Breaking News

ကိုတာ - ဘာကြောင့် ဧရာဝတီကို ရွေးယူဖို့ အဆိုပြုရတာလဲ




ကိုတာ - ဘာကြောင့် ဧရာဝတီကို ရွေးယူဖို့ အဆိုပြုရတာလဲ
(ဧရာ၀တီကိုပြန်ရွေးယူကြမယ် ဖေ့စ်ဘွတ်စာမျက်နှာ)
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉

(ကိုတာ၏ ဟောပြောချက်အပြည့်အစုံ)

ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ခင်ဗျား။

မြစ်ဆုံကို ပြန်လည် ရယူမယ့် အကျိုးအကြောင်းကို ကျွန်တော် တင်ပြပါရစေ။

ယခု လာမယ့် BRI ခေါ်တဲ့ (ပိုးလမ်းမ အစည်းအဝေး)မှာ မြစ်ဆုံကို ဆက်လက် လုပ်မယ်ရယ်လို့ အစိုးရများက ဆုံးဖြတ်များ ဆုံးဖြတ်ကြ မလား၊ ငါတို့ ဘာလုပ်ကြမလဲ၊ ဆက် မလုပ်ဖို့ တခြား နည်းလမ်းရှာမှ ဖြစ်မယ်။ အဲသလို ကျွန်တော်တို့ စဉ်းစား တိုင်ပင်ကြတယ်။

အရင်က အချိန် ဆွဲခဲ့ကြတယ်။ ဒါမျိုးဟာ အဖြေမဟုတ်တော့။ အလုပ်ဖြစ်တယ် ရယ်လို့ မဟုတ်ဘူး ထင်တယ်။ အခုတော့ အချိန်ဆွဲလို့လည်း ရချင်မှ ရတော့မယ်။

ဒီဆည်ကို ဆောက်လို့ကတော့ မဖြစ်ဘူး။ ကျွမ်းကျင်သူတွေ အားလုံးက မဆောက်သင့်ဘူးဆို ကြတယ်။ ပတ်ဝန်းကျင် အရေး၊ ငလျင်ဒဏ်ခံရမယ့် ဘေး၊ လူမှုရေး၊ ယဉ်ကျေးမှုရေး၊ ငြိမ်းချမ်းရေး ဘယ် အရေးအတွက်မှ မကောင်းဘူး။ ကျွန်တော့် အနေနဲ့ နငယ် အမြီးတပ်ဖို့တောင် မလိုပါဘူး။ ရှင်းပါတယ်။

ဒါပေတဲ့ တစ်ဖက်ကလည်း သူတို့ နစ်နာတယ်။ Myitsone Dam Concerns Myanmar's Credibility။ မြစ်ဆုံဆည်ကို ကတိမတည်ဘဲ ဖျက်ရင် နိုင်ငံတကာမှာ မြန်မာဟာ ယုံကြည်ထိုက်စရာ မကောင်းဘူးလို့ စွပ်စွဲကြသူတွေ လည်းရှိတယ်။ စာချုပ်ဖျက်ရင် မြန်မာဟာ နစ်နာကြေးပေးဖို့ လိုမတဲ့။ အဲသလိုလည်း ဆိုပါတယ်။

ရဟန်းရှင်လူ ပြည်သူတို့ ခင်ဗျား။ အခုလို ကျွန်တော်တို့ စဉ်းစားပါတယ်။

၁။ မြစ်ဆုံ အကြောင်းခံတဲ့ ဖိအားပေးခံနေရတဲ့ သူတွေ၊ နှိမ် ချခံနေရသူတွေ ကျွန်တော်တို့ မဖြစ်ချင်ဘူး။ ကျွန်တော်တို့မှာ ဂုဏ်သိက္ခာရှိတယ်။

၂။ ဆည် ဆောက်လိုက်ရတာကြောင့် အနာအကျင်တွေ ခံစားရပြီး တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင် မုန်းတဲ့သူတွေလည်း ကျွန်တော်တို့ မဖြစ်ချင်ဘူး။ ချစ်ခင်ကြတဲ့ ဆက်ဆံရေးမျိုးပဲ နှစ်ပြည်ထောင်မှာ ရှိအပ်တယ်။ ဒါက ဒုတိယအချက်ပါ။

၃။ ရေ...ရေ...ရေ ရေကိစ္စ တွေမှာ သတိကြီးစွာထားမှ ဖြစ် မယ်။ အနာဂတ် မျိုးဆက်တွေအတွက်လည်း စဉ်းစားရမယ်။

ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကို ဆိုးဆိုးရွားရွား ခံကြရမယ့်၊ ခံနေရတဲ့ နိုင်ငံ၊ မိုက်တွင်းက နက်လှတဲ့ သူတွေဟဲ့လို့ မဖြစ်အောင် ကျွန်တော်တို့ ယခု ဆင်ခြင်ရမှာပါ။

