Breaking News

အိုက်နီ(ဖြူး) - ကက်ရှ်မီးယားလွတ်လပ်ရေးရုန်းကန်မှုအတွင်းက ကလေးငယ်တဦးရဲ့ ငိုရှိုက်သံ


အိုက်နီ(ဖြူး) - ကက်ရှ်မီးယားလွတ်လပ်ရေးရုန်းကန်မှုအတွင်းက ကလေးငယ်တဦးရဲ့ ငိုရှိုက်သံ

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၉

အိန္ဒိယရဲ့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားပြည်နယ်ကို လက်ယာစွန်း BJP ပါတီ မိုဒီအစိုးရလက်ထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်မှ ရုတ်သိမ်းခဲ့ပါတယ်။ ဒါဟာ နှစ်၇၀ပြည့်မြောက်တဲ့ နှစ်မှာ ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆုံးရှုံးခဲ့တာဖြစ်သလို ၁၉၄၇ ခုနစ်က စပြီး ကက်ရှ်မီးယားကို အခြေပြု၍ ပါကစ္စတန် အိန္ဒိယ ပဋိပက္ခပြသာနာစတည်ရာ ထိလွယ် ရှလွယ် ဗမာနိုင်ငံက ရခိုင်ပြည် ပြသာနာကဲ့သို့ပင်ဖြစ်ပါတယ်။ အိန္ဒိယ က ပါကစ္စတန်ခွဲထွက်ပြီး အိန္ဒိယအပိုင် ပါကစ္စတန် အပိုင် ဟု အငြင်းပွားရာနေရာဖြစ်သလို ကက်ရှ်မီးယားပြည်နယ်သားတို့က သူတို့၍ လွတ်လပ်ခွင့်အမြဲတစေ တောင်းတိုက်ပွဲဝင်ခဲ့ကြသလို ပဋိပက္ခတွေ ဆင်းရဲငတ်မွတ်မှုတွေ လူမျိုးရေးအမုန်းတရားကြီးစိုးရာဒေသဆိုလည်း မမှားပေ။

ဟာမစ်ဆိုတဲ့ ရုပ်ရှင်ကတော့ ကက်ရှ်မီးယားပဋိပက္ခကို နောက်ခံထားတဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းတပုဒ်ပါ။၇နှစ်အရွယ် ကလေးငယ်တဦးက အိမ်ပြန်ရောက်မလာတဲ့ အဖေဖြစ်သူ ရာမက်အလီ ကို တမ်းတလွမ်းဆွတ်မှု အဖေပြန်လာမည့်နည်းလမ်းကို ကလေးအတွေး ကလေးနည်းလမ်းနဲ့ အဖြေရှာတဲ့ မိဘ နှင့် သားသမီးကြားက မေတ္တာကို ဖွဲ့သီထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။

ဟာမစ်ရဲ့ ဖခင်ဖြစ်သူဟာ လက်သမားဆရာ လှေငယ်ပြုလုပ်သူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူ  မိသားစုအပေါ်တာဝန်ကျေပွန်သူ သားအပေါ်ချစ်မြတ်နိုးလွန်းသူ ဇနီးအပေါ် တန်ဖိုးထားသူ ကဗျာဆရာတယောက်အဖြစ်ပုံဖေါ်ထားပါတယ်။ ဟာမစ် လူမမယ်ကလေးကတော့ ဖခင်ဖြစ်သူကို တယ်လီဖုန်းဝယ်ပေးရန်အမြဲ ပူဆာနေတတ်တဲ့ အပြစ်ကင်းစင်တဲ့ကလေးဖြစ်သလို သားဖြစ်သူရဲ့ ပူဆာမှုကို ဖြည့်ဆည်းချင်သူတယောက် အိန္ဒိယစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီး အိမ်ပြန်မရောက်လာခဲ့ပါ။ ဇနီးဖြစ်သူ အက်ခ်ရှမာ မှာလည်း ပူဆွေးသောကဖြစ်လျက် ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပါတယ် တိုင်ကြားခဲ့သူမှာ သူမတယောက်လည်းမဟုတ် ကက်ရှ်မီးယားပြည်နယ်က ဇနီးသည်တိုင်းလိုလိုပင်။

