Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁၂)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁၂)
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉
(ဦးဝင်းတင်ကွယ်လွန်ခြင်းနှစ်လည်အတွက် ...)

ဦးဝင်းတင်သည် ဦးဝင်းတင်သာဖြစ်၏


(၁)
ကျနော်ဟာ ဆင်းရဲသား တောသားမို့ မီးသွေးခဲနဲ့သာသွားတိုက်ခဲ့ရလို့ သွားတွေကမကောင်းပါ။ သွားနှုတ်ရဖို့ဆို ကြောက် လည်းကြောက် နာလည်းနာတယ်။ စစ်ထောက်လှမ်းရေးရဲ့ ညှင်းပန်းနှိပ်စက်ခံရလို့ သွားအကောင်းတွေ အားလုံးကျွတ်ထွက် ကုန်တဲ့ ဦးဝင်းတင်အတွက်တော့ ရင်လည်းနာ စိတ်လည်းနာနာနဲ့ ရေးရတော့မယ်။ ငယ်ငယ်က ပဒေသာမဂ္ဂဇင်းထဲမှာ ဖတ် ခဲ့ရတဲ့ ဝင်းဆွေရဲ့ကဗျာတွေ၊ ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ နှစ်လည်မဂ္ဂဇင်းထဲကဝင်းတင်ရေးတဲ့ မြန်မာ ပြည်မှာ သတင်းစာအတတ်သင်ကျောင်းရှိသင့်ဆိုတဲ့ဆောင်းပါးဖတ်ရတယ်။ ရန်ုကုန်မှာ ပန်းချီပြပွဲရှိတိုင်း ကြေးမုံသတင်းစာ ထဲက ပေါ်သစ်ရဲ့ဝေဖန်ချက်စောင့်ဖတ်ပြီး သွားကြည့်တော့မှ နားလည်အရသာခံလာတတ်တာပါ။ ပေါ်သစ်ရဲ့ အလှရှာ တော်ပုံစာအုပ်ကြောင့် ကမ္ဘာ့ပန်ချီနဲ့ရင်းနှီးလာကာ ၁၉၆၈ ခု၊ ဧပြီလက ပါရီရောက်တဲ့အခါ မိုနာလီဇာ ပန်းချီကားကိုကြည့် တတ်လာတယ်။ ကဗျာဆရာ ဝင်းဆွေ၊ ဆောင်းပါးရှင် ဝင်းတင်၊ ကမ္ဘာကျော်စာအုပ်တွေ ဘာသာပြန်ခဲ့သူ စာရေးဆရာ ဝင်း တင် ပန်းချီသုတေသီပေါ်သစ် အားလုံးဟာ ဟံသာဝတီဦးဝင်းတင်လို့သာ လူသိများနေတဲ့သတင်းစာဆရာကြီးပါ။

ဟံသာဝတီ ဦးဝင်းတင်ဆိုတာထက် ပိုသိသူ ဘယ်နှစ်ယော်ရှိသလဲ။

(၂)
ဟံသာဝတီသတင်းစာ၊ NLD တို့ထက်စောစွာ ဟိုပဝေသဏီကတည်း နာမည်တလုံးနဲ့ နေရာရထားပြီး သူ့အကြောင်း သိသ လောက်ရေးရင် စာအုပ်အတွဲလိုက်ဖြစ်သွားမှာမို့၊ ကောက်နှုတ်ကာ အပြေးအလွှားသာတတ်နိုင်မှာပါ။ ဦးဝင်းတင်နဲ့ ခင်မင် ပေါင်းသင်းလာခဲ့တာကလည်း နှစ် ၅၀ လောက်ရှိပြီကိုး။

