Breaking News

ခင်လွန်း - “ မိုးဝေခေတ်နဲ့ကျနော်တို့ ...


ပန်းချီဆရာကြီး ဗဂျီအောင်စိုးရဲ့လက်ရာမျက်နှာဖုံးနဲ့မိုးဝေမဂ္ဂဇင်း
(စာရေးဆရာမ ခင်မြဇင်ပေးပို့ပါတယ်)
 ခင်လွန်း - “ မိုးဝေခေတ်နဲ့ကျနော်တို့  
(သို့) လွန်ခဲ့တဲ့ အနှစ် ၄၀ က စာပေနယ်ပုံရိပ်အပိုင်းအစများ"
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉

-ဆရာမခင်မြဇင်ရဲ့အကူအညီနဲ့ ဆက်စပ်ပုံနဲ့ ပုံစာများ ထည့်ပေးထားပါ တယ်။
(တန်းရိုက်တန်းတင် သတ်ပုံမှားမြင် နားလည်ပေးကြေး၊ စာမချော အပြစ်မပြောကြေး) -

ထိပ်စီးလေး ၆ ဂဏန်းစွန်းလာတော့ ကျနော်တို့ငယ်ငယ် စာပေသမား ဘဝအစ အမှတ်တရ ခြေလှမ်းလေးတွေကို တခါတရံ သိပ်သတိရမိပါ တယ်။

အဲဒီလိုသတိရတိုင်း ၁၉၇၈-၉-၈၀ များတဝိုက် မိုးဝေစာပေမဂ္ဂဇင်းတိုက် က အယ်ဒီတာများဖြစ်တဲ့ ဆရာညိုသစ်၊ ဆရာသန်းအုန်း(မောင်စု)၊ ဆရာအောင်မော်(သန်းနိုင်) တို့ကိုလဲ အလွန်အမင်း သတိရပါတယ်။ အယ်ဒီတာများချည်းပဲလားဆိုတော့ အခုခေတ်လူငယ်လေးတွေ သိ တောင် သိကြတော့ပါ့မလားမဆိုနိုင်တဲ့ ကဗျာဆရာကြီး ငါးသိုင်းဝံသာကို လဲ မမေ့ပါဘူး။

မိုးဝေအယ်ဒီတာဆရာများနည်းတူ သူ့ကိုလဲသတိတရ ရှိလှ လွမ်းလှပါ တယ်။
တနေ့က ကဗျာစာပေသမားတွေအပေါ် ချစ်ခင်တန်ဖိုးထားတတ်တဲ့ သူ ကိုယ်တိုင်လဲ စာပေမွေ့လျော်ရေးသားတဲ့ ဆရာတက္ကသိုလ်စိုးမိုးနိုင်တဲ့ လိုင်းပေါ်ပွားကြပြောကြရင်း မိုးဝေဆရာများအကြောင်းဆီ ဆိုက်ခဲ့ပါ တယ်။ သူက ဆရာ ညိုသစ်၊ ဆရာသန်းအုန်းတို့ ကွယ်လွန်သွားကြ တာကိုတော့ သိမှတ်ထားပုံရပြီး ဆရာအောင်မော် (သန်းနိုင်) ကိုတော့ သက်ရှိထင်ရှားရှိမရှိ သေသေချာချာ မပြောနိုင်ခဲ့ပါဘူး။ ကျနော်ကတော့ ပိုပြီး မသိနိုင်တော့တဲ့နေရာရောက်နေတာဆိုတော့ ပိုဆိုးပေါ့။

လေးစားတန်ဖိုးထားမှု၊ ချစ်ကြည်မြတ်နိုးမှုဆိုတာ လူပုဂ္ဂိုလ်များရှိခြင်း မရှိခြင်းနဲ့တော့ မဆိုင်လှပါဘူး။ ဒီဆရာ ဒီပုဂ္ဂိုလ်တွေကို ချစ်လှ မြတ်နိုး လှတာဟာ ကျနော်တို့သေရာပါ ချစ်မှင်ကြောင်ပါပဲ။ တက်တူးလို့ခေါ်တဲ့ အရေပြားပေါ်ထိုးတဲ့ ဆေးမှင်ကြောင်ထက် စွဲမြဲခိုင်မာပါတယ်။

