Breaking News

မောင်စွမ်းရည် - တင်မိုး၊ မောင်စွမ်းရည်နဲ့ ကိုညိုကြီး


မောင်စွမ်းရည် - တင်မိုး၊ မောင်စွမ်းရည်နဲ့ ကိုညိုကြီး
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၉

မနေ့က (၂၀၁၉ ဧပြီ ၂၂၊ တနင်္လာ) ကိုညိုကြီးရဲ့ မြေးတဦးက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ကိုညိုကြီး ကွယ်လွန်ပြီ ဆိုတာကို သတင်းပေးပါတယ်။ ကိုညိုကြီးက မြင်းခြံခရိုင်၊ တောင်သာသားပါ။ လွတ်လပ်ရေးခေတ်ဦးမှာ တောင်သာမြို့က ပထမဆုံး တက္ကသိုလ် ရောက်သူ တဦးပါ။ တင်မိုးကလည်း တောင်သာမြို့နယ်ထဲက ကန်မြဲရွာ ဇာတိ ဆိုတော့ တောင်သာသားတဦးပါပဲ။ မောင်စွမ်းရည်ကတော့ အမေက တောင်သာမြို့နယ်က ဖြစ်ပြီး သူမရဲ့ အဘိုးက ဗြိတိသျှခေတ်မှာ တောင်သာက မီးရထား၊ ကားလမ်းဆုံ ဖြစ်လာတော့ ပထမဆုံးမြို့အုပ်ပါ။ ကျွန်တော့်ဇနီးကလည်း တောင်သာသူပါပဲ။

တင်မိုးနဲ့ ကျွန်တော်တို့ မန်းတက္ကသိုလ် ရောက်ချိန်မှာ ကိုညိုကြီးက ကျောင်းထွက်ပြီး အလွတ်ပညာသင် ကျောင်းဆရာ လုပ်နေပါပြီ။ မန္တလေးမှာ တည်မြဲအမတ်၊ ပွဲကုန်းဦးလှဖေ ဆိုတာ မန္တလေးရဲ့ မြို့မျက်နှာဖုံး လူကြီး ဖြစ်ပါတယ်။ ဦးလှဖေက မန္တလေးအရှေ့ပြင်၊ မြို့အစွန်မှာ မြေကွက်တွေ အကျယ်ကြီး ဝယ်ပြီး အလွတ်ပညာသင်ကျောင်း တည်ထောင်ပါတယ်။ ခရစ်ယာန် သာသနာပြုကျောင်းတွေကိုတောင် လွှမ်းသွားခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးဩဇာနဲ့ အထက်မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က တည်မြဲနိုင်ငံရေးသမားတွေရဲ့ သားသမီးတွေ အားလုံးကို ဦးလှဖေရဲ့ အလွတ်ပညာသင်ကျောင်းကို ပို့ကြလို့ အလွန်စည်ကားခဲ့ပါတယ်။ ကျောင်းသားတွေ ထောင်ချီပြီး ရှိခဲ့တာပါ။ အဲဒီကျောင်းမှာ ကိုညိုကြီးက ဒုတိယ ကျောင်းအုပ်ပါ။ ကျောင်းကတော့ ပွဲကုန်းဦးလှဖေက တည်‌ထောင်လို့ ‘ပွဲကုန်းကျောင်း’လို့ပဲ အမည်တွင်ပါတယ်။

တင်မိုးနဲ့ မောင်သိန်းနိုင်တို့က မြန်မာစာ ဂုဏ်ထူးနဲ့ ၁၉၅၇ ခုနှစ်မှာ မန်းတက္ကသိုလ်ကို ရောက်လာတယ်။ တင်မိုးကို ဦးညိုကြီးက သူ့ရဲ့ ဘော်ဒါဆောင်မှာ ခေါ်ထားပါတယ်။ မန်းတက္ကသိုလ်၊ မြန်မာစာကထိက ဦးမောင်မောင်တင်က ပို့ပေးတယ်။ ဘော်ဒါဆောင်မှာနေ၊ ထမင်းကျွေး၊ ငွေတရာ ပေးထားပါတယ်။ ညဦး ကျောင်းသားတွေ စာကျက်ချိန်မှာ နှစ်နာရီလောက် စောင့်နေရုံကလွဲပြီး ဘာမှ မလုပ်ရပါဘူး။ မောင်စွမ်းရည်ကိုလည်း တင်မိုးလို မြန်မာစာ ပြတတ်မလားလို့ ကိုညိုကြီးက ခေါ်ယူထားပေမယ့် မပြတတ်လို့ အလယ်တန်းမှာ အင်္ဂလိပ်စာနဲ့ အထွေထွေသိပ္ပံပဲ ပြပါတယ်။ မောင်စွမ်းရည်က အကြိုဆေးသင်တန်းက လာပြီး တက္ကသိုလ်မှာ ဘူမိဗေဒ၊ ဓာတုဗေဒကို သိပ္ပံဘာသာတွဲ ယူခဲ့တာဆိုတော့ သိပ္ပံပဲ ပြပါတယ်။ တခါတရံတော့ မြန်မာစာလည်း ကူညီပြသပါတယ်။