သူ့ဆီကကူးလာတဲ့ပိုးနဲ့ ကျနော်သတင်းသမားဖြစ်လာခဲ့ရပြီ။ သူ့ရဲ့လမ်းသစ်ရိပ်သာအိမ်က ဗုဒ္ဓဟူးနေ့မနက်စကားဝိုင်းမှာ တက္ကသိုလ်ထင်ကြီး၊ မြသန်းတင့်၊ မောင်နေဝင်း၊ ချစ်သိန်းဦး (CTO)၊ မောင်ဝံသ၊ ကိုမောင်မောင်ခင် စသူတို့ ဆွးနွေးကြတဲ့ထဲ ပါဝင်ခွင့်ရခဲ့တယ်။ ၁၉၆၈ ခု၊ ဦးဝင်တင် ကြေးမုံမှာ အမှုဆောင်အယ်ဒီတာလုပ်နေစဉ် ညတိုင်းလိုလို သွားမေးတာတွေ သူ ပြောပြလို့၊ သိသင့်တာတွေသင်ပေးလို့ စသဖြင့် မကုန်နိုင်။ အချိန်ရတဲ့အခါ သတင်းတပုဒ်ဖြစ်လာဖို့ ဖြစ်ရပ်များ (Events) ဆက်စပ်တတ်အောင် ဥပမာပြသင်ပေးခဲ့တာ သတင်းသမား ဝင်းအောင်ကြီးအတွက် နည်းတဲ့ကျေးဇူးမဟုတ်ဘူး။

သတင်းစာ၊ ဂျာနယ်၊ သတင်းအေဂျင်စီ တဒါဇင်ကျော်မှာ အယ်ဒီတာလုပ်ဖူးခဲ့သူ ဦးဝင်းတင်အဖို့ မြန်မာပြည်ရဲ့ သတင်းစာ ရွှေခေတ် နေဝင်ချိန်လို့ခေါ်ရမည့်ကာလ ၁၉၆၉ ခု၊ လောက်မှာ အခွင့်အလမ်းတခုပေါ်လာတယ်။ ပြည်သူပိုင်သိမ်းထားတဲ့ ဟံသာဝတီသတင်းစာ မန္တလေးမှာ ပြောင်းထုတ်တဲ့အခါမှာ အယ်ဒီတာချုပ် တာဝန်ယူဖို့ ဦးနေဝင်းဆီက ကမ်းလှမ်းလာတာပါ။ မဆလ ခေတ်မှာ စာရေးဆရာ၊ သတင်းစာဆရာ သက်သက် ဦးဝင်တင်ဟာ ပါတီဝင်မဟုတ်ဘူး။ ဦးဝင်တင်နဲ့ ဦးနေဝင်းတို့ကြား သဘောတူညီမှုရဲ့ လိုအပ်ချက်အရ သူချက်ချင်း တင်းပြည့်ပါတီဝင်၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဖြစ်လာရပုံ ကိုယ်တိုင်ကျနော့ကို ပြောပြဖူးပါတယ်။

၁၉၇၈ ခု၊ အပိတ်ခံရချိန်အထိ မန္တလေး ဟံသာဝတီဟာ ကျနော်တို့လို သတင်းစာငတ်နေကြသူတွေအတွက်တော့ ကျေနပ် အားရစရာလို့သာ ဆိုရပါ့မယ်။ စိတ်ထင်ရာ ဘာမဆိုလုပ်ချင်တိုင်းလုပ်နေတဲ့ ဦးနေဝင်းရဲ့ လေးစားမှုရထားလို့လည်း ဦးဝင် တင်က ဟံသာဝတီကို ကျန်သတင်းစာတွေထက် ပိုမိုလွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်လို့ တွက်နိုင်ပါလိမ့်မည်။

(၃)
ကျနော် မြန်မာ့အသံကထွက်လိုက်ပြီး၊ နိုင်ငံခြားသတင်းထောက်အဖြစ်ကလည်း ပြုတ်၊ဘာလုပ်ရမှန်းမသိမို့ ဦးဝင်တင်ထံ မရောက်ဖြစ်။ ပန်းဆိုးတန်း လမ်းဘေးစာအုပ်အဟောင်ဆိုင်မှာ သွားဆုံကြတော့ “စိတ်ဓာတ်ကျရင် လူတွေကြားနေရမယ်” လို့ ပြောပြ အားပေး၊ သင်္ဘောသီးမှည့် ဝယ်ကျွေးတာ ခုထိမှတ်နေသေးတယ်။ ကျနော်ဖတ်ကြည့်ဖို့ သူ့စာအုပ်တွေထဲက ရှာဖွေကာ ငှါးလိုက်သေးတယ်။ ဟော ခုတော့ သူ ထောင်ထဲ နှစ် ၂၀ လောက်တိုက်ပိတ်ခံခဲ့ရပုံ ဘာလဲဟဲ့လူ့ငရဲ ထဲမှာဖတ်ရပြီ။ စာမဖတ်ရရင် စာမရေးရရင်မနေတတ်တဲ့ ဦးဝင်းတင် အဲဒီအခြေအနေမှာ ကြိုးပန်းပုံက အံ့မခန်းပါ။ သွားအကောင်းတွေ အကုန်လုံးကျွတ်ထွက်ကုန် ပါးရိုက်ခံရလောက်အောင် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့လို့လဲ။ ဒါပေမယ့် သူ့ကိုလူတွေကချစ်ကြ လို့ သူ့အတွက်လုပ်ချင်ရင် ကူညီသူတွေအဆင်သင့်။

