Breaking News

ကျော်ဟုန်း ● မပျံတတ်သော ချိုးဖြူများ


ကျော်ဟုန်း ● မပျံတတ်သော ချိုးဖြူများ
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၉

စစ်ပွဲတွေက
အစစ်လည်း ရှိတယ်။

စစ်ပွဲတွေက
အတုလည်း ရှိတယ်။

စစ်ပွဲအစစ်နဲ့ စစ်ပွဲအတု
တူညီချက်က
ကျည်အစစ်တွေနဲ့ ပစ်ကြတာပဲ။

ကျည်အစစ်နဲ့ ပစ်ကြတော့
လူအစစ်တွေ သေကြတာပေါ့။

စစ်ပွဲ အတု၊ အစစ်
ဘယ်စစ်ပွဲ ဖြစ်ဖြစ်
အခြေခံက
စီးပွားရေးလုပ်နေတာပဲ။

ဘာသာစွဲ၊ လူမျိုးစွဲစစ်ဟာ
ခေတ်နောက်ကျနေတဲ့သူတွေ
အကြမ်းဖက်တွေဖြစ်တဲ့ စစ်။

ကမ္ဘာ့စစ်ပွဲတွေနဲ့
သူပုန်မွေး ပြည်တွင်းစစ်က
ကိုယ်ကျိုးရှာ စီးပွားရေးစစ်။

စစ်ဝါဒီတွေ ပြောကုန်ပြီ။
"အပျိုကြီးတွေ
အိမ်ထောင်မပြုရင်
အပြစ်ရှိတယ်"

လူများများသုံးနိုင်ဖို့
စစ်ပွဲတွေက သွေးဆာတုန်း။

အစာအိမ် ရှိနေသမျှ
စီးပွားရေး ရှိရမယ်
စီးပွားရေး ရှိနေရင်
စစ်ပွဲတွေလည်း ရှိနေဦးမှာ မလွဲ။

ချိုးဖြူငှက်ခမျာ
သူ့ကို ဘယ်သူက စပြီး
ငြိမ်းချမ်းရေးတံဆိပ် ကပ်လိုက်မှန်း မသိ။

တခါတလေ လွှတ်တင်ခံရတိုင်း
ယောင်နနနဲ့
ကောင်းကင်ထဲ မပျံတတ်တာ ကြာပြီ။ ။

ကျော်ဟုန်း