Breaking News

ဆူးငှက် - ထမင်းဆိုင်၀တ္ထု


ဆူးငှက် - ထမင်းဆိုင်၀တ္ထု
မိုးမခ၊ ဧပြီ ၃၀၊ ၂၀၁၉
(၂၀၁၉ ဇန်နဝါရီလထုတ်၊ မိုးမခမဂ္ဂဇင်း)



ထိုနေရာရောက်တိုင်း စိတ်ထဲဝယ် နင့်ခနဲခံစားခဲ့ရသည့် ဖြစ်ရပ်ကိုလည်း မေမ့ရပါချေ။ ထမင်းဆိုင်လေးတဆိုင်မှာဖြစ်၏။ ထမင်းဆိုင်ကလေးက ထိုအနားလေးမှာပင် ရှိခဲ့ဖူးသည်။ မဟာမုနိဘုရားကြီး မြောက်စောင်းတန်း ခါးပြတ်၏ အနောက်ဘက်နား ဆိုကြပါစို့။

フフフフフ

တကယ်တော့ ထမင်းဆိုင်ဟု ဆိုသော်လည်း စားပွဲနှင့် ကုလားထိုင် နှင့် ကျကျနနမဟုတ်။ စတီးဇလုံကြီးများ၊ ကြွေရည်သုတ် ထမင်းအုပ်များ၊ ဝင်းလက်တောက်ပ ဒန်အိုးကြီးများနှင့် ခမ်းခမ်းနားနားမဟုတ်။ ထမင်းဆိုင်
လေးက ဇရပ်လေးတဆောင်၏ အဖီလေးထဲမှာရှိသည်။ ထမင်းဆိုင်ပုံစံ ထက် အိမ်ငှားတဦး၏ မီးဖိုချောင်လေးနှင့် ပို၍တူပါသည်။ မီးခိုးတအူအူ ထင်းမီးဖို၏ ဖိုခနောက်ပေါ်မှာ အိုးမည်းနှင့် ဆီချေးညှိတက်နေသော
မြေအိုးသုံးလုံးရှိသည်။ သူ့အိုးနှင့် သူ့ စလောင်း အံမဝင်သော အိုးဖုံးတွေကလည်း ဆီချေးအထပ်ထပ်။ ခနော်
ခနဲ့ စင်ကလေးပေါ်မှာ မီးဖိုပေါ်က မြေအိုးများထက် အနည်းငယ်အိုး မည်း နှင့် ဆီချေး နည်းသည့် ဒန်အိုး သုံးလုံးလောက် ရှိသည်။ ထိုဒန်အိုးများကလည်း ထုံးစံအတိုင်း သူ့အိုးနှင့် သူ့ အဖုံး မဟုတ်တာသေချာ၏။ အိုးဖုံး
များက လမျက်နှာပြင်လို ခွက်တာခွက် မှောက်တာမှောက်၊ ထိုအိုးဖုံးပေါ်မှာ လက်ကိုင်မဲ့ ဟင်းခတ်ဇွန်းကြီးရှိသည်။ ပြီးတော့ ဇလုံသုံးလေးလုံးရှိမည်။ စင် အောက်ခြေမှာထမင်းလုံး၊ ဟင်းဖတ် များနှင့် ဆီဝေ့နေသည့် အင်တုံကြီး တလုံး ရှိမည်။

ဒန်အိုးတွေတင်ထားသည့် ခနော်ခနဲ့စင်ရှေ့မှာလည်း လိုက်ဖက် ညီစွာ ခနော်ခနဲ့ ခုံတန်းတခုရှိသည်။ ထမင်းဆိုင်အပြင်အဆင်က ဒါပါပဲ။ မလှမ်းမကမ်းမှာ အမှိုက်ပုံ ရှိသည်။ ဇရပ်ဟောင်းတဆောင် ရှိသည်။ ခပ်လှမ်းလှမ်းမှာ စောင်းတန်းတသွယ် ရှိသည်။ အမှိုက်ပုံမှာက ဘုရားစင်အ ဟောင်းများ၊ စောင်းတန်းဈေးဆိုင်များမှ အမှိုက်များ မကြာမကြာလာပစ်ကြသည်။ ထို့ကြောင့် အနားမှာ ပီနံအိတ်ဟောင်းကြီးများ လွယ်ထား
သည့် ပလပ်စတကောက်သူ ကလေး ငယ်သုံးလေးဦးကလည်း အမြဲရှိ သည်။