ကိုညိုကြီးက တင်မိုးနဲ့ ကျွန်တော့်ကို သူနဲ့အတူ ခေါ်ထားပါတယ်။ ဘော်ဒါဆောင် တခုတည်းမှာ အတူအိပ်၊ အတူစားပါတယ်။ နန်းရှေ့ ပွဲကုန်းကျောင်းကြီးကို တည်ထောင်သူ ဦးလှဖေ ဘုန်းကြီးဝတ်သွားတော့ ဦးညိုကြီးတို့က ကျုံးအရှေ့ဘက်ကနေ ကျုံးအနောက်ဘက်ကမ်းကို ရွှေ့လာပြီး နေပြည်တော် အလွတ်ပညာသင်ကျောင်းကို တည်ထောင်ပါတယ်။ ရန်ကုန် ပြောင်းသွားတဲ့ တင်မိုးကို ပြန်ခေါ်ပါတယ်။ တင်မိုးရော မောင်စွမ်းရည်ရော ဘော်ဒါဆောင်မှာ ကိုညိုကြီးနဲ့အတူ တန်းစီ အိပ်နေကြပါတယ်။ ဦးညိုကြီးက ဒုတိယကျောင်းအုပ်၊ ဘော်ဒါအုပ်ပေါ့။ အဲဒီကျောင်းမှာ နေရင်း သုံးယောက်လုံး အိမ်ထောင်ကျပါတယ္။ ကိုညိုကြီးနဲ့ တင်မိုးက အောက်သူတွေနဲ့ ညားကြတာပါ။ မောင်စွမ်းရည်ကသာ တောင်သာသူနဲ့ အိမ်ထောင်ကျပါတယ်။

ကိုညိုကြီးက စာမရေးပေမယ့် စာပေဝါသနာပါသူပါ။ တင်မိုးက သူငယ်ချင်းတွေ စုပြီး စာအုပ်ထုတ်ဝေရေး လုပ်ချင်တယ်။ ဖြစ်နိုင်ရင် စာနယ်ဇင်းတွေပါ ထုတ်ချင်တယ်။ နှစ်ယောက်လုံး တက်ကြွနေပါတယ်။ ပုံနှိပ်စက် အဟောင်းကြီးတခုတောင် ဝယ်လိုက်ကြပါသေးတယ်။ ဆရာကြီးမင်းသုဝဏ်ကို ကြည်ညိုသူတွေ မြင်လို့ ‘သပြေပုံနှိပ်တိုက်’လို့ အမည်ပေးခဲ့ပါတယ်။ ဦးလေး လူထုဦးလှကလည်း သမဝါယမလုပ်ငန်းတခု အမြန်လုပ်ကြပါလို့ အားပေးပါတယ်။ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်သိန်းဆိုင်တို့က မကြာခဏ ထောင်ကျနေကြတော့ ထုတ်ဝေရေးမှာ မပါနိုင်ဘူးပေါ့။ ပထမဆုံး ထုတ်ဝေဖြစ်တဲ့ စာအုပ်က မောင်စွမ်းရည်ရဲ့ ‘အနီနှင့် အခြားကဗျာများ’ စာအုပ်ပါ။ တင်မိုးပဲ စီစဿ်တာပါ။ သူကပဲ ကိုသာနိုးကို မောင်စွမ်းရည်ရဲ့ ကဗျာတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုပေးပါလို့ မေတ္တာရပ်ပါတယ်။ ကိုညိုကြီးနဲ့ ကိုသာနိုး နှစ်ယောက် ဝိုင်းပြီး အမှာစာတွေလည်း ချီးမြှင့်ကြပါတယ်။ သူငယ်ချင်း မောင်သိန်းဆိုင်က ရန်ကုန် ရောက်နေတော့ သူ့သဘောနဲ့သူ မောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်ကို အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ကို တင်လိုက်တယ်။ သပြေစာအုပ်တိုက်ရဲ့ ပွဲဦးထွက် ကဗျာစာအုပ်ဟာ ၁၉၆၄ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ ထုတ်ဝေသူ (၀၀၃၃)၊ ဦးညိုကြီး- သပြေပုံနှိပ်တိုက် (၀၀၅၀)၊ ၁၃၃၊ ၈၂-လမ်း၊ အမတော်ဝင်း၊ မန္တလေး တဲ့။ ပုံနှိပ်တိုက်က အမတော်ဝင်း လိပ်စာ၊ သပြေစာအုပ်တိုက်ကတော့ အနောက်ကျုံးလမ်း၊ နေပြည်တော်ကျောင်းပါပဲ။ ဖုန်းနံပါတ် ၆၃၉ တဲ့။

