွာသား ၅၀ကျော်ကို ပြန်လွှတ်ပေးရန်တောင်းဆို



ရခိုင်တပ်မတော် တပ်သားများ တောတွင်းလှည့်လည်နေစဉ် ( ဓာတ်ပုံ - AAသတင်းနှင့် ပြန်ကြားရေး ဌာန)

အောင်ငြိမ်းချမ်း - AA ဖမ်းဆီးထားသည့် ရွာသား ၅၀ကျော်ကို ပြန်လွှတ်ပေးရန်တောင်းဆို
(Myanmar NOW) မိုးမခ၊ ဧပြီ ၃၀၊ ၂၀၁၉

ရန်ကုန်၊ ဧပြီ ၂၉ - ရက္ခိုင့်တပ်မတော် AA ကဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းရွာမှ ရွာသား ၅၀ ကျော်အား အမြန်ဆုံးပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ယမန်နေ့က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပလက်ဝမြို့နယ် အနောက်မြောက်ဘက် မိုင် ၄၀ အကွာတွင်ရှိသည့် ကင်းတလင်းရွာမှ ခူမီးချင်းတိုင်းရင်းသား ၅၄ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရက်အနည်းငယ်ခန့်အကြာတွင် အဆိုပါရွာသားများထဲမှ ၂ ဦးမှာ ပြန်လည်လွတ်မြောက်လာသည်။

လွတ်မြောက်လာသူ ၂ ဦးမှာ ဦးအောင်ရီ(၄၀ နှစ်)နှင့် ဦးတနင်္လာ(၄၂နှစ်)တို့ဖြစ်ပြီး ကင်းတလင်းရွာနှင့် မိုင် ၂၀ ခန့်ဝေးသည့် မီးစာရွာတွင် ရောက်ရှိနေကြောင်း အဆိုပါကောင်စီထံမှ သိရသည်။

သို့သော် ကျန်ရှိနေခဲ့သည့် ရွာသား ၅၂ ယောက်တွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကျောင်းသားများလည်း ပါဝင်ပြီး ဖမ်းဆီးခံရသည်မှာ ၃ လကျော် ကြာပြီဖြစ်သည်။

KHUMEE.JPG


ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ထုတ်ပြန်ချက်

လွတ်မြောက်လာသူ ၂ ဦး၏ ပြောကြားချက်ကို ကိုးကား၍ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနိုင်းရေးကောင်စီ ဥက္ကဌ ဦးကျော်ငြိမ်းက ဖမ်းဆီးခံရသူများကို ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ AA တပ်စခန်းရှိရာသို့ ခေါ်ဆောင်သွားပြီး ရိက္ခာသယ်ခိုင်းခြင်းနှင့် အခြားအလုပ်များ ခိုင်းစေနေသည်ဟု Myanmar Now ကို ဖြေကြားသည်။

“ သူတို့ခိုင်းတာလုပ်ရတယ်၊ အစားအသောက်လည်းမမှန်ဘူး၊ မိသားစုတွေကလည်း တော်တော်ကြီးကို စိတ်ပူနေကြတယ် ” ဟု ဦးကျော်ငြိမ်းက ပြောသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ AA ၏ ပြောခွင့်ရ ခိုင်သုခကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပေ။

ပလက်ဝမြို့နယ်မှ ခရစ်ယာန်သင်းအုပ်ဆရာတော် ဦးထွန်းလှိုင်က ဖမ်းဆီးခံရသည့် ရွာသားများမှာ ၎င်း၏အသင်းသားများဖြစ်ကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ပြောဆိုသည်။

“ ကိုယ့်အသင်းသားတွေဆိုတော့ စိတ်ပူတယ် သူတို့ပြန်လွတ်ဖို့ ပြည်နယ်အစိုးရအပါအဝင် အားလုံးက ဝိုင်းကူညီစေချင်တယ် ” ဟု ဦးထွန်းလှိုင်က ပြောသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ရခိုင်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားဖမ်းဆီးခံရမှုများ၊ တရားစွဲဆိုခံရမှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

မတ်လ ၉ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၄ ဦနှင့်အတူ အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အရပ်သားအချိုကို ပြန်လွှတ်ပေးခဲ့သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။