ဇရပ်ဟောင်း တဆောင်ထဲမှာ ကျူးကျော်မိသားစု၊ သို့မဟုတ် အခြေအနေမဲ့မိသား တစု ခေတ္တတည်းခိုနေ
ဟန်ရှိ၏။ ထိုမိသားစု၏ ဘုစုခရု ကလေးငယ်တွေက ထမင်းဆိုင်နှင့် ဇရပ်ကြားမှာ ပြေးလွှားဆော့ကစားနေ ကြသည်။ အပျိုပေါက်အရွယ် ကလေးမလေးကလွဲလို့ ကျန်ကလေးတွေမှာ လက်ပြတ်စွပ်ကျယ် တိုနံ့နံ့(သို့မ
ဟုတ်) မတန်သော ကြီးမားရှည်လျသော လက်စကစွပ်ကျယ် (သို့မဟုတ်) အင်္ကျီတုံးလုံးလေးများနှင့်ဖြစ်သူ
ချည်းသာ""။ တူညီတာတခုက ဗိုက်ပူနံကား""။

ထို ထမင်းဆိုင်ကလေးသို့ ကျနော့် မိတ်ဆွေတယောက်နှင့် အမှတ်မထင် ရောက်သွား၏။ မိတ်ဆွေက ဘုရားကြီးစောင်းတန်းထဲမှာကြီးပြင်းလာသူ မဟုတ်ပါလား။ ကျွန်တော်ကတော့ အင်မတန် ဇီဇာကြောင်လှသူ လုံးဝမဟုတ်သော်လည်း နည်းနည်းတော့ ဟိတ်ဟန်ထုတ်တတ်သူမို့ ထိုထမင်းဆိုင်လေးမှာ ထမင်းဝင် စားဖို့ကိစ္စကို တွန့်ဆုတ်နေမိသည်။ သို့သော် မိတ်ဆွေက အသက်ခပ်ကြီးကြီး ခပ်ပိန်ပိန် ထမင်းဆိုင်ပိုင်ရှင် အဘွားကြီးနှင့်ရင်းနှီးနေသောကြောင့် ခုံတန်းရှည်မှာ ချက်ချင်းဝင်ထိုင်ကာ ထမင်းနှစ်ပွဲမှာလိုက်တော့ ကျနော့် မှာ ချေးများချိန် မရတော့ .... ။

''အောင်မယ်လေး မောင်စိုး ဝင်းသန်းရယ်၊ အခုမှ ပေါ်လာတော့တယ်။ အခု မင်းအမေတွေနဲ့မြို့သစ်လိုက်မနေဆို "၊ မြို့ထဲမှာ အခန်း ငှား နေတယ်ကြားပါတယ်။ မင်းအစ်မက တော့ နေ့တိုင်း ထမင်းလာစားတယ် ကွဲ့'' ဟု မိတ်ဆွေကိုပြောကာ ကျနော့် ဘက်လှည့်ပြီး ...

''သားလေးက ဘာဟင်းနဲ့ စားမှာလဲ'' ဟု ချိုသာစွာမေးသည်။

ထို့နောက် ဒန်အိုးတလုံးကို အဖုံးဖွင့်ကာ အနားက ဇလုံနှစ်လုံးယူပြီး ထမင်းတွေကို လက်နှင့် အားပါးတရ ဆုပ်ပြီးထည့်၏။

''ဟင်းက အမဲသားဆီပြန်ရှိတယ်။ ပုစွန်ဆိတ်လေးတွေချက်ထား တယ်။ ရှားရှားပါးပါး မန္တလေးငါးပတ် ရလို့ အချဉ်ချက်ထားတယ်ကွဲ့၊ ဘာထည့်ရမလဲ'' ဟုမေးသည်။ မိတ်ဆွေ က မန္တလေးငါးပတ်ဟင်းမှာ၏။ ကျွန် တော်က ပုစွန်ဆိတ်မှာသည်။ ထမင်းဇလုံထဲသို့ ငါးပတ်အသားတစ်ကြီး တတစ်၊ ငါးပတ်ခေါင်းတခေါင်းကို
ဆီပြန်နေသည့်အနှစ်များများ ဆမ်းထည့်လိုက်သည်။ ထို့နောက် ကြက်သွန်အနီနှင့်ကြော်ကာ ကြက်သွန်ဖြူ
လေးအုပ်ထားသည့် ထောပတ်ပဲကြော် တွေ ကော်ထည့်ပေးသည်။ ဆီရွှဲရွှဲ ဆမ်းထားသော ငရုတ်သီးထောင်း
ခပ်ရဲရဲကိုလည်း ကော်ထည့်လိုက်၏။

