Breaking News

မောင်ရစ် - ခေတ်စားလာတဲ့ ဝန်ကျဉ်းစွာနေထိုင်နည်းနဲ့ မာရီကွန်ဒို


မောင်ရစ် - ခေတ်စားလာတဲ့ ဝန်ကျဉ်းစွာနေထိုင်နည်းနဲ့ မာရီကွန်ဒို
(အတွေးအမြင်၊ မေ ၂၀၁၉)၊ မိုးမခ၊ ဧပြီ ၃၀၊


ရုပ်ပိုင်းဆိုင်ရာတွေ လိုချင်သလောက် ရချင်သလောက် ရှာနိုင်သလောက် ပြည့်စုံတဲ့ အနောက်ပြည်မှာ စိတ္တ သုခကတော့ ရှားပါးတယ်လို့ ဆိုကြတယ်။ အမေရိကန်သမ္မတကြီးကိုယ်တိုင်က မပေး မကျွေး မမွေး မစောင့်ရှောက် မကူညီနိုင်လောက်အောင် အကုသိုလ်စိတ် အားကြီးလွန်းနေတော့ သူ့လက်အောက် ပြည်သူတွေမှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံချင်ပြည့်စုံမယ်၊ စိတ်ပိုင်းဆိုင်ရာကတော့ အားနည်းကြမှာ သေချာပါတယ်။

သည်တော့ ယခုတလော ခေတ်စားလာတဲ့ ဘဝနေနည်း (LIFE STYLE) ကတော့ Minimalism ပါ။ ဝန်ကြီး လေးလံစွာ နေထိုင်ကြတဲ့ – အိမ်ကြီးကြီး အခန်းများများ ပစ္စည်းများများ ကားများများ ဥစ္စာများများတွေနဲ့ နေထိုင်တဲ့ အကျင့်စွဲနေသူတွေကို ဝန်ကျဉ်းကျဉ်းနေထိုင်နည်း၊ ငယ်သော် နည်းသော် လှ၏ ဆိုတဲ့ စတိုင် နဲ့ စိတ်နှလုံးသွင်းမှုတွေကို မိတ်ဆက်လာကြတယ်။ ထင်ရှားသူတဦးကတော့ ဂျပန်က ဒီဇီုင်နာ Marie Kondo ဖြစ်ပါတယ်။ သူရဲ့ ဆယ်အုပ်မြောက်စာအုပ် One Year to an Organized Life (နယူးယောက်တိုင်း ၂၀၁၈ ရောင်းအကောင်းဆုံးစာရင်းဝင်) နဲ့ ထင်ရှားလာပြီး Netflix ပေါ်က သူမ၏ ရုပ်သံစီးရီး Tidying Up ကလည်း လူကြိုက်အများဆုံး ဖြစ်လာပါတယ်။ YouTube ပေါ်မှာ Trending (ခေတ်စားဆုံး) စာရင်းထဲမှာ မေရီကွန်ဒိုနည်းတွေကို လူတွေက လိုက်နာကြ၊ မျှဝေကြတာတွေ လုပ်လာကြပါတယ်။


မေရီကွန်ဒိုက ဂျပန်သူ၊ ဂျပန်က နေထိုင်ခင်း ကျဉ်းကျဉ်းနဲ့ ဝန်ပေါ့ပေါ့ နေကြတာ အကျင့်ပါပါတယ်။ သူမက ဘဝကို စနစ်တကျ စီစဉ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ့်ဘဝ အိမ်ယာမှာ မလိုလားအပ်တဲ့ ပစ္စည်းဝန်ပိုတွေ သိမ်းဆည်း ယှဉ်တွဲနေထိုင်နေရာက de-cluttering နှောင်ဖွဲ့မှုက ရုန်းထွက်ခြင်းကို ကျင့်သုံး ပြသပါတယ်။ အဝတ်အစားတွေ အများကြီး၊ မီးဖိုချောင်ပစ္စည်းတွေ၊ ပရိဘောဂတွေ အများကြီး၊ စာရွက်စာတမ်း အမှတ်တရသိမ်းဆည်း ထုပ်ပိုးထားတာတွေ အများကြီးကို အမှန်တကယ် မလိုအပ်ဘူးလို့ လေ့လာ ဆင်ခြင်ပြီး စွန့်လွှတ်ခိုင်းပါတယ်။ ကိုယ့်လက်ရှိ မျက်မှောက်မှာ အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ၊ အမှတ်တရတကယ်တန်ဖိုးထားတာတွေနဲ့ပဲ ဝန်ကျဉ်းကျဉ်း နေထိုင်တာကို လေ့ကျင့် ပြုပြင်ခိုင်းတာ ဖြစ်ပါတယ်။

