Breaking News

ဂျူနီယာဝင်း - ယုံကြည်မှု


ဂျူနီယာဝင်း - ယုံကြည်မှု
(အမှတ် ၁၉၃ အတွေးအမြင် ၂၀ဝ၈ ဧပြီလ)

မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၉

ယုံကြည်မှုကို တည်ဆောက်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရခြင်းသည် ကောင်းပေစွ။ ယုံကြည်မှုမရှိလျှင် ဘာတွေဖြစ်သွား နိုင်ပါသလဲ။ ကျွန်မသည် မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့သော 'သမားတော်' အမည်တွင်သော အခန်းဆက်ဇာတ်လမ်းတွဲကို ကြည့်ပြီး ဖြစ်ပေါ်လာခဲ့သော အတွေးပါ။

'သမားတော်' ဇာတ်လမ်းတွဲကို ကြည့်ဖူးသူများသဖြင့် ဇာတ်လမ်းအသေးစိတ်ကိုတော့ မပြောလိုပါ။ အဓိက အချက်ကိုသာရွေး၍ တင်ပြသွားမည်။ 'ဒေါက်တာဟို' ‘Dr.Heo’ ဟု အမည်တွင်သော 'သမားတော်'သည် ရောဂါကုရာတွင် အလွန်တော်သော ဆေးဆရာ၊ ဆေးပညာ သုတေသနကို သေသေချာချာ လေ့လာသူတစ်ဦးဟု ပုံဖော်ထားရုံမက သူသည် လူနာများအပေါ်တွင် ယုတ်၊ လတ်၊ မြတ် မရွေး တစ်ပြေးညီ ဆေးကုသပေးသူ/ဆင်းရဲချမ်းသာမကြည့်/မျက်နှာမရွေးကုသပေးသူ၊ 'ကျွန်တော်က လူနာကိုပဲကြည့်ပါတယ်၊ သူ့ရောဂါကိုပဲ စိတ်ဝင်စားပါတယ်၊ သူ့ရဲ့ရာထူးကို မကြည့်ပါ' ယင်းသည် သမားတော်၏ သစ္စာစကား။

အလွန်ရှုပ်ထွေးသော စစ်ပွဲကာလ၊ မင်းသားငယ် အပြောင်းအလဲထီးနန်းအရှုပ် အထွေးတွေကြားထဲမှာ သမားတော်သည် ဘုရင်၏ လက်စွဲ ဖြစ်လာရုံမက မနာလိုသူများပြား၊ ကုန်းတိုက်သူများ ကြားဝယ်တော်တော်ကြီးကို ရုန်းကန်နေခဲ့ရသည့် အဖြစ်ကိုကြည့်ပြီး အားမလို အားမရတွေဖြစ်ခဲ့ရပါသည်။ ကိုယ်ကကောင်းရင်ခေါင်းဘယ်မှ မရွှေ့၊ ဘယ်သူပျက်ပျက် ကိုယ်မပျက်ဟူသော ဝါဒကို စွဲကိုင်ကာ ရပ်တည်ခဲ့ သော သမားတော်၏ သစ္စာတရားကို တွေ့မြင်ခွင့်ရလိုက်ပါသည်။