ကျွန်တော့် ဇလုံထဲကိုတော့ ခေါင်းချိုး ထားသော ပုစွန်ဆိတ်လေးတွေကို ခရမ်းချဉ်သီးအနှစ်များများ၊ ငရုတ်သီးစိမ်းထက်ခြမ်းခွဲ နိုင်းချင်းနှင့် အပြည့်ကြီးပုံပေးသည်။ ထို့နောက် ထောပတ်ပဲကြော်၊ ငရုတ်သီးထောင်း။ ကုလားပဲလေး ခတ်ထားပြီး မဆလာနံ့သင်းသင်း သီးစုံချဉ်ရည်ကိုတော့ မီးဖိုပေါ်က မြေအိုးထဲမှ နှုတ်ခမ်းပဲ့ နေသော ဇလုံသေးသေးလေးထဲထည့် ကာ ရှားပါးလှသည့် ကြေးဇွန်းကြီးတ ချောင်းစိုက်ကာ ကျွန်တော်တို့ရှေ့လာချပေးသည်။ အငွေ့တထောင်း ထောင်း""။

တကယ်တော့ ကျွန်တော်တို့ ထမင်းဝိုင်းက ဆိုင်မှာ စားရတာနှင့် မတူ။ ရွာက အမျိုးအိမ်မှာ မြို့မှရောက်
ခိုက် ကျွေးမွေးဧည့်ခံသည့် ထမင်းဝိုင်း နှင့်တူနေ၏။ မလှမ်းမကမ်း အမှိုက်ပုံမှ ပုပ်အဲ့အဲ့အနံ့နှင့် ယပ်တချောင်းနှင့် ယင်မောင်းရသည်ကို သတိမရတော့ဘဲ ဇလုံထဲက ထမင်းနှင့်ဟင်းကို အား ပါးတရ နယ်ကာဖတ်ကာ ခေါင်းမဖော် တမ်း စားကြသည်။

''ဟဲ့… မေ့လို့၊ အမဲသားဟင်းပေးဦးမယ်၊" ဟုဆိုကာ ရှေ့ရှိ ဒယ်အိုးတလုံးဖွင့်ပြီး ဇွန်းဖြင့်ကော်သည်။
မြင်ဖူးကြမှာပေါ့။ ဈေးများတွင် အမဲသားအတိုအစတွေကို လင်ပန်းထဲမှာ ယင်တလောင်းလောင်းနှင့် ရောင်း
နေတာ မြင်ဖူးကြမှာပေါ့။ အသားရော၊ အကြောရော၊ အရိုးနုရော ဘေးထွက်ပစ္စည်း အတိုအစတွေ ဖြစ်၏။ ထိုသို့သော အမဲသားကို ပုန်းရည်ကြီးနှင့် ရောချက်ထားသည့်ဟင်းကို ဇွန်းဖြင့် ကော်ကာ ကျွန်တော်တို့ဇလုံထဲ ကော် ထည့်ပေးပြန်သည်။ ကျွန်တော့် မိတ် ဆွေကတော့ နဂိုကတည်းက အစား နည်းလှသူမို့ ထမင်းဆိုင်ရှင်ကြီး အမဲ သားဟင်း ထည့်ပေးပြီးနောက် သုံး လေးလုတ်စားအပြီး ထမင်းကို လက် စသတ်လိုက်သည်။ ကျွန်တော်ကတော့ ဆာလောင်မွတ်သိပ်မှုရော၊ စား ကောင်းတာရောကြောင့် ဒီဇလုံထဲက ထမင်းကုန်အောင် လွေးလိုက်မယ်ဟု အားခဲကာ သီးစုံချဉ်ရည် တရှူးရှူး သောက်လိုက်၊ ထမင်းလုတ် ပါးစပ်သွတ်လိုက်နှင့် အငမ်းမရဖြစ်နေချိန် ကျွန်တော်မစားသော အမဲသားဟင်း က ဇလုံထဲ မပြောမဆိုရောက်လာတော့
ဒုက္ခရောက်သွား၏။ ချက်ချင်းရပ်ပစ်လိုက်ရမှာ အားနာတာထက် ဆာနေသေးသောကြောင့် အမဲသားဟင်း
မရောက်သည့်ဘက်က ထမင်းကို အနည်းငယ် ဆက်စားပြီး လက်စသတ်လိုက်ရသည်။