ကက်ရှ်မီးယားပြည်နယ်ရဲ့ လွတ်လပ်ခွင့်လိုလားမှု အိန္ဒိယစစ်တပ်ကို ကက်ရှ်မီးယားက ရုတ်သိမ်းဖို့ အမြဲလိုလိုတောင်းဆိုနေတဲ့ ကက်ရှ်မီးယားပြည်နယ်သားတွေရဲ့ ဆန္ဒ အိန္ဒိယစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ကက်ရှ်မီးယားပြည်နယ်သားတိုင်းအပေါ် အိန္ဒိယစစ်သားတိုင်းရဲ့ မျက်လုံးထဲမှာ ရန်သူသဖွယ်ရှုမြင်မှု ကက်ရှ်မီးယားပြည်နယ်သားတို့ကလည်း ရဲ စစ်သားများအပေါ် ကျောက်ခဲဖြင့်တိုက်ခိုက်၍ ကက်ရှ်မီးယားလွတ်လပ်ခွင့်ကို အစဉ်တစိုက်တောင်းဆိုမှုတို့ကို ပုံဖေါ်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်သည်။

ဟာမစ်သည် သူ့ဖခင်ဓါတ်ပုံ မိခင်ဆီမှ ခိုးယူပြီး ကျောင်းစာသင်ခန်းထဲမှာ စာသင်ချိန်မှာ ထုတ်ထုတ်ကြည့်ရာမှ အခန်းဖေါ် ဟာဘေးရဲ့ အမေးကြောင့် မဖြေဆိုနိုင်ခင်မှာ သူငယ်ချင်းဘီလား က မင်းအဖေ အလ္လာ ဆီ ရောက်သွားပြီ ဟု အဖြေကို မေးခွန်းပေါင်းမြောက်မြားစွာ ထုတ်နေမိတဲ့ ဟာမစ်။ အလ္လာ ဆိုတာ ဘုရားသခင်မှန်းသိပေမဲ့ သူ့အဖေက ဘုရားဆီဘာသွားလုပ်သလဲ အလ္လာ ဆီက သူ့ဖခင်ပြန်လာဖို့ ဟာမစ်တယောက်နည်းလမ်းရှာပါတော့သည်။

ဟာမစ်ရဲ့ အိမ်နီးချင်းတွေက ဟာမစ်မိခင်အား အရွယ်ရောက်လာတဲ့ဟာမစ်ကို သူ့ဖခင်ကဲ့သို့ အလုပ်ထဲ သွင်းဖို့ ပြောကြားပေမဲ့  ဟာမစ်မိခင်တယောက်က ဟာမစ်အဖေက ဟာမစ်ကို စာပဲ သင်စေချင်ကြောင်း အမြဲအကြောင်းပြန်ခဲ့ပါတယ်။ တရက်မှာ စေ့စပ်ထိမ်းမြားပွဲသို့ ဟာမစ်တို့ သားအမိနှစ်ယောက် သွားရောက်ဂုဏ်ပြုရာမှ ဗလီဆရာရဲ့ တိ်ုက်တွန်းမှုဖြင့် ဟာမစ်တယောက် ဗလီတက်ပြီး နာမာ့ခ် ဖတ်ကြားရင်း ဗလီဧရိယာအတွင်းက ပြက္ခဒိန်များ တွင် ရိုက်နှိက်ဖေါ်ပြထားသော ၇၈၆ ဟူသော ဂဏန်းအပေါ် မေးခွန်းစထုတ်ပါတော့သည်။ ၇၈၆ ဆိုတာ အလ္လာ ရဲ့ နံပါတ်ဟု လူကြီးများမှ အဖြေပြန်ပေးမှုကြောင့် ၇၈၆ နံပါတ်ဖြင့် အလ္လာ ကို ဆက်သွယ်ပြီး ဖခင်အား ပြန်ပို့ပေးဖို့ကြိုးစားရန်အတွက် တယ်လီဖုန်းရှာဖွေရာ မိခင်၏ တယ်လီဖုန်းမှာ ယူဆက်ဖို့ အခွင့်အရေးမရှိခဲ့ပါ။