တကယ်တော့ ကျနော်တို့ဘဝမှာ ကျနော်တို့နှလုံးသားမှာ ချစ်မှင်ကြောင် ထိုးထားရတဲ့ လူပုဂ္ဂိုလ်တွေ အများသားမဟုတ်လား။ ဆရာညိုသစ်၊ ဆရာသန်းအုန်း၊ ဆရာအောင်မော်... စသည်ဖြင့် အပါအဝင်ပေါ့။
စာရေးဆရာ ဘာသာပြန်ဆရာ အယ်ဒီတာ မောင်စု(ဆရာသန်းအုန်း)ပါ။
ပုံကို ဆရာ့ဇနီးဖြစ်သူ စာရေးဆရာမ ခင်မြဇင်မှ ပေးပို့ကူညီပါတယ်။


သူတို့ကိုသတိတရရှိလှလို့ ဒီစာလေးရေးရင်း ဒီနေ့ခေတ် စာပေအနုပညာ ကမ္ဘာကို လျှောက်လှမ်းအားယူ ကြိုးပမ်းနေကြတဲ့လူငယ်လူရွယ်လေး တွေကို ကျနော်တို့ခေတ်၊ ကျနော်တို့စာပေနယ်ထဲ ခြေချခဲ့ကြ မွေ့လျော် ကူးခတ် ဖြတ်သန်းခဲ့ကြတာလေးတွေ ပြောပြချင်မိပါတယ်။ ပြောရရင် နှစ်ပေါင်း ၄၀ လောက်တော့ရှိခဲ့ပြီပေါ့။

ဆိုတော့ မိုးဝေဘက် ပြန်လှည့်ပါ့မယ်။
မိုးဝေဆိုတော့ ကျနော်တို့ စာငယ်သူငယ်ချင်းတွေကစပြီး အခြေခံ အုံးမှပါ။

သိပ်ငယ်ကြသူတွေမသိနိုင်တော့ပေမယ့် “မောင်သာချို၊ ကိုခင်လွန်း၊ ချစ်လွမ်းနွေး၊ ယမုံ” (နောက်ပိုင်း ကွယ်လွန်သူ ကဗျာဆရာ ရုပ်ရှင် သရုပ်ဆောင်၊ မြန်မာစာကျူတာ ဇောင်းထက်ကိုပါ ထည့်ထည့်ရေကြ တွက်ကြပါတယ်) လို့ခေါ်တဲ့ သူငယ်ချင်းလေးတစုဟာ ဘယ်သူ ဘာမှ မဟုတ်ကြခင်ကတည်းက( မောင်သာချို၊ နေစိမ့်၊ ယမုံ၊ ခင်လွန်း … စသည်ဖြင့် ကလောင်များမပိုင်ကြသေးခင် အဖေအမေပေးတဲ့ နံမယ် လေးတွေနဲ့ဘဝ) အဲဒီ့ခေတ်က ဖြန့်ချိထုတ်ဝေနေတဲ့မဂ္ဂဇင်းတွေထဲမှာ မိုးဝေနဲ့ ရှုမဝကို အင်မတန်ကြိုက်ကြ စွဲလန်းခဲ့ကြပါတယ်။