ထို့နောက် လက်ဆေးစရာက ခုံအောက်အင်တုံကြီးထဲက ရေပဲရှိ တာမို့ ဟင်းရည်ဝေ့နေသောအင်တုံထဲ
လက်နှိုက်ဆေးပြီး ဇရပ်တိုင်မှာချည် ထားသော ပုဆိုးဟောင်းတထည်ကို လက်သုတ်ကာ အနားက သောက်ရေ အိုးဆီက ရေတခွက်ဖြင့် ဗိုက်ဖြည့် လိုက်ရသည်။ ကျွန်တော်တို့ နှစ်ယောက်စားသော ဇလုံနှစ်လုံးထဲမှာ ထမင်းနှင့် ဟင်းတွေက ထက်ဝက် ကျော် ကျန်နေသေး၏။ ထမင်းဟင်းကျန်များကို စွန့်
ပစ်ကာ ဇလုံများကို စောစောကတလုံးတည်းရှိသောအင်တုံထဲတွင် လက်စစ်ဖတ်နှင့်ဆေးမည်ဟု ထင်ပါသလား။  ကျွန်တော်တို့ကလည်း ထမင်းဖိုးကျ သင့်ငွေချေပြီး ပြန်ကြဖို့ပဲဖြစ်ပါ၏။

သို့သော် ထိုအစီအစဉ် အတိုင်းမဟုတ်တော့။ ကျနော့်မိတ်ဆွေကို ထမင်း ဆိုင်ရှင်အဘွားကြီးက ကြုံတုန်းကြုံ
ခိုက် အလကားကျွေးတာပါဟု ဆိုကာ ပိုက်ဆံပေးတာ ငြင်းနေပြန်၏။ နောက် ဇွတ်ပေးလေမှ ထမင်းဖိုး တပွဲ
ငါးဆယ် (၁၉၉၀ ဝန်းကျင်က) နှင့် ငွေတရာယူလိုက်သည်။ ကျွန်တော့်မိတ်ဆွေနှင့် ထမင်း ဆိုင်ရှင်တို့ ပိုက်ဆံမယူဘူး ယူရဲ့နှင့် ငြင်းခုံနေ၍လည်း လက်ကျန်ထမင်းများကိစ္စကို ကျွန်တော်တွေ့မြင်ကာ ခံစားရပြီး ယခုကဲ့သို့ ပြန်လည်သတိရမိခြင်းလည်း ဖြစ်ပါ၏။

လက်ကျန် ထမင်းဇလုံထဲမှ ထမင်းဟင်းကျန်များကို ဇလုံတလုံးထဲ ပေါင်းထည့်သည်။ ထို့နောက် ဒန်အိုး
ကြီးထဲက ထမင်းအနည်းငယ်အား ထိုဇလုံထဲ ထပ်ထည့်၏။ ထို့နောက် လက်နှင့် အားရပါးရနယ်သည်။ ချဉ်
ရည်ပန်းကန်ထဲမှ ချဉ်ရည်ကို အဖတ် တွေချည်းရွေးကာဆယ်ပြီး ဇလုံထဲ ထည့်ပြန်သည်။ ထို့နောက် နယ်ပြန်
သည်။ နောက်ဒန်အိုး တလုံးဖွင့်ပြီး ပုန်းရည်ကြီးနှင့်ချက်ထားသည့် အမဲ သားဖတ် လေးငါးဖတ် ဆယ်ပြန်
သည်။ ထို့နောက် အားပါးတရ နယ် ဖတ်၏။

ကျွန်တော့်မိတ်ဆွေကတော့ အဘွားကြီးမေးသမျှ စကားတွေ ဖြေ နေရသောကြောင့် သတိထားမိမှာ
မဟုတ်သော်လည်း ကျွန်တော်က တော့ အံ့အားတသင့်ဖြစ်နေမိသည်။ သူဘာလုပ်မည်နည်း။ ထမင်းဇလုံ
တလုံးလုံးကို အားပါးတရနယ်ဖတ်ပြီး သောအခါ နောက်ဘက်သို့ လှည့်၍ ဇရပ်ကလေးအနီး ဆော့ကစားနေကြ သော ကလေးများဆီ လှမ်း၍ ... ''ဟဲ့ ... ထမင်းစားရင် ပန်းကန် တချပ်စီယူပြီး လာခဲ့ကြ။ မနေ့ညက နင်တို့အဖေ ပြန်မလာဘူးမဟုတ်လား။ လောလောဆယ် ဒါပဲ ဝေစားနှင့် ကြဦး'' ဟု အော်သည်။