ဘေးပတ်ဝန်းကျင် ၏ တိုက်တွန်းမှုကြောင့် ဖခင်၏ လက်သမားပညာအား သင်ယူရန် မိခင်ဖြစ်သူအား  ဖခင်၏ လက်သမားသေတ္တာတောင်းယူရာ မိခင်ဖြစ်သူမှ လက်သမားသေတ္တာကို ထုတ်ပေးခဲ့ပါသည်။ဖခင်၏ အလုပ်မှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ဖခင်လက်သမားသေတ္တာအတွင်းမှ ဟမ်းဖုန်းအဟောင်းတခုကို တွေ့ရှိရာက သူ့ရဲ့ စိတ်ကူးအိမ်မက်အကောင်အထည်ဖေါ်ဖို့ လမ်းစပေါ်ပေါက်လာခဲ့ပါသည်။ဖုန်း အဟောင်းအား ကောင်း၏ မကောင်း၏ အား စစ်ဆေးပေးရန် ဖုန်းပြင်ဆိုင်တွင် ပြသရာ ဘေမရှိခြင်း အကောင်းပကတိဖြစ်နေသည်ကို တွေ့ရှိသွားပြီး ဖုန်းဆိုင်မှ ဘေထည့်ဖို့လိုကြောင်းပြောသောအခါ ဟာမစ်တယောက် အိတ်ကပ်အတွင်းမှ မုန့်ဖိုးရူးပီး တကျပ်အား ထုတ်ပေးရာ အနည်းဆုံး ၁၀ရူးပီးလိုအပ်ကြောင်းပြောလာမှုကြောင့် စိတ်ဓါတ်နွမ်းလျစွာ အိမ်ပြန်လာခဲ့ရပါသည်။ ၁၀ရူးပီး ရရေးအတွက် မိခင်ထံမှာ ဘောပင်မရှိကြောင်း လိမ်လည်တောင်းဆိုသော်လည်း ဆင်းရဲနွမ်းပါးလှတဲ့ မိခင်မှ ထုတ်မပေးခဲ့ပါ။၁၀ ရူးပီး ရရေးအတွက် နည်းလမ်းရှာနေတဲ့ ၇နှစ်သားအရွယ် ဟာမစ်တယောက် တနေ့မှာ ဗလီရှေ့တွင် အလ္လာအမည် တ ပြီး ငွေတောင်းရမ်းသူအားတွေ့ရာ စကားဝင်ပြောရာမှ သူလည်း အလ္လာနှင့် ဆက်သွယ်ရန် ၉ရူးပီး လိုကြောင်းပြောပြအကူအညီတောင်းရာမှ သူတောင်းစားအဖိုးအိုမှ ဟာမစ်လိုနေသော ငွေအား ထုတ်ပေးပြီး သူ့အတွက်ပါ ကောင်းချီးတောင်းပေးပါဟု အမှာလွှတ်လိုက်သည်။

ဟာမစ်တယောက် ဖုန်းဆိုင်ကို အပြေးသွားကာ ၁၀ရူးပီးဖိုး ဖုန်းဘေဖြည့်ပြီး တောင်ထိပ်မြင့်မြင့်ပေါ် ပြေးတက်ပြီး နာမာ့ခ် ဖတ်ရာတွင် အသုံးပြုလေ့ရှိသော ဖခင်၏ ခပ်နွမ်းနွမ်း ဦးထုပ်ဆောင်း၍ ၇၈၆ ဂဏန်းအားခေါ်ဆိုသော်လည်း ကံအကြောင်းမလှရှာပါ ခေါ်ဆို၍ မရပါ။ဟာမစ်တယောက် ဖုန်းဆိုက်ကို အပြေးသွားရပြန်ပါပြီ ဖုန်းခေါ်မရကြောင်း ဖုန်းဆိုင်ပိုင်ရှင်အား ပြောပြရာ ဆိုင်ပိုင်ရှင်မှ ဂဏန်းပြောခိုင်းရာ ၇၈၆ ဟု ပြောရာ ဒါပဲလား ဂဏန်း၁၀လုံးပြည့်မှ ခေါ်၍ရကြောင်း ဂဏန်းအမှန်သွားပြန်ရှာဟု စေလွှတ်ရာ ဟာမစ်တယောက် ခေါင်းငိုက်စိုက်ကာ ပြန်လာရပြန်သည်။

