Breaking News

လင်းသက်ငြိမ် ● ဖျားနာတဲ့ ညကဗျာ

လင်းသက်ငြိမ် ● ဖျားနာတဲ့ ညကဗျာ
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၉

အခုလို ဖျားနာနေတဲ့အချိန်တွေတိုင်းမှာ ကဗျာတပုဒ်ရေးဖြစ်ခဲ့တဲ့အချိန်ကို ကျွန်တော် သတိရလေ့ရှိပါတယ်။ သတိတရဖြစ်စေ တဲ့ အကြောင်းရင်းတွေထဲက အဓိကကျတဲ့အချက်တခုက အဲ့ဒီကဗျာဟာ ကျွန်တော် ပထမဆုံးရေးဖြစ်ခဲ့တဲ့ကဗျာတပုဒ် ဖြစ်နေတာကြောင့်ပါပဲ။ ပထမဆုံးရေးဖြစ်တဲ့ကဗျာလို့ပြောရတာကလည်း ပထမဆုံးအနေနဲ့ ခေါင်းစဉ်ကနေ အစအဆုံး စနစ် တကျရေးဖြစ်ခဲ့ပြီး ကလောင်နာမည်ကိုပါ သေသေချာချာတပ်ပြီး ရေးဖြစ်ခဲ့တာကို ဆိုလိုပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ တ ကြောင်းစ နှစ်ကြောင်းစတွေ၊ အပိုင်းပိုင်းအပြတ်ပြတ် အစမရှိ အဆုံးမရှိ တိုးလို့တန်းလန်း အရေးအသားတွေကတော့ အ များကြီးရှိတာပေါ့။ အသည်းကွဲပြီး ကဗျာဆရာဖြစ်လာတယ်ဆိုတဲ့ ကဗျာဆရာတွေကြားထဲမှာ နာဖျားရင်းကနေ ကျွန်တော် ကဗျာတွေရေးဖြစ်ခဲ့တယ်လို့ပြောရင် အူကြောင်ကြောင်နိုင်နေမလားတော့ မသိပါဘူး။ ဒါပေမယ့် ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ ထိုးဇာတ်မဟုတ်၊ လုပ်ကြံဖန်တီးထားတဲ့ အရေးအသားလည်းမဟုတ်။ တကယ်ဖြစ်ခဲ့တဲ့အဖြစ်တခုကို ပြန်ပြောပြဖို့ ကြိုးစား နေခြင်း သက်သက်သာ။

ဖျားနာရင်း ဆေးရှိန်နဲ့မှိန်းမောနေရာကနေ ကဗျာရခဲ့တယ်လို့ ပြောရင်လည်း အတော်လေကြီးတဲ့ကောင်လို့ထင်မြင် ယူဆ ကြ မယ်ထင်ပါတယ်။ ကဗျာရတယ်ဆိုတာကလည်း ရွှေတုံးကြီးကောက်ရသလို။ ငွေထုပ်ကြီးကောက်ရသလို ကြွားကြွား ဝင့်ဝင့် ဋ္ဌာန်နဲ့ မာန်နဲ့ ပြောပြစရာကိစ္စလည်း မဟုတ်ဘူးလေ။ အထူးသဖြင့် ဒီအရပ်မှာပေါ့။ ဒီနိုင်ငံမှာပေါ့ ကဗျာဆရာဆို ထမင်းနပ်မမှန်တဲ့ ပေါကြောင်ကြောင်ကောင်စားတွေလို့ တံဆိပ်ကပ်လေ့ရှိတဲ့ ဟောဒီရွှေနိုင်ငံတော်ကြီးမှာပေါ့။ ထားပါတော့။ အဲ့ဒီလို ဖျားနာနေတဲ့ ညခင်းတခုမှာ ကဗျာတပုဒ်ရေးနိုင်ခဲ့တဲ့အဖြစ်ကို ကျွန်တော် အခုထိ သတိတရရှိနေဆဲပါပဲ။ ဘာစားစား အရသာမတွေ့တဲ့ လျှာတချောင်းနဲ့ တုန်ယင်နေတဲ့လက်နဲ့ ဘောလ်ပင်ကိုကိုင်ပြီး နတ်ဝင်သည်တယောက်လို ကျွန်တော် ကဗျာရေးဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းက ထင်းရှူးပင်ရိပ်ကို ကျွန်တော်မဖတ်ဖူးသေး၊ ဘောင်းဘီဝတ်မိုးတိမ်ကို မမြည်းစမ်းဖူးသေး၊ ကဗျာရေးသူတွေနဲ့လည်း အပေါင်းအသင်းမဖြစ်သေးဘူး။