ဆော့နေသောကလေးတွေ အဆော့ရပ်ကာ ဟေးခနဲအော်ပြီး ဇရပ်ထဲက သံပန်းကန်ပြားလေးတွေ
ဆွဲကာ ပြေးထွက်လာကြ၏။ အဘွား ကြီးက ဇလုံထဲက ထမင်းတွေကို ကလေးတွေ ပန်းကန်ပြားထဲ ခွဲဝေ
ထည့်ပေးသည်။ 

''ကဲ ... မထူးပါဘူးဟယ်'' ဟုပြောပြီး လက်ကျန်ချဉ်ရည် များကိုလည်း သံပန်းကန်လေးတွေထဲ လောင်းထည့်ပေးလိုက်ပြန်၏။ အဘွားကြီးက သူလုပ်ကိုင်နေသမျှ အပေါ် အာရုံစိုက်နေသော ကျွန်တော့် အား ''ထမင်းဟင်းတွေ ကျန်နေပြီး ပစ်ရမယ့်အတူတူ ကုသိုလ်ရတာပေါ့ ငါ့သားရယ်။ ဘုရားကြီးနားနေပြီး အမေလည်း သူများပိုက်ဆံနဲ့ ကုသိုလ်ယူနေရတာပေါ့'' ဟုပြောကာ ရယ် မောနေ၏။ ကျွန်တော်ကတော့ အဘွားကြီး၏ လုပ်ရပ်နှင့်စေတနာကို သဘောပေါက်စွာဖြင့် သာဓုခေါ်မိပါ၏။

ထိုကလေးများကား အဘွားကြီးမြေးတွေလည်း ဖြစ်ချင်ဖြစ်မည်။ ဆွေမျိုး နီးစပ်လည်း ဖြစ်ချင်ဖြစ်မည်။ သို့
မဟုတ်က ဘာမျှ သွေးမတော်သား မစပ်လည်း ဖြစ်ချင်ဖြစ်မည်။ အကယ်၍ ထိုဇရပ်ကလေးမှာ ခေတ္တနားခိုကြသည့် မိသားစုတွေ ပြောင်းသွားလျှင်လည်း အဘွားကြီးမှာ ကျွေးစရာကလေးတွေ ထပ်မံ ရှိပါ လိမ့်မည်။ ဘာပဲပြောပြော စေတနာက ပြဋ္ဌာန်းပြီးသားဟု ပြောရမှာဖြစ်၏။

ထို့နောက် ကျနော်သည် ကျနော့်မိတ်ဆွေမပါဘဲ ထိုနေရာဘက် အမှတ်မထင်ရောက်လျှင် အဘွားကြီး ထမင်းဆိုင်လေးဘေး ကလေးများ ဆော့ကစားနေသည်ကို မြင်လျှင် မဆာသော်လည်း ထမင်း
တပွဲ ဝင်စားဖြစ်သည်။ သန့်သန့်လေး တလုတ်နှစ်လုတ်လောက်စား ပြီး လက်စသတ်ခဲ့သည်ချည်း ဖြစ်
သည်။ ပထမတခါတော့ အဘွားကြီး က ''ဟဲ့ " " သားရဲ့ ဟင်းမကြိုက်လို့လား၊ ငါးသလဲထိုးခြောက်ချက်လေး
ထပ်ထည့်ပါဦးလား'' စသည်ဖြင့် မေးတတ်သည်။ နောက်တော့မမေးတော့။ ရန်ကုန်ပြောင်းသွားသော
ကျနော့် မိတ်ဆွေအကြောင်း၊ ဝယ်ရခြမ်းရသည့် ဈေးနှုန်းများအကြောင်းကိုသာပြောပြီး ကျွန်တော် တို့ကာပင့်ကာ စားကျန်သည့် ဇလုံကိုယူကာ ထုံးစံအတိုင်း အနားရှိ ကလေးတွေကို နယ်ဖတ်ဝေခြမ်းတော့သည်။

フフフフ

ထမင်းဆိုင်နှင့် မတူသော ထမင်းဆိုင်လေးသို့ ကျနော်လည်း သုံးလေးခေါက်အပြင် မရောက်ဖြစ်
တော့။ နှစ် ၂၀ ကျော်ပင်ကြာပေါ့။ 

ဆူးငှက်