အထူးသဖြင့် ရုပ်ရှင်မင်းသမီးတွေ မိန်းမလှတွေရဲ့ဓာတ်ပုံဒီဇိုင်းတွေ မဟုတ်ဘဲ အဲဒီ့ခေတ်က ထင်ရှားတဲ့ပန်းချီဆရာတွေရဲ့လက်ရာကို မျက်နှာဖုံးတင်ပြီး အတွင်းစာမျက်နှာများမှာလဲ အဖြူအမဲ ၂ ရောင် (လွန်ရောကျွံရောမှ ၂ ရောင်) နဲ့သာ ခြယ်မှုန်းပြင်ဆင်နိုင်တဲ့ မိုးဝေကို တော်တော်လေး ရူးမူးစွဲလန်းကြပါတယ်။ မိုးဝေမဂ္ဂဇင်းလိုဂိုစာလုံးအောက်က စာပေအနုပညာမဂ္ဂဇင်း ဆိုတာလေး ကလဲ ကျနော်တို့ကိုဆွဲခါလှုပ်ယမ်းလိုက်သလို အူယားစေတာမျိုးနှယ် ဆန်ပါတယ်။
ပန်းချီဆရာကြီး ဘရင်လေးရဲ့လက်ရာနဲ့ မိုးဝေမဂ္ဂဇင်းအဖုံး
(စာရေးဆရာမ ခင်မြဇင် ပေးပို့ပါတယ်)

အဲဒီ့တချိန်ထဲမှာ ရှုမဝမဂ္ဂဇင်းကလဲ ပန်းချီအကျော်အမော်တို့ လက်ရာနဲ့ မျက်နှာဖုံးတွေပါပဲ။ မှတ်မိသလောက်တော့ အမျိုးသမီးပုံတွေပဲဖြစ်ပါ တယ်။ အတွင်းစာမျက်နှာတွေမှာလဲ ၄ ရောင်အပြည့်သုံးထားတဲ့ စာဖောင်တချို့နဲ့ဆိုတော့ တော်တော့်ကို လှပတယ်၊ မိုက်ပါတယ်။ ကလောင်တွေ စာတွေကလဲ အားကောင်းလှပါပေတယ်ပေါ့ဗျာ။

ဒီနေရာမှာကဗျာဘက်ကိုပိုအားသန်တဲ့ကျနော်တို့အုပ်စုက(ကဗျာဆရာလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားမင့်ဟာကိုး) ရှုမဝကဗျာတွေထက် မိုးဝေ ကဗျာတွေကို ပိုကြိုက် ပို စိတ်တွေ့ပါတယ်။ ကာရန်တွေ နဘေတွေ အချိုးတွေ၊ (တြိချိုး၊ ဒွေးချိုး၊ လေးချိုး၊ သံချို) လေးလုံးစပ်တွေလွှမ်းတဲ့ ရှုမဝကဗျာတွေထက် လွတ်လွတ်လပ်လပ်ရှိလှတဲ့မိုးဝေကဗျာတွေ ကြောင့်ဖြစ်ပါတယ်။ (နောင်အခါ မိုးဝေကဗျာခေတ် ရှိ/မရှိ ပြောဆို ဝေဖန်မှုတွေရိုက်ခတ်ကျန်ခဲ့)

စကားပြေဘက်မှာလဲ ထိုးနည်းနှင်နှင်ပါပဲ။ ရှုမဝနဲ့ မိုးဝေက ကွဲပြားပါ တယ်။

ဥပမာ လွယ်လွယ်လေးပေးပါ့မယ်၊ (ဥပမာပါနော်)

ရှုမဝစကားပြေက ချစ်သူနှစ်ယောက်ရဲ့ဘဝအစပိုင်းနဲ့တူပါတယ်။ သမီးရည်းစားအဖြစ်ရောက်အောင်၊ သမီးရည်းစားဘဝခိုင်မြဲနှောင်ချီ အောင် အလှအပ အသီအကုံးတွေဖွဲ့နွဲ့ထားတာမို့ ချိုမြိန်လှပြီး စွဲမက် ငြိတွယ်စရာကောင်းလှပါတယ်။