ဆည်ကြီးတွေကတော့ ဆောက်လို့မဖြစ်ဘူး။ နေရာ ရွှေ့ရင်ကော။ ထိုဒေသက တိုင်းရင်းသားတွေ အပေါ် တစ်ဖက်စောင်း နင်းဖြစ်မှာပေါ့။ ဆန္ဒတွေ တခြိမ်းခြိမ်းပြနေရတာတွေ ဘယ်အရပ်မှာမှ ရှိမနေစေချင်ပါဘူ းခင်ဗျား။ လူတွေလည်း ပင်ပန်းနေပါပြီ။ ကျွန်တော်တို့မှာ ပူစရာပန်စရာ တွေ၊ ဖြေရှင်းစရာတွေ၊ ငြိမ်းချမ်းျရး၊ ပညာရေး အပုံအပင်ပါ။ အနာဂတ်ကိုပဲ မမျှော်မှန်းနိုင်သ လိုဖြစ်နေတော့ ဒီကိစ္စကို လက်စ သတ်ပြီး...။ အင်း... စုပေါင်းညီ ညွတ်တဲ့ အင်အားနဲ့ လက်စသတ် နိုင်ရင်တော့ ဒါဟာ စံနမူနာ အမှန် ယူစရာတောင်ဖြစ်မယ်။ တီထွင် ဖန်တီးနိုင်တဲ့ အစွမ်း ကျွန်တော်တို့မှာ ရှိကြောင်း ပြနိုင်မယ်။ ကိစ္စ ကြီးငယ်တွေကို ဖြေရှင်းနိုင်တဲ့ အင်အား ကျွန်တော်တို့မှာ ရလာမှာ အမှန်ပဲ။ One Dollar Campaign ရယ်လို့ ကမ္ဘာမှာ စံနမူနာ တောင် ဖြစ်နိုင်တယ်။

တချို့က သဘာဝကျစွာပဲ ခင်ဗျားတို့ ကလည်းဗျာ စာချုပ်တောင် မမြင်ရဘဲနဲ့ ဘယ်က လောက်လျော်ရမယ်၊ ဘယ်လို လျော်ရမယ်တောင် မသိသေးဘဲနဲ့ လျော်ဖို့ လာပြောနေတယ်လို့ စောဒနာနိုင်တယ်။ ဒါနဲ့ပတ်သက် ပြီး အခုလို ချဉ်းကပ် ကြည့်ချင်ပါ တယ်။

၁။ ပြည်သူတွေအဖို့ စာချုပ်ကို ပွင့်လင်းမြင်သာ ကြည့်ရှုခွင့် ရသင့်တယ်။

၂။ မမြင်ရသေးပေမယ့်လည်း ပြည်သူတွေဘက်က ပခုံးထမ်းဖို့ အဆင်သင့်ရှိနေတယ်ဆို တာကို ပြဖို့ ဒီလို ကမ်းလှမ်းတာ ဖြစ်ပါတယ်။

၃။ တကယ် လျော်ရမယ်ဆိုရင် နိုင်ငံတကာစာချုပ်စာတမ်း ဆိုင်ရာ ဥပဒေကြောင်း လုပ်စရာ အများကြီးရှိတယ် ဆိုတာကို ကျွန်တော်တို့ သိပါတယ်။

ပြည်သူတို့ခင်ဗျား...။

စာချုပ်ဖျက်ဖို့ ဘာမှ မပေး ရရင်တော့ အတိုင်းထက်အလွန် ပေါ့ဗျာ။ သားရွှေအိုး ထမ်းတာပေါ့ဗျာ။ သူတို့အတွက် မှုလောက်တဲ့ ငွေမဟုတ်တော့ နှစ်ပြည်ထောင် ချစ်ကြည်ရေးကို ထောက်ထားပြီး၊ မြန်မာပြည်သူတွေကို စာနာထောက်ထားပြီး လျှော်ပစ်ရင် တော့ အကောင်းဆုံးပေါ့။ ဒါမျိုး ကိုလည်း မျှော်လင့်ပါတယ်။

သို့သော် လက်တွေ့ကျတဲ့ နည်း။ စုပေါင်းညီညာ အောင် ကြောင်းဖြာတဲ့ နည်း။ ခေါင်းရွက် ဗျပ်ထိုးကအစ ဆိုက်ကားဆရာ အဆုံး လုံခြုံရေး အမှုထမ်းများပါ မကျန် အားလုံး၊ အကုန်လုံး ပြည်သူပြည်သား လူသူအများ ပါဝင် ဆောင်ရွက်တဲ့နည်း၊ တစ်ဦးချင်း ဝန်တာ မလေးတဲ့နည်း၊ အဲဒီနည်း ကိုလည်း ပြင်ဆင် ထားရမယ်လို့ ယူဆပါတယ်၊ ဒီလိုအကျိုးအကြောင်းရှိပါတယ်၊ ကျွန်တော်တို့ အဲသလို စဉ်းစားပါတယ်လို့ တင်ပေပါရစေ။

ပြည်သူတွေရဲ့အသံကို နားထောင်ပြီး ကျွန်တော်တို့မှာ ပေါ် လာတဲ့ ဖြေရှင်းနည်း တစ်ခုပါခင် ဗျား။

ရဟန်းရှင်လူတို့ ခင်ဗျား။ ကျွန်တော်တို့က ဘယ်သူမှ အပြစ် တင်နေဖို့ မဟုတ်ပါဘူး။ အပြစ်တင်ဖို့ အချိန်လည်း မရှိပါဘူး။ အပြစ်တင်လို့ ဘယ်ကိုမှ ရောက်မှာမှ မဟုတ်တာကိုး။ ဒါက အမှားအယွင်းကို ပြင်ဖို့ပါ။ နောင်လာ နောက်သားတွေအတွက် အကြွေး မတင်အောင် ကျွန်တော်တို့ လုပ်ဖို့ ပါ။ အဲဒါကို ကျွန်တော်တို့ လုပ်နိုင် ပါတယ်။ ကျွန်တော်တို့မှာ ဂုဏ်သိက္ခာရှိတယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်တယ်။ အဲဒါကို ပြဖို့ပါ။ အဲဒါကို ကျွန်တော်တို့ ပြကြမယ်။ ဒါပါပဲခင်ဗျား။

ကျေးဇူးတင်ပါတယ်။