မှောင်မည်းတိတ်ဆိတ်နေတဲ့ ကားအလိုင်းမင့်အလုပ်ရုံကြီးထဲကညဟာ ခြောက်ခြားစရာကောင်းလွန်းနေတယ်လို့ ကျွန်တော် ထင်တယ်။ ကုန်ခဲ့တဲ့ရက်တွေကတည်းက ဖျားနေခဲ့တဲ့ အဖျားကြောင့်ကော၊ ထိုးဆေး၊ သောက်ဆေးတွေကြောင့်ပါ ကျွန် တော့်ခေါင်းဟာ လေးလံနောက်ကျိလို့နေတယ်။ တဝေါဝေါ ဖြတ်မောင်းသွားတဲ့ ကားသံ၊ ဆိုင်ကယ်သံတွေက ကျွန်တော့် အာရုံတွေ လှုပ်ခါတယ်။ ဆင်ဝင်အောက်က သံတံခါးကြီးက တချက်တချက် လေတိုးရင်း ဗြန်းခနဲ အသံမြည်တယ်။ ညကိုး နာရီကျော်ကျော်ဆိုပေမယ့် ကျွန်တော့်စိတ်ထဲတော့ ညဉ့်နက်ရဲ့အတွင်းထဲရောက်ရှိနေသလို ခံစားနေရတယ်။ မီးကလည်း ပျက်နေတော့ အမှောင်ထဲက အသံတခုခုကိုကြားရရင်ပဲ ကျွန်တော် စိမ့်စိမ့်ပြီး ကျောချမ်းနေမိသလိုပဲ။ လေတိုက်လို့ လှုပ် လှုပ်သွားတဲ့ သင်္ဘောဆီးဖြူသီးပင်ရဲ့အကိုင်းအခက်တွေက သွပ်မိုးကို တရှဲရှဲ ပွတ်သပ်နေတတ်သေးတယ်။ ဝါးခုံတန်းရှည်ကြီး ပေါ်မှာ လှဲလျောင်းရင်း ကျွန်တော်အဖျားတက်လို့။ ရောက်ရာပေါက်ရာတွေ တွေးတောပြီး စိတ်အားငယ်နေမိတယ်။

အိမ်နဲ့အဝေးကြီးက မြို့ကြီးတခုမှာ အခုလို ဖျားနာပြီး ကျွန်တော် သေသွားခဲ့ရင် အိမ်က အဖေနဲ့အမေတို့ဆီကိုသတင်းတခုအဖြစ်နဲ့ ကျွန်တော်ပြန်ရောက်သွားပြီး။ ကျန်ရှိနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို အိမ်ပြန်သယ်သွားမလား။ မြို့ကြီးနဲ့အိမ်ရဲ့ အကွာအဝေးကြောင့် အိမ်ပြန်မသယ်တော့ပဲ ဒီမှာတင်ပဲ သဂြိုလ်လေမလား။ အဲ့ဒီလို အတွေးတွေကော၊ အခုထိ ပိုက်ဆံက စုပြီးဆောင်းပြီးသားမရှိ အရာရာမှာ အောက်ကျနောက်ကျဖြစ်နေတဲ့ ကိုယ့်ဘဝကကော ရှင်သန်စရာကောင်းလို့လား စတာ တွေအထိ အတွေးတွေဟာ အဖျားရှိန်နဲ့အတူ တရိပ်ရိပ်တက်နေတယ်။ ကားအလိုင်းမင့်အလုပရုံတခုမှာ ပညာသင်အနေနဲ့ လုပ်ကိုင်နေတဲ့ အချိန်ဆိုတော့ လစာကလည်း မုန့်ဖိုးလောက်ပဲရ၊ ဆရာသမားတွေနဲ့အလုပ်မှာ အဆင်မပြေတဲ့အချိန်တွေ မှာလည်း စိတ်ဓာတ်တွေကထိုးကျ။ ပြေလည်မှုနဲ့ မိုင်များစွာဝေးကွာနေခဲ့တဲ့အချိန်။ နေ့စဉ်နဲ့အမျှ စိတ်အနာတရတွေနဲ့ နယ် ဖပ်စားသောက်နေခဲ့ရတဲ့နေ့တွေထဲ ကဗျာဆိုတဲ့ ကမ္ဘာအသစ်တခုကို ကျွန်တော်မထင်မှတ်ပဲ ရောက်ရှိသွားခဲ့တယ်။ ငယ် ငယ်က ဝါသနာပါတာကတော့ ပန်းချီပါပဲ။ မြို့ကြီးမှာရောက်ရှိပြီးနောက် အဆိုတော်ရူးရူးတယ်။ အဲ့ဒီကနေ ကဗျာဆီဝင်ရောက် ခဲ့မိတာပါပဲ။