အဲဒီထဲ ကျနော်လည်း ပါသပေါ့။

ဥပမာ ဗိုလ်ချုပ်ကြီးမောင်အေး သောက်တဲ့ဆေးမို့ ပိတ်ထားတဲ့ မင်္ဂလာဒုံလေဆိပ်မှာ ရှာဖွေဖမ်းဆီးတဲ့ ကမ္ဘာကျော် Centrum အားဆေး ထောင်ထဲက ဦးဝင်းထံပို့ပေးပုံကိုကြည့်။ ကျနော်နေတဲ့ ဝါရှင်တန်ဒီစီမှာ၊ မြန်မာသံရုံး၊ စစ်သံမှူးရုံးတို့ရှိတာမို့ လျှို့ဝှက်လမ်းကနေ၊ ရန်ကုန်မြို့ထဲကိုရောက်သွားပြီ။ နောက်အဆင့်ဆင့်နဲ့ သူလက်အောက် မန္တလေးဟံသာဝတီမှာလည်း အတူလုပ်ဖူးသူ ကိုရဲထွဋ် (ဗိုလ်တထောင်) ဆီရောက်သွားပြီ။ အဲဒီအချိန် ကိုအုန်းထွန်းမဟုတ်တော့ဘဲ ထောင်ဝင်စာ သွား တွေ့နေသူက ကိုမောင်မောင်ခင်ဖြစ်နေပြီ။ သူဆုံနေကျ ကိုစိန်ဝင်း (လူထု) အိမ်မှာ ကိုရဲထွဋ်ပို့ထားတဲ့ Centrum အားဆေး က အသင့်စောင့်နေပြီ။

နောက်တော့ ကိုမောင်မောင်ခင်လာယူကာ ထောင်ထဲပို့၊ ဒီလိုနဲ့ သူသောက်ခဲ့ရတယ်။ ဝမ်းသာပီတိဖြစ်ရသလို စစ်ထောက် လှမ်းရေးဘေး သတင်းသမားအချင်းချင်း စိတ်ထားနဲ့ စွန့်စားမှုအတွက်လည်း ဂုဏ်ယူစရာမဟုတ်ပါလား။

(၄)
ကျနော် ဘန်ကောက်မှာသတင်းထောက်လုပ်နေစဉ် ကိုခင်သန်း (DVB) ထံက ထောင်တွင်း သံတိုင်ကြား အပြင်ကိုမျှော်ကြည့် နေတဲ့ဓာတ်ပုံနဲ့ ABSDF ရဲ့ ဒေါင်းအိုးဝေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူဆောင်းပါးရေးနိုင်ခဲ့တာဟာ၊ နောက်ပိုင်း ဝါရှင်တန်ရောက်လာတော့ VOA ကနေ ဦးဝင်းတင်ဂုဏ်ပြုအစီအစဉ် ထုတ်လွှင့်ပေးခဲ့လို့ ရနိုင်ခဲ့တာတွေဟာ ကျနော့ကြိုးပမ် မှုထက် ဦးဝင်းတင်ရဲ့မျက်နှာကြောင့်ပါ။ လူကိုမသိ သူ့စာကိုသိ၊ လူကိုလည်းမသိ စာကိုလည်းမသိ ဦးဝင်းတင်ဆိုတာနဲ့ပင် လူတွေက ခင်ပြီးသားဖြစ်နေတာလေ။

ဦးဝင်းတင်ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စာတွေနှစ်သက်မယ်၊ ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျမယ်၊ မြန်မာ့ အလင်း ဦးတင်ကို သဘောကျမယ်၊ လူထုဒေါ်အမာကိုလည်း လေးစားမယ်။ ဒါပေမယ့် ကျနော့အမြင်မှာတော့ ဘယ်သူရဲ့ သြဇာခံမှမဟုတ်ဆိုတာ အခိုင်အမာပြောရဲတယ်။

