Breaking News

နိုင်မင်းညို (မြစ်ခြေ) - ကျည်သင့်အဖြူရောင်


နိုင်မင်းညို (မြစ်ခြေ) - ကျည်သင့်အဖြူရောင်
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၉

အရောင်တောက်မနက်ခင်းတိုင်း
ညီမလေးဟာ ဘဝကိုရုန်းကန်ဆန်တက်
အရွယ်နဲ့မလိုက်တဲ့ဝန်တွေထမ်းရတယ်။

ဟောင်းနွမ်းရိပြဲနေတဲ့
ညီမလေးကိုယ်ပေါ်က အင်္ကျီဟာ
လောကဇာတ်ခုံထက် မျက်နှာငယ်ရခြင်းအမှတ်သား
ကံမသာပေမယ့် ကြိုးစားရမယ် ညီမလေး။

ညီမလေးဟာ
ကျောင်းမတက်နိုင်ဘူး
ထမင်းနပ်မမှန်ဘူး
ဆွေမျိုးမရှိတော့ဘူး။

ညီမလေးမှာ ဒုက္ခိတအမေရှိတယ်
ညီမလေးမှာ
တိုက်ပွဲနှစ်ဘက်ကြား နစ်နာစွာပြတ်ထွက်သွားတဲ့ခြေထောက်တချောင်းရှိတယ်
ညီမလေးမှာ
အမှိုက်ပုံထိုးနှုက်ဖို့ မှိန်းတချောင်းရှိတယ်
အရောင်မှိန်အပေါက်များစွာနဲ့ လွယ်အိတ်တလုံးရှိတယ်
နောက်
ညီမလေးမှာ ဘဝရှိတယ်။

ညီမလေးအဖေဟာ
တစ်ရွာလုံးမီးလောင်ပြာကျဖြစ်တဲ့အချိန်ကစ
ပြန်ရောက်မလာတာ အခုချိန်ထိပါပဲ
အဲ့ဒီနေ့ကစ
ညီမလေးတို့ တရွာလုံးပျောက်သူတွေ ပျောက်ခဲ့ရတာပေါ့။။

ညီမလေးဟာ စစ်ဘေးဒုက္ခသည်တဲ့
ညီမလေးဟာ သေနတ်ဆိုရင် သေလောက်အောင်ကြောက်သတဲ့
ညီမလေးဟာ တိုက်ပွဲဆိုရင် သေလောက်အောင်မုန်းသတဲ့
ညီမလေးဟာ ဂျိုင်းထောက်တဘက်နဲ့သွားရခြင်းကို အလွန်ဝမ်းနည်းမိပါသတဲ့လေ။။

ညီမလေးဟာ တခါက တိုင်းပြည်ရဲ့အနာဂတ်
အခုလဲ ဒုက္ခိတဖြစ်သွားတာကလွဲရင်
တိုင်းပြည်ရဲ့အနာဂတ်ပါပဲ
အိမ်လေးရဲ့ကြိုးစားရုန်းကန် ထမင်းပန်းကန်လေးပါပဲ
ညီမလေးဟာ အညွန့်ချိုးခံလိုက်ရတဲ့ သစ်ပင်ငယ်လေးပါပဲ။။

ညီမလေးဟာ ငြိမ်းချမ်းရေးငတ်နေတဲ့
ငှက်တကောင်လိုသွေးနဲ့
ညတိုင်းဆုတောင်းမပျက်ခဲ့သူပေါ့။

ညီမလေးဟာ
သံသရာအဆက်ဆက် သူ့ဝဋ်ကြွေးတွေကျေဖို့
ညီမလေးဟာ
ဘဝအဆက်ဆက် ငြိမ်းချမ်းရေးနဲ့ တွေ့ချင်ပါသတဲ့လေ။။

ညီမလေးဟာ ဟုတ်တယ် ညီမလေးဟာ
ဟော့ဒီ ကမ္ဘာကြီးထဲ
အတ္တမီးတောက်လောင်နေတဲ့
အနိဋ္ဌာရုံမြင်ကွင်းတွေကို
ကြောက်ရွံ့တုန်လှုပ်သွေးပျက်ခဲ့ရသူပါ။=

နိုင်မင်းညို (မြစ်ခြေ)