ဟာမစ်တယောက် လမ်းဘေးပိုစတာများမှ ဖုန်းနံပါတ်ပါတဲ့ ပိုစတာ တရွက်အား ယူဆောင်ပြီး သူသွားနေကျ တောင်ထိပ်ခပ်မြင့်မြင့်ပေါ်တက်ပြီး ဖြတ်ထိုးဉာဏ်ရှိသူပီပီ 9-786-786-786 ဟု ၁၀လုံးပြည့်အောင် ရေးသားပြီး ခေါ်လိုက်တဲ့အခါ တစုံတဦးဆီ ဖုန်းက တူ*တူ* ဆိုပြီး ဖုန်းဝင်သွားပါသည်။ဟာမစ်ခေါ်ဆိုလိုက်သော  ထိုဖုန်းပိုင်ရှင်သည် အခြားမဟုတ် အိန္ဒိယပြည်မကနေ ကက်ရှ်မီးယားမှာ စစ်မှုထမ်းအဖြစ်တာဝန်ကျနေတဲ့ သမီးနဲ့ ဇနီးဖြစ်သူကို လွမ်းဆွတ်နေတဲ့ အိန္ဒိယစစ်သား အာဘေး ။ အာဘေးရဲ့ လက်ချက်နဲ့ ကက်ရှ်မီးယားပြည်သူများ အသက်ဆုံးရှုံးမှုကို အိန္ဒိယပြည်တည်ငြိမ်ရေးလို့ အမည်နာမ ဘယ်လိုမျက်နှာဖုံးတပ်ထားပေမဲ့ သူ့မသိစိတ်က အမြဲခြောက်လန့်နေသူဖြစ်သလို ၂နှစ် သမီး ဆီ အပြေးသွားချင်နေသူ တဦး။ဟာမစ် ရဲ့ ဖုန်းဝင်ဝင်ခြင်း တာဝန်ချိန်မို့ မကိုင်ဘဲ ချပစ်ပေမဲ့ ခဏ ခဏ ခေါ်ဆိုလာမှုကြောင့် ဖုန်းကိုင်တဲ့အခါ ဟာမစ်က "ကိုယ်တော့်ကို ချီးမွမ်းပါတယ်" အစရှိပြီး နှုတ်ဆက်တော့ အာဘေးတယောက် ဘယ်သူကို ဆက်လဲ မေးတော့ အလ္လာ ကို ဆက်တယ် ပြောတော့ သူ ဖုန်းချပစ်လိုက်တယ်။

ဟာမစ် ခမျာ ဖုန်းကို နောက်ရက်တွေမှာ ဆက်တိုက်ဆိုသလို ခေါ်နေမိတယ် အာဘေးလည်း ခလေးတယောက်ဆက်မှန်းသိသလို သမီးလွမ်းတဲ့ စိတ်ကြောင့် ဟာမစ်ရဲ့ ရင်ဖွင့်သံကို နားထောင်ပေးမိတယ်။ ဟာမစ်ဟာ သူ့ အဖေအတွက် မှတ်စုစာအုပ်ထဲမှာ ရေးထားတဲ့ စာစုကို အာဘေးကို အလ္လာ အမှတ်ဖြင့် ဖတ်ပြပြီး သူ့အဖေ ရာမက်အလီ ကို ပြောပြဖို့ ဖတ်ပြမှ သမီးလွမ်းစိတ်မွှန်နေတဲ့ အိန္ဒိယ စစ်သားကြီး အာဘေးတယောက် ကိုယ်ချင်းစာတရား ရှိလာခဲ့တယ်။ အိန္ဒိယနိုင်ငံတော်ကြီး တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကလေးများစွာရဲ့ ဖခင်တွေ ပြည်သူများစွာ ရဲ့ အသက်တွေ သွေးစွန်းခဲ့တဲ့ ဖြစ်ရပ်အပေါ် မြင်ယောင်လာပြီး အာဘေးတယောက် ကက်ရှ်မီးယားပြည်သူတွေအပေါ် ဂရုဏာသက်မှုက တဖက် စစ်သားတယောက်ရဲ့ တာဝန်ဝတ္တရားက တဖက် လွန်ဆွဲခဲ့ရတယ်။