သမားတော် လျှောက်လှမ်းခဲ့သော လမ်းတစ်လျှောက်တွင် ဂျပန်တွေ ဝင်လာစဉ်က ဆေးစာအုပ်များကို တန်ဖိုးထားအလေးထား သယ် ယူနေသော သမားတော်သည် မိသားစုကို လှည့်မကြည့်နိုင်၊ ဘုရင့်အပါးအမှုထမ်းရသည်ကိုလည်း ပျက်ကွက်ခဲ့သည့် အဖြစ်နှင့် ကြုံခဲ့ရသည်။ ဤနေရာတွင် သူ့ကို ဂျောက်တွန်းရန် စောင့်နေသော အမတ်များက 'ဒေါက်တာဟို ကိုယ်လွတ်ရုန်းထွက်ပြေးလေပြီ၊ ဘုရင်ကို သစ္စာဖောက် လေပြီ'ဟု ဝိုင်းဝန်းပြောဆိုနေကြချိန်ဝယ် 'ဒေါက်တာဟိုက အဲဒီလို ထွက်ပြေးတဲ့ လူစားမျိုးမဟုတ်ပါဘူး။ သူ့ကို ကျုပ်ယုံကြည်ပါတယ်'ဟု ပြောထွက်ဝံ့သော အမတ်တစ်ဦးကို တွေ့ခဲ့ပါသည်။ လူ ၁ဝဝ မှာ ၉၉ ယောက်က သမားတော်ကို ပြစ်တင်ရှုတ်ချကြချိန်မှာ သမားတော် အပေါ် 'ယုံကြည်မှု'ရှိသော အမတ်တစ်ဦးကို တွေ့ခဲ့ရခြင်းအပေါ် ကျွန်မအလွန် သဘောကျမိသည်။ 'ဟုတ်တယ်၊ သမားတော်က အဲဒီလို ကိုယ်လွတ်ရုန်းတဲ့သူ၊ တစ်ကိုယ်ကောင်းဆန်သူမဟုတ်၊ မိသားစုအရေးကို တိုင်းရေးပြည်ရေးထက် ဦးစားပေးသူမဟုတ်'... ကျွန်မအလွန် အလေးအနက် ထားမိသော အချက်ပါ။ 'ကိုယ်လွတ်ရုန်းကောင်း ရုန်းနိုင်တယ်လေ... သူ့လည်း အပြစ်တင်လို့မရဘူးပေါ့... အခြေအနေကလည်း အဲဒီလိုပေးလာတော့လည်း... သူက ဘာသားနဲ့ထုထားတာမို့လဲ... အဲဒီလို လုပ်ကောင်းလုပ်နိုင်တာပေါ့... ' စသော စသော သမားတော်ကို ချစ်ခင် လေးစားသူတို့တောင်မှ ထင်ယောင်ထင်မှား တွေဝေသွားချိန်မှာ 'ဒေါက်တာဟိုက အဲဒီလို လူစားမျိုးမဟုတ်ဖူးဟေ့'ဟု ယုံကြည်သူ တစ်ဦး ရှိနေတာကို ကျွန်မ ကြက်သီးမွေးညှင်းထမတက် ခံစားမိပါသည်။

ပြောရရင်တော့ ဒီနှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ပါဘူး။ သို့သော် ကျွန်မသည် ဒေါက်တာဟို၏ နေရာတွင် ခံစားမိရင်း ထိုနှမ်းလေးတစ် စေ့ကို အလွန်တန်ဖိုးထားမိပါသည်။

တစ်ဖန် မင်းသားလေးဖျားနာ၍ ငှက်ဖျားရောဂါဖြစ်သောအခါမှာ ရှုပ်ထွေးသော နိုင်ငံရေး ဂယက်ထဲမှာ မင်းသားလေးကို သေစေလိုသူ အမတ်တွေက တစ်ဖက်၊ ရှင်စေလိုသော အမတ်တွေက တစ်ဖက်ဖြစ်လာပြန်သည်။ ဒေါက်တာဟိုမှာ ရောဂါကုသဖို့အရေးသာ စဉ်းစားနေသူ ဖြစ်၍ ထီးနန်းအရိုက်အရာ ပြဿနာကို ဘယ်လိုမှ အာရုံမထားသည်မှာ ထင်ရှားသည်။ ဤသို့နှင့် မိုးရေစစ်စစ်ကို ခံယူကာ အဆိပ် (Arsenic) နှင့် ရော၍ ဆေးရည်ဖော်ခဲ့သည်။ ယင်းသည် မင်းသားလေးကို သတ်ဖို့လုပ်ပါသည်ဟု အစွပ်စွဲခံရပြန်သည်။