အလုပ်ထဲကလူတွေက နေရာစုံဒေသစုံကလာကြတဲ့ အခြေခံလူတန်းစား၊ စာနဲ့အလှမ်းဝေး၊ အနုပညာနဲ့ မနီးစပ်တဲ့လူတွေ။ ကျွန်တော်စာအုပ်ဖတ်နေတာတွေ၊ စာရေးနေတာတွေတွေ့ရင်  တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးနဲ့ စောင်းချိတ်ပြစ်တင်လေ့ ရှိတဲ့ အလုပ်ရုံပဲ။ အလုပ်သမားထဲ တဝက်လောက်က ညနေစောင်းပြီဆို အရက်ဆိုင်ထိုင်တဲ့ဓလေ့တော့ ရှိကြတယ်။ မူး လာရင် ငြင်းကြခုံကြ၊ အချင်းချင်းပြဿနာတက်ကြ။ ပြီးရင် တရက်နှစ်ရက်လောက်အထိ အရှိန်မသေပဲ စကားမပြောကြ၊ မျက်စောင်းထိုးကြ၊ နောက်တော့ ပြန်သင့်မြတ်ကြနဲ့ သံသရာလည်နေတာပါပဲ။ အားလုံးထဲမှာ ကျွန်တော်က တဘာသာ။ ညနေအလုပ်သိမ်းတာနဲ့ စာအုပ်ဆိုင်သွား၊ စာအုပ်ငှား၊ ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်။ အချိန်တန်တဲ့အခါပြန်လာ အိပ်ရာ ခင်းစာအုပ်ဖတ်၊ စာရေးချင်ရေး ပြီးရင်အိပ်။ အလုပ်ပိုင်ရှင်ရဲ့မိန်းမကတော့ စာအုပ်ဖတ်တာ ဝါသနာပါတယ်။ အိမ်ထောင် သည်အလုပ်သမားတွေကိုထားတဲ့ ခြံကြီးထဲက သူတို့နေခဲ့တဲ့အိမ်အိုကြီးထဲကနေ မိုးဝေတို့၊ ရှုမဝတို့၊ သွေးသောက်တို့ ကျွန် တော်ယူဖတ်ခဲ့ဖူးတယ်။

အလုပ်ပိုင်ရှင်ရဲ့အိမ်က နှစ်အိမ်ရှိတယ်။ ထမင်းဆိုင်တဆိုင်လည်းရှိတယ်။ ကားအလိုင်းမင့်ရုံဖွင့်ထားတဲ့အိမ်မှာ အလုပ်ပိုင်ရှင် တို့မိသားစုနဲ့ ကျွန်တော်တို့အလုပ်သမားတွေနေပြီး နောက်တအိမ်ကျ အိမ်ထောင်သည် အလုပ်သမားမိသားစုကိုထား တယ်။  ထမင်းဆိုင်မှာ မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို သွားစားရတယ်။ ညထမင်းဆိုင်သိမ်းပြီးမှ အလုပ်ပိုင်ရှင် လင်မ ယားက ပြန်လာတယ်။  ညနေပိုင်းအလုပ်သိမ်းပြီးရင် သူ့သွားစရာ၊ ကိုယ့်သွားစရာတွေနဲ့ဆိုတော့ အဲ့ဒီအလုပရုံမှာနေရတဲ့ ကျွန်တော်တို့ တယောက်တညစီ ညစောင့်လုပ်ရတယ်။ အလုပရုံဖွင့်ထားတဲ့ခြံကအကျယ်ကြီးပဲ။ လမ်းနဲ့နီးတဲ့နေရာမှာ နှစ် ထပ်တိုက်ကိုဆောက်ထားပြီး အဲ့ဒီတိုက်ကိုဖြတ်ကျော်လာပြီးမှ ကားအလိုင်းမင့်အလုပရုံကိုရောက်တယ်။ ငါးနာရီ အလုပ် သိမ်းပြီးတာနဲ့ ထမင်းစောစောသွားစားပြီးရင် ညစောင့်ပေါ့။ အလုပ်ရှင်တွေပြန်လာတဲ့အချိန်က ကိုးနာရီခွဲ၊ ဆယ်နာရီလောက် ပုံမှန်ပဲ။ အလုပရုံမှာအိပ်တဲ့ အလုပ်သမားတွေလည်း အဲ့ဒီအချိန်မှ အလျှိုလျှို ပြန်လာလေ့ရှိတယ်။