အဲ မိုးဝေကစာတွေကျတော့ ချစ်သူနှစ်ယောက် ဘဝလက်တွဲအဖော် အဖြစ် အိုးအိမ်ထူထောင်လာကြရာက သားတွေသမီးတွေ ထွန်းကား လာတဲ့အခါ ကိုယ်တွေရဲ့ဘဝပြဿနာတွေ ဘဝအမောတွေကို ရင်ဆိုင် တိုက်ပွဲဝင်ရင်း ဖြတ်သန်းရတဲ့ကာလကို မှတ်တမ်းတင် ရေးဖွဲ့ထားတာ မျိုးဖြစ်ပါတယ်။

လွယ်လွယ်ထပ်ပြောရရင် အလှနဲ့ ဘဝပေါ့။
ဘယ်နဲ့ညာနဲ့လိုပေါ့။ လကျာ်နဲ့လက်ဝဲလိုပေါ့။

ကျနော်တို့ဘဝတွေက ဘယ်ဘက်နှလုံးသားပေါ်က ရင်ခုန်သံ ပိုကျယ် လောင်ကြတာမို့ မိုးဝေကို ပိုအားသန်ကြတာပေါ့ခင်ဗျာ။
ဒါဆိုရင် ကျနော်တို့တွေကိုယ်စီရဲ့နောက်ခံဘဝအခြေအနေကလဲ ပြည့်စုံ သွားပြီထင်ပါရဲ့။

ဒီနေရာမှာ အခုခေတ်လူငယ်လူရွယ်လေးတွေကို ကျနော်တို့ခေတ် (လွန်ခဲ့တဲ့အနှစ် ၄၀ လောက်ပေါ့၊ စစ်အာဏာသိ်မ်းအစိုးရက ကမ္ဘာ အလယ် မျက်နှာပမ်းလှအောင်နဲ့ အဲဒီ့ကာလ ကမ္ဘာမှာခေတ်စားနေတဲ့ ဝါဒတခုဖြစ်တဲ့ ဆိုရှယ်လစ်ဝါဒအရင်းခံအယောင်ဆောင်စနစ်တခုကို ကမမ်းကတမ်းကောက်ကိုင်ကြေညာထားရတဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆိုရှယ်လစ်ခေတ်ကြီးတခေတ်ပေါ့၊ မိုးကောင်းကင်အပြာနုရောင်ပေါ် စာလုံးအဖြူတွေနဲ့ ဆိုင်းဘုတ်ကြီးကြီးတွေထောင်ကြ ထူကြတဲ့ ခေတ် ပေါ့၊) က စာပေလောကအခြေအနေလေး တစေ့တစောင်း (နဲနဲလေး ပါနော်) ပြောပြချင်ပါသေးတယ်။

တကယ့်နဲနဲလေးပါ။ မဆလခေတ်မို့ စာအုပ်တွေကို ကန့်သတ်ပိတ်ပင် ထားတာတွေ ကြားသာကြားဖူး၊ မမြင်ဘူး မဖတ်ဘူးတာတွေ၊ မြင်ရ ကြားရပေမယ့် မူရင်း (အော်ရီဂျင်နယ်)မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်နေတဲ့စာရွက်စာတမ်းတွေ ကော်ပီတွေ စသဖြင့်….(အခုခေတ်လို scan စကင်ဖတ် ဓာတ်ပုံရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ဖို့ ဆိုတာ အိပ်မက် အဆင့်တောင် မမက်တတ်ကြသေး)။

အဲ … ဒါပေမဲ့ အဲဒီလို တွေ့ရင်ဖမ်းမယ်၊ ထုတ်ရင်ဖမ်းမယ်၊ လက်ဝယ် ရှိရင် ဖမ်းမယ်ဆိုပြီး ပိတ်ထားဆို့ထားတာတွေကိုမှ ကျနော်တို့တွေဟာ ကိုယ့်အယုံအကြည်သမားချင်းလက်တို့ လက်ဆင့်ကမ်းဖတ်ခဲ့ကြတဲ့ အတွက် ကိုယ့်ရှေ့ ကလူတွေ ဘာတွေရေး ဘာတွေလုပ်၊ ဘယ်လို တိုက်ပွဲဝင် ဘယ်လိုဖမ်းဆီးခံရ၊ ဘယ်လိုကျဆုံး …စသည်သိကြရ၊ သိအောင်ကြိုးစားကြပါတယ်။ အဲဒီ့ကာလဟာ ဒီနေ့ ခေတ် ကလေးတွေ လူငယ်တွေ ကြားဖူးနားဝရှိကြတဲ့ ၈-လေးလုံးကာလ၊ ၈-လေးလုံးပြည်သူ့ အရေးတော်ပုံဆိုတာတွေတောင် အိပ်မက်မမက်နိုင်ကြသေးတဲ့အချိန်လို့ ပြောရမှာပါ။