Minimalism ဆိုတာက အခုတော့ အမေရိကားမှာ ခေတ်စားလာပါတယ်။ အမေရိကန်လူငယ် စာရေးဆရာ ၂ ဦးဟာ အဲသည်ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ပါတယ်။ သူတို့ ၂ ဦး ကျောပိုးအိတ်တလုံးစီ လိုအပ်တဲ့ ပစ္စည်းတွေပဲ ထုပ်ပိုးလို့ ကားအဟောင်းတစီး အတူစီးပြီး အမေရိကန်အနှံ့ ဝန်ကျဉ်းခြင်းအလှကို လိုက်လံ ပို့ချပေးနေတာကိုလည်း Netflix စီးရီးမှာ တင်ဆက်ပေးနေပါတယ်။

အမေရိကန်တွေဟာ ဘယ်လောက်တောင်မှ ရုပ်ပစ္စည်းတွေ မက်မောပြီး မစွန့်ပစ်နိုင် မလွှတ်ချနိုင်အောင် စွဲလန်းနေသလည်း ဆိုရင် သူတို့တွေ တိုင်းပြည်အနှံ့မှာ self-storage spaces facility – ဂိုဒေါင်ချည်း သီးသန့်ငှားစားတဲ့ နေရာကြီးတွေ မြောက်များစွာ ရှိပါတယ်။ အိမ်မှာတင် ပစ္စည်းတွေ သိမ်းထားရုံသာမက အဲသည် ဂိုဒေါင်ကို ငှားပြီး ပိုနေတဲ့ပစ္စည်းတွေ သိမ်းဆည်းထားကြပါသေးတယ်။ အဲသည်လို တပိုင်တနိုင်သိမ်း အငှားဂိုဒေါင်တွေ ၅ သောင်း ရှိတယ်၊ စတုရမ်းပေ ၂.၃ ဘီလျံကျော် ကျယ်တယ်။ အမေရိကန် ၁၀ ယောက်မှာ ၁ယောက် ဂိုဒေါင်တလုံးတော့ ရှိသတဲ့။

မာရီကွန်ဒို မျှဝေတဲ့ နည်းကတော့ ကျဉ်းကျဉ်း ရှင်းရှင်းလေးပါ။ ကိုယ်သိမ်းထားတဲ့ ပစ္စည်း သို့မဟုတ် အဝတ်ကို လက်နဲ့ အရင် ကိုင်တွယ်ပါ၊ သူ့အကြောင်း စိတ်ထဲမှာ ဘယ်လိုပေါ်လာသလဲ စဉ်းစားပါ။ သည်ပစ္စည်းလေးဟာ ကိုယ့်ဘဝအတွက် ပျော်ရွှင်မှု အေးချမ်းမှု ဖြစ်ပေါ်လာစေတယ်ဆိုရင် ဆက်သိမ်းထားပါ၊ အဲသည်လို ဘာဖီလင်မှ မရရင်တော့ သည်ပစ္စည်းလေးကို ကျေးဇူးတင်ကြောင်း အာရုံပြုပေးပြီး စွန့်လွှတ်လိုက်ပါတဲ့။ ပြီးတော့ ဆက်သုံးစွဲမည့် ပစ္စည်းတွေကိုလည်း တူရာ ညီရာ လွယ်ကူရာ စနစ်တကျ သိမ်းဆည်း သုံးစွဲပါ တဲ့။ အိပ်ခန်း၊ မီးဖိုခန်း၊ ဂိုဒေါင်၊ စာဖတ်ခန်း စတဲ့ နေရာတိုင်းမှာ သည်လိုမျိူး စုပုံပြီး ဆင်ခြင် စစ်ဆေး စွန့်လွှတ် သိမ်းဆည်း အဆင့်ဆင့်ကို လုပ်ခိုင်းပါတယ်။