ကျနော့်ကို ညီငယ်တစ်ယောက်လို ချစ်ခင်လို့ ဘာမဆိုပွင့်ပွင့်လင်းလင်း ပြောဆိုမြဲမို့ သူပြောဖူးတာ တသက်မမေ့နိုင်။ ဦး ဝင်းတင်ပြောပုံကြည့်၊ “သူတပါးထီးရိပ်ခို ဘယ်တော့မှကပ်မဆောင်းနဲ့၊ အဲဒီထီးမှားနေရင် ကိုယ်လည်းလောင်းရိပ်မိသွားရော၊ ဘယ်နေရာကမဆို ယူသင့်ယူ တုသင့်တု၊ ဒါပေမယ့် As a writer you must be yourself “ သူ့ကိုယ်ပိုင်စကားပါ။ နှစ် ယာက်ချင်းဆို အင်္ဂလိပ်လိုညှပ်ပြောနေကျ။ ပိုတိကျပိုမှတ်မိအောင်လေ။

(၅)
သူ့ကျောက်ကပ်ပျက်လို့ ကွယ်လွန်ခါနီး ချောကလက်ပေးတဲ့ကိစ္စ။

ကျနော်ဘဝင်မကျပါ။ ဦးဝင်းတင် သင်ပေးခဲ့တဲ့ဖြစ်ရပ်များ (Events) ဆက်စပ်ကြည့်တဲ့နည်းနဲ့ လေ့လာကြပါစို့။ သူထောင်က လွတ်လာတဲ့နေ့ အင်းစိန်က ကိုမောင်မောင်ခင်အိမ်သို့ တယ်လီဖုန်းဆက် စကားပြောကြရင်း ဦးဝင်းတင်ပြောပြပုံ နား ထောင်ကြည့်၊ “ပန်းကန်ပြားထဲ ဘာတွေဆိုတာ၊ မကြည့် မသိ၊ နောက်တနေ့ အသက်ရှင်ရေး၊ ရောမွှေစားပစ်လိုက်တယ်” လို့ ပြောသူဟာ ရေမျိုချဖို့ခက်နေချိန် ချောကလက် သတိရနိုင်ပါ့မလား၊ ချောကလက်ကိုမေးပါ့မလား၊ ချောကလက်ပေး ခိုင်းပါ့မလား၊ ကျနော်ဟာ ဦးဝင်းတင်ရဲ့အနားမှာလည်းမရှိ ကိုယ်တိုင်လည်းမကြားတာမို့ အတည်မပြုနိုင်လို့သာ သတင်း သမားလေသံနဲ့ မေးရ တွေးရ ရေးလိုက်ပါရစေ။

(၆)
ကျနော်တို့တသက် မဆလ လက်ဝကွက်ထားစဉ် ၁၉၈၈ ခု၊ အရေးအခင်းက မွေးပေးလိုက်တဲ့ အပြောင်းအလဲထဲ၊ သတင်း စာဆရာကြီး ဦးဝင်တင် နိုင်ငံရေးသမားတပိုင်းဖြစ်ကာ NLD ထောင်ရာမှာပါခဲ့ရ၊ သူထောင်ထဲဝင်သွားရစဉ်၊ ကျနော်လည်း တောမှာသွားရှောင်ရ၊ ဘဝပျက်ရ အာဟာရချို့တဲ့ရနဲ့ နောက်ဆုံး ပြည်ပရောက် တသက်ပြန်မတွေ့ကြလို့ ထင်မှတ်ထား ရာက ဦးသိန်းစိန်လက်ထက် အပြောင်းအလဲရှိလာပြန်ပြီ။ ကျနော်လည်း မြန်မာပြည်ဝင်ခွင့် visa ရလို့ ရန်ကုန် ရောက်သွားပြီ။

၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ကျောက်ကုန်းက ကိုအုန်းထွန်းအိမ်မှာ ကိုရဲထွဋ် ပို့လို့ ပြန်ဆုံခွင့်ရလိုက်တော့ လေးယောက်သား ပွင့်လင်းလွတ်စွာ ပြောကြဆိုကြတဲ့ထဲ ....