ဆိုတော့ စာပေလောကကိုပြန်ကောက်ရရင် စာအုပ်တွေအကန့်အသတ် အပိတ်အပင်များလှတာမို့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ စာစောင်တွေကလဲ ရှားပါးလှတယ်လို့ဆိုနိုင်ပါတယ်။

ခုန အပေါ်မှာပြောခဲ့တဲ့ ရှုမဝ၊ မိုးဝေဆိုတာတွေအပြင် တခြားထင်ရှားတဲ့ မဂ္ဂဇင်းတွေကတော့ ရုပ်ရှင်မင်းသား အဆိုတော် စာရေးဆရာ ဝင်းဦးရဲ့ စန္ဒာရုပ်စုံမဂ္ဂဇင်း၊ နောက်ရုပ်ရှင်နယ်သားတဦးဖြစ်တဲ့ဒါရိုက်တာ ဦးပြည့်စုံ တို့ရဲ့ သွေးသောက်မဂ္ဂဇင်း၊ နောက် ဒဂုံမဂ္ဂဇင်း (ဆရာကြီး ဒဂုန် နတ်ရှင် တို့ဦးစီးထုတ်ဝေတယ်ထင်မိ)၊ ဆရာစိန်ခင်မောင်ရီတို့ပါဝင်ကြတဲ့ ဖြူနီ ညိုပြာ၊ တဖက်မှာက အစိုးရပိုင်တွေဖြစ်တဲ့ ငွေတာရီ၊ မြဝတီမဂ္ဂဇင်း၊ အဲဒီ့နောက်ပိုင်းမှာ မဆလအစိုးရခွင့်ပြု ထုတ်ဝေလာတဲ့ စစ်ပြန်မဂ္ဂဇင်း ….စတာတွေရှိပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အဆက်အစပ်နဲ့ထုတ်ဝေတဲ့ ရုပ်ရှင်နဲ့ ဂီတမဂ္ဂဇင်းတွေလဲ ရှိကြတယ်ထင်မိပါတယ်။ (နဲနဲတော့ ရေးတေးတေး ဖြစ်ကုန်ပါပြီ။ မှတ်မိသူတွေ ရေးကြပါအုံး)

စန္ဒာရုပ်စုံ၊ သွေးသောက်တို့ကတော့ အဲဒီ့ခေတ်မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းထက်တောင် လိုင်းနပ်လူစာရင်း(Line –up)ပုံသေနဲ့ လတိုင်း ဒီလူ့ဒီလူချည်း ရေးနေကြတာများပါတယ်။

ကလောင်သစ်အတွက်တနေရာစာပါပေမယ့် အဲဒီ့ကလောင်သစ်လက်ရာ တွေကလဲ ကျနော်တို့ ဘယ်ဘက်ရင်အုံသန်သူတွေ သဘောကျလောက် စရာ သိပ်မရှိတာများဖြစ်နေလေ့ရှိပါတယ်။

အဲ သွေးသောက်မဂ္ဂဇင်းကလဲ ထိုနည်း၎င်း ထိုနည်း၎င်းလို့ပြောရမှာမျိုး ပါပဲ။ စာရေးဆရာ ဒါရိုက်တာ ဦးပြည့်စုံနဲ့သားများက ကလောင်အမည် အမျိုးမျိုးခွဲပြီးရေးသားထုတ်ဝေထားသလိုဖြစ်တာမို့ လူသစ် ကလောင် သစ် တိုးမရ ဝင်မရပါဘူး။ ဒဂုန်မဂ္ဂဇင်းဆိုတာလဲ ထိုနည်းမရိုးစွဲပါပဲ။