သည်လိုလုပ်တာဟာ ကိုယ့်စိတ်နဲ့ ရုပ်ကို ပိတ်ဆို့နေတဲ့ ရုပ်ပစ္စည်းတွေကို ဖယ်ရှားရာ ရောက်ပါသတဲ့။ ကိုယ့်ကိုယ်ကိုလည်း ဆင်ခြင်ရာ ရောက်ပါသတဲ့။ နေရာတွေ ရှင်းလိုက်တော့ အချိန်တွေ ငွေကြေးတွေလည်း ပိုပြီး စုဆောင်းမိရာ ရောက်ပါသတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြှင့်တင်လိုက်သလို စိတ်ခွန်အားတန်ခိုးကို တိုးပါစေသတဲ့။ မိသားစုတွေကြားမှာ ဆိုရင်လည်း သူတို့ကို ခြားနားထားတဲ့ ရုပ်ဝတ္ထုအတားအဆီးတွေကို ဖယ်ရှားရာရောက်သတဲ့။

Hoarder ဆိုတဲ့လူတွေက hoarding လုပ်တယ်။ ပြောချင်တာက ပစ္စည်းတွေ မစွန့်နိုင်မလွှတ်နိုင် စုဆောင်း သိမ်းဆည်းတတ်တဲ့အကျင့်ဟာ လိုသည်ထက်ပိုရင် စိတ်ရောဂါတမျိုး ဖြစ်တယ်လို့ ဆိုတာပါ။ လူရှင်း စိတ်ရှင်း ပစ္စည်းရှင်းအောင် နေရင် ကိုယ်တိုင်သာမက ပတ်ဝန်းကျင်လည်း သန့်ရှင်းပါတယ်။ ကမ္ဘာကြီးလည်း အကျိူး ရှိပါတယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။ အမြဲလိုလို အချိန်တိုင်း မပြီးနိုင်မစီးနိုင် ဈေးဝယ်ထွက်တတ်တဲ့သူတွေဟာ အဲသည် စိတ်ဝေဒနာရှိတယ်လို့ ဆိုပါတယ်။ ငွေကုန် လူပန်းပြီး ပျော်ရွှင်ခြင်းလည်း နည်းပါးပါတယ်။ ဝန်ကျဉ်းအောင် နေထိုင်တဲ့အတွက် မိမိစိတ်လောဘကို သိမး်ဆည်းလိုက်ချိန်မှာ မိမိဒေါသအလိုမကျမှုစိတ်ကိုလည်း ကျဆင်းသွားစေပါတယ်။ မိမိအနီးအနားကိုပဲ အာရုံစိုက်မိနေရာကို ဖယ်လိုက်ရင် မိမိထက်ကျော်လွန်ပြီး မိုးမြေမဆုံး အမြင်အာရုံတွေ ကျယ်ပြန့်သွားနိုင်ပါတယ်တဲ့။

အကျီဆိုရင် အထည် ၃၀ ခန့် စာအုပ်ဆိုရင် ၃၀ အုပ်ခန့် ဆို ရပြီလို့ ပြောတဲ့သူတွေကလည်း ပြောပါတယ်။ မေရီကွန်ဒိုကတော့ အရေအတွက်ကို အာရုံမစိုက်ခိုင်းပါဘူး။ မိမိ၏ အတွင်းစိတ်အာရုံကိုသာ တိမ်းညွှတ်ခိုင်းတာပါ။ မိမိနဲ့ မိမိပစ္စည်းကြားက တန်ဖိုးနဲ့ ပျော်ရွှင်မှုကိုပဲ သတ်မှတ်ပြီး ရွေးချယ် စိစစ်နိုင်ဖို့ ဖြစ်ပါတယ်။ မိမိကို သည်လို ပစ္စည်းနဲနဲလေးနဲ့ နေခိုင်းတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်မိတယ်ဆိုရင်လည်း ဒါကိုက မိမိ၏ အတွင်းအဇ္ဇတ္တကို ဖွင့်ကြည့်မိရာ ရောက်တဲ့အတွက် ဒါကလည်း မိမိအတွက် အမြတ်ထွက်တာပါပဲ တဲ့။ ဖြေးဖြေးချင်း ဆက်သွားရမှာပါတဲ့။

ကျနော်လည်း ကျနော့်အလုပ်ခန်းကို ရှင်းရပါဦးမယ်။ စာအုပ်အဟောင်း ကွန်ပြူတာအဟောင်း၊ ရေဒီယိုကက်ဆက်ဓာတ်ဆက် အဟောင်းတွေ ရှိနေသေးတယ်။ ရေပုလင်းအဟောင်းတွေ၊ လိုမယ်ထင်လို့ သိမ်းထားတဲ့ windows 3.11 floppy diskတွေတောင် ရှိသေးတယ်။ ဒုက္ခ ဒုက္ခပါလား မေရီကွန်ဒိုရေ …။