အာဘေး တယောက် ဆုံးဖြတ်လိုက်တယ် ဟာမစ်အဖေ ကို အသက်ရှင်လျက် ပြန်လွှတ်ပေးရေးအတွက် ရဲစခန်းမှာ သူ စုံစမ်းမှု စပါတယ်။ ရာမက်အလီရဲ့ အမှုတွဲဖိုင်ကို ရဲအရာရှိက ရှာဖွေတွေ့ပေမဲ့ ပြန်လွှတ်ပေးရေးမှာ ဝန်ကြီးလွှတ်တဲ့ ကိုယ်စားလှယ်မှ လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် လူပေါင်းများစွာ အဖမ်းခံပြီး အသက်ရှင်လျက် အိ်မ်ပြန်ခွင့်မရသည့် အဖြစ်မျိုးကို ရဲအရာရှိမှာ ကြက်ကလေး ငှက်ကလေး ဖမ်းထားသည့်သဖွယ် လက်လွတ်စပယ် စကားကို မြည်တမ်းပြောဆိုနေတဲ့စကားက "ဒီကို ရောက်လာတဲ့ လူတိုင်းက တယောက်ယောက်တော့ ဆုံးရှုံးရတာကြည့်ပဲ" ဆိုတဲ့ လူသားဆန်မှု ကင်းမဲ့စွာ လူအခွင့်အရေးစံကို ချိုးဖေါက်မှုက အာဘေးတယောက်ကို နှလုံးသားကို ဒဏ်ရာရစေခဲ့တယ်။

အမှတ်မထင် ဟာမစ်ရဲ့ ဖုန်းအဝင်ခေါ်ဆိုမှု ကို လက်ခံရရှိပြီး သူ့အမေ အက်ရှ်မာ ရဲစခန်းမှာ သူ့အဖေကို လူပျောက်လာတိုင်ကြောင်း ပြောပြရာမှ အာဘေးတယောက် ရဲစခန်းအပြင်ဘက်တွင် တန်းစီနေသော အမျိုးသမီးများဆီ ပြေးပြီး အက်ရှ်မာ ဟု ခေါ်လိုက်ရာ လက်ထဲက ဖိုင်တွဲကို ပြုတ်ကျပြီး အမျိုးသမီးတိုင်းလိုလိုက အိန္ဒိယစစ်သား ယူနီဖေါင်းဝတ် အာဘေးကို တုန်လှုပ်ရွံ့မှု ကို မြင်တွေ့လိုက်ရတယ်။အာဘေးတယောက်လည်း ကက်ရှ်မီးယားမှာ တာဝန်ကျတဲ့ စစ်သားဘဝကို မသတီတာရော သမီးဖြစ်သူကို ပြေးမြင်ချင်တဲ့ အလွမ်းစိတ်ကြောင့် အထက်အရာရှိထံ ခွင့်ပေးရန်တောင်းဆိုလိုက်သည်။အထက်အရာရှိမှ အာဘေး အား ရုံးခန်းအတွင်းခေါ်ယူကာ ကက်ရှ်မီးယား က ကျဉ်းကျဉ်းလေးဖြစ်ကြောင်း ရာမက်အလီ ကိစ စုံစမ်းနေမှုကို သူသိကြောင်းနှင့် နိုင်ငံရေးကိစ္စမှာ ဝင်မပါဘဲ စစ်သားအလုပ် စစ်သားလုပ်ရန်မှာကြားပြီး မကြာခင် ကက်ရှ်မီးယားကို ဝန်ကြီးလာမည်ဖြစ်ပြီး ဝန်ကြီးအပြန်တွင် ခွင့်ပေးမည့် ကိစ္စကို စဉ်းစားပေးမည်ဟု အကြောင်းပြန်လိုက်သည်။