စောစောပိုင်းတုန်းကလို၊ သတင်းအတတ်ပညာ၊ ပန်းချီ၊ စာပေ၊ ခရီးသွားမှတ်တမ်း စတာတွေ ပြန်ရေးဖို့အချိန်ပေးသင့်ကြောင်း အကြံပေးတော့ သူစိတ်ဝင်စားလာပြီ။ အချင်းချင်း ရဲတင်းပွင့်လင်းစွာ ပြောဆိုကြဖို့ အမြဲအားပေးတိုက်တွန်းသူ ဦးဝင်းတင်အား “ For the rest of your life , NLD အတွက်ပဲ လုပ်သွားတော့မှာလား“ ဟုမေးဖြစ်သွားပြီ။ သူဘယ်လိုဖြေမလဲ ကျနော်တို့ သုံးယောက်စောင့်နေကြပြီ။ ခဏငြိမ်နေပြီးမှ အေးဗျာ၊ မေးထိုက်တဲ့မေးခွန်း စဉ်းစားသင့်တဲ့ကိစ္စပါ၊ သိကြတဲ့အတိုင်း ကိုယ်စ ထားခဲ့ဆိုတော့ .... တခြားဧည့်သည်များဝင်လာကြောင့် စကားရပ်လိုက်ရတယ်။ စကားဆက်ဖို့ ထပ်ချိန်းပေမယ့် ပြန်မ ဆုံဖြစ်တော့ဘူး။

အပြန်ကားပေါ်မှာ ဦးရဲထွဋ်က ကျနော့်အား ခင်ဗျားအဲဒီလိုမေးလိုက်တော့ ပညာအုပ်ကြီး (ဦးဝင်းတင်ကို သူတို့အခေါ်) အ တော်တုံလှုပ်သွားတယ်၊ ပြောချင်နေပုံလည်းရတယ် စသဖြင့်ပြောလာခဲ့တယ်။

(၇)
ဦးဝင်းတင်နဲ့နီးကပ်ခဲ့ပုံ ပြန်ရေးရင်း အမြတ်မထုတ်၊ သူ့ဆီကရထားတဲ့အမြတ်တွေက ကျနော့အတွက် ဆယ်သက်သုံးမကုန် မို့ပါ။

ဦးနဝေင်းက သူနဲ့စကားထိုင်ပြောနေစဉ်၊ မကြားရလောက်တဲ့ ခပ်လှန်းလှန်းက တိုင်းမှူး ဗိုလ်မှူးချုပ်စိန်လွင် မတ်တတ်ရပ်နေရာ ပုံကိုကြည့်၊ သူဘာတောင်းခဲ့သလဲ၊ ဘာယူခဲ့သလဲ၊ တိုက် မြေကွက် ပုံနှိပ်စက်၊ ဘာတောင်းတောင်း ရနိုင်တယ်ဆိုတာ သူတို့ နှစ်ယောက်သာမက လူတကာအသိ။ တောင်းဖို့ဝေးလို့ တောင်းဖို့ပင် ဦးဝင်းတင် တွေးမိပါလေစ။

အယ်ဒီပေါက်စလေးဘဝ ရတဲ့လစာနဲ့ ကလေးတွေကို ပညာသင်ပေးနေကျမို့ မထူးဆန်းဘူး။ တကိုယ်ရေ တကာယသမားမို့ အပေါင်းအသင်း သတင်းသမား စာသမားများသာ သူ့မိသားစု၊ လူတွေကသူ့ကိုချစ် သူကလူတွေက သူ့ကိုချစ်၊ အဲဒါ ဦးဝင်း တင်ပါ။စာဖတ်သူများ တွေးကြည့်ကြဖို့ ...။

သူပြောဖူးထာလေး နောက်တစ်ခုခေါင်းထဲဝင်လာပြန်ပြီ။

“လူတယောက် ကိုကြည့်တဲ့အခါ၊ တခြားလူတွေနဲ့ ယှဉ်ကြည့်၊ တွဲကြည့်၊ ခွဲကြည့်၊ ပြီတော့မှ အဲဒီလူကို ကွက်ပြီးသေသေချာချာ ထပ်ကြည့်၊ ကိုအောင်မွန်ရေ ကြည့်တတ်ရင် အဲဒီလူဗိုက်ထဲ အူဘယ်နှခွေရှိသလဲဆိုတာ မြင်နိုင်တယ်ဗျ” အဲဒါကြောင့် Win Tin is just himself and selfless ဦးဝင်းတင်သည် ဦးဝင်းတင်သာဖြစ်၏ လို့ဆိုလိုက်ရကြောင်းပါ။

၂၀၁၉ ခု၊ ဧပြီလ (၂၁) ရက် (ဦးဝင်းတင်ကွယ်လွန်နှစ်လည်နေ့)