ဦးညိုကြီးရဲ့ ‘ထုတ်ဝေသူ အမှာစာ’မှာ-

‘ဤစာအုပ်သည် ငွေရင်းငွေနှီး တလုံးတခဲ တတ်နိုင်သော စာအုပ်တိုက် မဟုတ်စေကာမူ တတ်နိုင်သမျှသော စွမ်းအားဖြင့် မြန်မာနိုင်ငံနှင့် လူမျိုး၏အကျိုးကို ဖြစ်ထွန်းစေမည့် စာအုပ်စာတမ်းများကို ထုတ်ဝေရန် ရည်သန်ပါသည်။

တလက်ခုပ် တလက်ဆွမ်း တတ်နိုင်သည်ဖြစ်စေ၊ စေတနာသန့်သန့်ဖြင့် စာအုပ်ကောင်းများကို ရွေးချယ် ထုတ်ဝေခြင်းအားဖြင့် နိုင်ငံကို ကျေးဇူးဆပ်မည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပါသည်။

ကျွန်တော်တို့တတွေ သူငယ်ချင်းတွေ စုပြီး ထုတ်ဝေရေးလုပ်ငန်း လုပ်ကြမယ်လို့ အားတက်နေဆဲမှာပဲ စစ်အစိုးရ တက်လာပြီး မကြာခင် အလွတ်ပညာသင်ကျောင်းတွေရော၊ ပုံနှိပ်တိုက်တွေရော၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေရော အားလုံး ပိတ်ပြီး ပြည်သူပိုင် သိမ်းလိုက်ပါလေရော။ ဒါနဲ့ပဲ အဆက်ပြတ် သွား ခဲ့ရပါတယ်။’

ကိုညိုကြီးက စာပေသာမက ဂီတလည်း ဝါသနာပါတယ်။ စာပေဝါသနာပါပြီး ဘာစာမှ မရေးသလို ဂီတဝါသနာပါပြီး ဘာဂီတမှလည်း မတီး မဆိုပါ။ ကျောင်းသားတွေကို အုပ်ချုပ်နေရလို့ မျက်နှာကြီး အမြဲတင်းထားပါတယ်။ သီချင်းကို အပျင်းပြေတောင်မှ မဆိုပါ။ နွေရာသီ ကျောင်းပိတ်ချိန်မှာတော့ တောင်သာကို ပြန်တယ်။ သူငယ်ချင်းတွေ စုပြီး ညတိုင်း ဆိုကြ၊ တီးမှုတ်ကြပါတယ်။ ‘တောင်သာမြို့မ’ ဂီတအသင်းတဲ့။ သူ အလွန်ကြိုက်တဲ့ ဝက်သားလုံးဟင်းကို သူ့အစ်မကြီးက အိုးကြီးနဲ့ ချက်ပေးရပါတယ်။ လာသမျှလူ ဆယ့်လေး ငါးယောက်ကို ညတိုင်း ထမင်းကျွေးပြီး အဖျော်ယမကာများနဲ့ ဧည့်ခံပါတယ်။

ကျွန်တော်တို့ ရန်ကုန် ပြောင်းသွားကြတော့ လူစုကွဲသွားပြီး မန္တလေးမှာ သူတဦးတည်း အိမ်ကြီးတလုံးဝယ်၊ အင်္ဂလိပ်စာ ကျူရှင်ပြစားနေပါတယ်။ ‘အင်္ဂလိပ်စာ မင်္ဂလာပညာ့ဗဟို’ တဲ့။ ပညာရေးသမားပါ။ အသက် ၈၈ နှစ်မှာ ‘လူကြီးရောဂါနဲ့ ကွယ်လွန်သည်’တဲ့။ သူ့မြေးတယောက်က နာရေးကြော်ငြာ ပို့ပါတယ်။ သူ့မြေးက ကျွန်တော့်မြေးပါ။ သူ့တူမနဲ့ ကျွန်တော့်သားနဲ့ အိမ်ထောင်ကျခဲ့ပေသကိုး။

စိတ်ကောင်းရှိတဲ့ ပညာရေးသမား သူငယ်ချင်း ကိုညိုကြီး… ကောင်းရာသုဂတိ ရောက်ပါစေ။

သူငယ်ချင်း
မောင်စွမ်းရည်