ဝန်ကြီးခရီးစဉ်အကြောင်းက ကက်ရှ်မီးယား တမြို့လုံးပျံ့နှံ့သွားပြီး ခင်ပွန်းပျောက်ဆုံးသူ သားပျောက်ဆုံးသူ များမှ ဝန်ကြီးအား အသံတိတ်ဆန္ဒပြမည့် အစီအစဉ်တခု ပြင်ဆင်ကြပြီး ဟာမစ် ၏ မိခင် အက်ရှ်မာ အား ခင်ပွန်းဖြစ်သူ ရာမက်အလီအတွက် ပါဝင်အရေးဆိုရန် ဖိတ်ခေါ်ခဲ့သည်။ အက်ရှ်မာလည်း ပါဝင်အရေးဆိုရင် ရာမက်အလီ ပြန်လာမည်လားဟု မေးခွန်းပြန်ထုတ်ရာ ရာမက်အလီပြန်လာဖို့ အာမမခံပေမဲ့ နောက်ထပ်ရာမက်အလီ လို လူတွေ မပျောက်ဆုံးဖို့နဲ့ သားဖြစ်သူ ဟာမစ် မပျောက်ဆုံးဖို့ ရုန်းကန်တိုက်ပွဲဝင်ရမည်ဟု သာ အဖြေပြန်ပေးသည်ကို အက်ရှ်မာ တယောက် တိကျတဲ့အဖြေတစုံတရာမပေးဘဲ စဉ်းစားပါရစေဟု သာ အဖြေပြန်ပေးခဲ့သည်။

ထိုပွဲစီစဉ်သူ အိမ်နီးချင်းမိန်းမကြီးများဆီ ဟာမစ်တယောက်ပြေးလာပြီး ဖခင်ဖြစ်သူ ဓါတ်ပုံအားပေးပြီး ဆန္ဒပြပွဲမှာ သူ့ဖခင်ပျောက်ဆုံးကြောင်း ကြေငြာပေးရန် ၇နှစ်သား ဟာမစ်တယောက်တောင်းဆိုလိုက်သည်။နောက်တရက် ဆန္ဒပြမည့် မနက်တွင် ဆန္ဒပြ ပွဲစီစဉ်သူများမှ အက်ရှ်မာ အား သူခင်ပွန်း ရာမက်အလီ ဓါတ်ပုံပြန်လာပေးရာ အက်ရှ်မာ တယောက် အံ့သြမှင်သက်ပြီး ဒီဓါတ်ပုံကို သားဖြစ်သူ  ဟာမစ်မှ ပေးအပ်ကြောင်းပြောပြရာ ချက်ချင်းဆိုသလို အက်ရှ်မာတယောက် ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့တယ်။

ဟာမစ်လည်း ထုံးစံအတိုင်း အလ္လာ အမှတ်ဖြင့် အာဘေးအား ဖုန်းခေါ်ဆိုရာ အာဘေးလည်း သူသည် အလ္လာမဟုတ်ကြောင်း အိန္ဒိယစစ်သားဖြစ်ကြောင်း ပြောရာ ဟာမစ်နှုတ်မှ ကလေးတဦးဖြစ်ပေမဲ့ "မင်းဟာ ငါတို့ ရန်သူပဲ" ဟု ရေရွတ်ပြီး မင်းလိမ်တယ် ဆိုပြီး ဖုန်းကို ပစ်ခွဲလိုက်သည်။အာဘေး နဲ့ ဟာမစ်ရဲ့ ဆက်သွယ်မှုကလည်း ဒီမှာပဲ အဆုံးသတ်သွားခဲ့ရတယ်။ဒီဖြစ်ရပ်ဟာ ကက်ရှ်မီးယားပြည်ရဲ့ လွတ်လပ်ခွင့်လိုလားမှုက ကလေးကအစ လိုလားမှုက သက်သေခံနေသည်ကို ယခုရုပ်ရှင်က အပီပြင်ဆုံး ပုံဖေါ်ပေးထားပါတယ်။

ကက်ရှ်မီးယားအပါအဝင် လူမျိုးစုတိုင်းရဲ့ လွတ်လပ်မှု တိုက်ပွဲကတော့ ကမ္ဘာ့အနှံ့တွင် ပုံသဏ္ဍန်မျိုးစုံဖြင့် လှုပ်ရှားရုန်းကန်နေသည်မှာ ငြင်းချက်ထုတ်လို့ရမည်မဟုတ်ပေ။ လူမျိုးစုတိုင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အချုပ်အခြာအာဏာကို အင်အားသုံးပြီး လက်နက်ဖြင့် တုပ်နှောင်ထားလို့ မရဘူးဆိုတာ ဒီရုပ်ရှင်က သက်သေခံနေပါတယ်။