ညစောင့် အလှည့်တခုမှာ ကျွန်တော်ဖျားနာနေခဲ့တယ်။ အဲ့ဒီကာလက မြို့ကြီးမှာ တလကိုးသီတင်း မီးပျက်လေ့ရှိတယ်။ မီးစက်က အလုပ်ရှင်တွေပြန်လာမှ နိုးရတယ်။ ခြံကျယ်ကြီးထဲက မှောင်မှောင်မည်းမည်းညတခုထဲမှာ တယောက်တည်း ဖျားနာနေတဲ့ ကျွန်တော့်အတွက် စိတ်အားငယ်မှုက အမှောင်ထုလို အုပ်ဆိုင်းလို့။ ဘေးပတ်ဝန်းကျင်ကလည်း ဖြတ်မောင်း သွားတဲ့ ကားသံတွေကလွဲရင် အကုန်တိတ်ဆိတ်။ ညပိုးကောင်တွေရဲ့အော်သံက ခြံနောက်က အိမ်ကွက်လပ်ကြီးဆီကနေ တစီထွက်ပေါ်နေတယ်။ အိပ်ရာထဲလှဲနေရင် အိပ်ပျော်သွားပြီး လူလာတဲ့အခါ မကြားရမှာစိုးလို့ မအိပ်ရဲဘူး။ ခြံထဲကခုံတန်းရှည်ကြီးပေါ်လဲလျောင်းနေမိတယ်။ တရိပ်ရိပ်တက်နေတဲ့ အဖျားရှိန်က စိတ်ကူးတွေအထိပါ ကူးစက်တယ်ထင်တာပဲ။ အိမ် ကို သတိရတယ်။ သူငယ်ချင်းတွေကို သတိရတယ်။ ဘာကိုမှန်းမသိ တုန်လှုပ်ခြောက်ခြားနေတယ်။ ဒီကြားထဲ သွပ်မိုးနဲ့ ထိနေတဲ့ သြဇာပင်ကလည်း လေတိုးတိုင်း တဂျစ်ဂျစ်နဲ့မြည်တမ်းနေတယ်။

ရုတ်တရက် သေသွားခဲ့ရင်ဆိုတဲ့အတွေးကလည်း ငေါငေါကြီးထရပ်ပြီး လက်ညှိုးငေါက်ငေါက်ထိုးတယ်။ မအောင်မြင်ဘူး ဆိုတဲ့အတွေးကလည်း ဟားတိုက်ရယ်မောနေတယ်။ ကုန်ဆုံးပြီးသားနေ့ရက်တွေကလည်း လေနဲ့လွင့်လာတဲ့ပြက္ခဒိန်စာ ရွက်အဟောင်းတွေလို အတွေးထဲ တဖျပ်ဖျပ် ဝင်လာတယ်။ တကယ့်ဘဝရဲ့နောက်ကြောင်းပြန်ခန်းမှာ ဘာဂီတသံမှမပါပါဘူး။ အပေါက်သေးသေးကနေ တခုလုံး ပွင့်ထွက်ပျက်စီးသွားတဲ့ ရေကာတာလို ဆောက်တည်ရာမရ ခြောက်ခြားလာမိတယ်။ ကိုယ့်ဘေးမှာ မျက်လုံးစိမ်းစိမ်းကြီးတွေ ဝိုင်းရံနေသလိုလို၊ကိုယ့်ဆီကို အရိပ်မည်းမည်းကြီးတွေ ချဉ်းကပ်လာနေသလိုလို။ ဂီးခနဲ တချက်ချက် အော်မြည်ပြီးဖြတ်ပျံသွားတဲ့ ညငှက်သံကိုလည်း နိမိတ်ဆိုးတခုများလား ခံစားရတယ်။ ရင်ခုန်သံတွေဝရုန်းသုန်းကားဖြစ်ပြီး။ ကိုယ့်နားထင်ကြောက သွေးတိုးသံကိုတောင် ကိုယ်ပြန်ကြားနေရသလို ထင်မိတယ်။ ချွေးတွေလည်း ပြန်လာတယ်။ ဇောချွေးလား၊ ကြောက်ချွေးလား၊ ဖျားနာလို့ကျတဲ့ချွေးလား ကျွန်တော်မခွဲတတ်ဘူး။