မင်းသားကို သေစေလိုသူတွေကလည်း ဒေါက်တာဟိုကို အကောင်းမမြင်၊ မင်းသားကို မသေစေလိုသူတွေကလည်း ထိုအခါမှာတော့ ဒေါက်တာဟိုကို အကောင်းမမြင်၊ မင်းသားကို မသေစေလိုသူတွေကလည်း ထိုအခါမှာတော့ ဒေါက်တာဟိုကို အထင်လွဲနှင့်တော်တော်ကြီး အကြပ်တွေ့ခဲ့ရလေသည်။ ဤနေရာတွင် နေမကောင်းဖြစ်နေသော မင်းသားသည် သမားတော်၏မျက်နှာကိုကြည့်ပြီး 'ဒေါက်တာဟိုကို ကျုပ်ယုံကြည်ပါတယ်။ ဒေါက်တာဟိုဟာ အဲဒီလို လူစားမျိုးမဟုတ်ပါဘူး။ ဆေးသာပေးပါတော့'ဟု အမတ်တွေအားလုံးရှေ့မှာ ဒေါက်တာဟို ဆီက ဆေးကို တောင်းခဲ့ရာအားလုံး အံ့သြတုန်ကြရတော့သည်။ နောက်တော့ ထိုဆေးနှင့်ပင် မင်းသားအသက်ရှင်ခဲ့သည်။ 'ယုံကြည်မှု'သည် ဘယ်လောက်တောင် အရေးပါခဲ့ပါသလဲ။ မင်းသား၏ သမားတော်အပေါ် ယုံကြည်မှုသည် သူ့အသက်နှင့်ပင် အလောင်းအစား လုပ်ဝံ့ပေသည်။ 'ငါ့ကို လုပ်ကြံကောင်း လုံကြံနိုင်တယ်လေ... အခြေအနေတွေကလည်း ပေးနေတော့... 'ဟုများ နည်းနည်းလေးတောင် တွေးမိခဲ့ရင် မင်းသား က ထိုအဆိပ်ပါသော ဖြေဆေးကို သောက်ရဲပါ့မလား။ ပေးနေသော အခြေအနေတွေထဲမှာ မင်းသားဟာ အသက်ရှင်ပြီး ဘုရင်ဖြစ်လာခဲ့ရင် ဒေါက်တာဟိုအပါအဝင် အမတ်တချို့မှာ အကွပ်မျက်ခံရဖို့အကြောင်းတွေ ရှိလာနိုင်သည်။ ဒေါက်တာဟို လုပ်နေသော ဆေးပညာသုတေသန တစ်ခုလုံး ပျက်စီးသွားဖို့ အလားအလာတွေကလည်း ရှိနေသေးသည်။ မင်းသားသာ အသက်ရှင်လျှင် သမားတော် ဒေါက်တာဟိုအတွက် ကောင်းတာဘာမှမရှိ။ ထိုအခြေအနေမျိုး ရှိနေလျက်နှင့်ပင် သမားတော်သည် 'လူနာကိုပဲ ကြည့်ပါတယ်။ ရောဂါကိုပဲ စိတ်ဝင်စားပါတယ်။ တခြားဘာကိုမှ မကြည့်ပါ'ဟူသော သစ္စာတရားကို လက်ကိုင်စွဲထားပါကြောင်းကို မင်းသားက ယုံကြည်ရသည့်အဖြစ်သည် အတော်လေးနက် လှပါသည်။

'ယုံကြည်မှု'ကို တည်ဆောက်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရခြင်းသည် ကောင်းသော အကျိုးကို ရနိုင်ပါသလား။ တစ်ဦး တစ်ယောက်ကို ယုံကြည်၍ မားမားမတ်မတ်ရပ်တည်ပေးဝံ့သော သမားတော်ဘက်က အမတ်တစ်ဦးတည်းသာ ရှိခဲ့၏။ သမားတော်၏ သစ္စာ တရားကို အသက်နှင့်ပင် အလောင်းအစားလုပ်ဝံ့သော သူဟူ၍ သမားတော်ဘက်က မင်းသားငယ်တစ်ဦးသာရှိခဲ့၏။ ကမ္ဘာပေါ်တွင် သစ္စာ တရားကို ယုံကြည်သော သူတစ်ယောက်မကသာရှိခဲ့ပါလျှင် ကျွန်မယခုလို အတွေးမျိုးတွေးပြီး ဆောင်းပါးတစ်ပုဒ် ရေးမိပါ့မလားဟု စဉ်းစားလိုက်မိပါတော့သည်။

ဂျူနီယာဝင်း