ခုံပေါ်ကနေ ကြိုးစားအားယူထပြီး အပေါ်ထပ်ကိုတက်ကာ မီးခြစ်နဲ့ဖယောင်းတိုင်ကို ရှာမိတယ်။ ဖယောင်းတိုင်ကိုထွန်းပြီး ငုတ်တုတ်ထိုင် ခြောက်ခြားနေတုန်း ရုတ်တရက်ပဲ နတ်နိုးသလို ကဗျာရေးဖို့အတွေးရလာတယ်။ ဗလာစာအုပ်နဲ့ဘောလ်ပင်ကိုဆွဲယူရင်း သုံးလေးငါးကြောင်းရေးပြီးတော့ခေါင်းစဉ်တပ်လိုက်တယ်။ `ငြီးငွေ့ခြင်း´ တဲ့။ အဖျားပျောက်သွားပြီးတဲ့နောက် ရက် မိတ်ဆွေတယောက်ကိုပြကြည့်တော့ မင်းကဗျာမဂ္ဂဇင်းပို့ကြည့်ပါလားလို့ သူကအကြံပေးတာနဲ့ Youth မဂ္ဂဇင်းကို ကျွန် တော်ပို့ဖြစ်ခဲ့တယ်။ နောက်လအနည်းငယ်အကြာမှာ မဂ္ဂဇင်းမှာ အဲ့ဒီကဗျာပါခဲ့တယ်။ ရှေ့ပိုင်းမှာတော့ မဟုတ်ပါဘူး။ လူ ငယ်နှင့် ရသပွင့်သစ်ကဗျာကဏ္ဍမှာပေါ့။ ကျွန်တော့်ရဲ့အဦးအစကဗျာကို ဖျားနာနေတဲ့ချိန် ပျက်ကျနေတဲ့ စိတ်အခြေအနေ တွေကြားကနေရရှိခဲ့တယ်။ အရာရာ ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာကြီးထဲကနေ နောက်ထပ် စိမ်းစိုသစ်လွင်တဲ့ ကမ္ဘာကြီးတခုရဲ့မြေပုံကို ကျွန်တော်ရခဲ့တယ်။ တကယ့်ဘဝမှာ ကျွန်တော်မရနိုင်ခဲ့တဲ့အရာတွေကို ကဗျာကနေရခဲ့တယ်။ ကျွန်တော့်အတွက်တော့ ကဗျာက ကမ္ဘာသစ်တခုပါပဲ။

ကျွန်တော်ပျော်ရွှင်ခဲ့တယ်။ ကျွန်တော်ငိုကြွေးခဲ့တယ်။ ကျွန်တော်နာကျင်ခဲ့တယ်။ ကျွန်တော်သာယာခဲ့တယ်။ ဖျားနာနေတဲ့ ညထဲကနေ ကဗျာရရှိခဲ့ပုံကို ကျွန်တော် သတိတရရှိနေဆဲပဲဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ဖျားနာနေတဲ့ အချိန်မျိုးမှာပေါ့။

ငြီးငွေ့ခြင်း

ခနော်ခနဲ့ကိုယ်ထဲမှာ
ဝိညာဉ်ဟာ ပင်ပန်းလှပြီ
နွေ မိုး ဆောင်း စက်ဝိုင်းထဲ
နာရီတွေငြီးငွေ့

နောက်ပြန်မလှည့်ပါရစေနဲ့
နောင်တမဲ့လမ်းတွေ မျှော်လင့်မိတယ်
သက်တမ်းတိုတိုကလေးမှာ
အမှားတွေများပြား ရှည်လျားလွန်းခဲ့

အိပ်မက်ဟောင်းတွေထဲမှာပဲ
လောင်စာကုန်ချိန်အထိ
စီးဆင်းနေရတော့မှာလား
ပြန်ရစ်လို့ မရတဲ့ ဘဝမှာ
ကျရာကပဲ ရွေ့လျားနေရတယ်...။