ငွေတာရီ၊ မြဝတီတို့ကျတော့ စစ်အစိုးရပိုင်မီဒီယာတွေဖြစ်တာကြောင့် ကျနော်တို့က ဖတ်ပင်ဖတ်ညားသော်လဲ မရေးချင်ကြပါဘူး။

အဲဒီ့မဂ္ဂဇင်းတွေမှာ မြန်မာ့ဓလေ့ မြန်မာ့မူဟန်တွေရှိကြတာမှန်ပေမယ့် ကျနော်တို့ဘဝတွေနဲ့ထပ်တူကျတဲ့ ကိုယ့်ဘေးဘီဝန်းကျင်က လူမှုဘဝ ပုံရိပ်တွေ မမြင်ရမတွေ့ရ မကြားရတာကြောင့် တခုခု ဟာနေသလိုခံစား ကြရတာမို့ မရေးချင်ကြပြန်ပါဘူး။

အခုပြောလာတာတွေဟာ ဒီနေ့ခတ်အထိ လက်ကျန်ရှိနေသေးတဲ့ မဟေသီနဲ့ သက်ရှိထင်ရှားမရှိတော့ (အဲလေ) ဆက်လက်မထုတ်ဝေနိုင် တော့ဘဲ ရပ်တန်းကရပ်သွားကြတဲ့ လုံမလေး၊ စံပယ်ဖြူ၊ ပေဖူးလွှာ စသဖြင့် အဲဒီ့ကာလတွေထက် ခပ်စောစောပိုင်းကျတဲ့ကာလတွေဖြစ်ပါ တယ်။

ဆိုတော့ အဲဒီ့အစောပိုင်းကာလကအခြေအနေတွေအရပြောရရင် ကျနော်တို့မှာ စာပေစိတ်လေးရှိလို့ရေးသားချင်ကြ၊ ကြိုးစားချင်ကြအုံး တော့ ကိုယ့်စာကိုယ့်ကဗျာလေး မဂ္ဂဇင်းစာမျက်နှာတွေမှာ ဖော်ပြခံရ ဖို့ဆိုတာ လူ့ပြည်က အပ်တစင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစင်း ထိပ်ချင်း ထိခတ်ကြဖို့ဒုလ္လဘတရား ဆန်လှတယ်ဆိုတဲ့ ဖန်တရာတေနေတဲ့ လက်သုံးစကား မျိုးဖြစ်နေမှာပါ။

ထားတော့၊ ကျနော်ပြောချင်တာလေးကိုပဲ ဘောင်သပ်ပါတော့မယ်။
ဆိုခဲ့သလို ကျနော်တို့ဟာ ကျနော်တို့အာရုံကျကြ၊ ချစ်ကြ၊ ကျနော်တို့ ဘဝနဲ့ အံကိုက်ကျတဲ့ မိုးဝေကိုချစ်ခဲ့ကြပါတယ်။ ဖတ်ခဲ့ကြပါတယ်။
ခင်လွန်းရဲ့ပထမဆုံးရေး ပထမဆုံးပုံနှိပ်ဖော်ပြခံရတဲ့ ဝတၳဳတိုပါ။
မိုးဝေစာပေမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၈၀ ဖြစ်ပါတယ်) 
ဒီစာမျက်နှာတွေကို ကဗျာဆရာ စိုင်းဝင်းမြင့်မှ ပေးပို့ကူညီထားတာဖြစ်ပါတယ်။


ကျနော်တို့ထဲက အသက်အငယ်ဆုံးလေးဖြစ်တဲ့ နေစိမ့်ဆိုရင် အဲဒီ့ ကာလက (သူ ၁၅-၁၆ နှစ်သားလေးပေါ့) မိုးဝေစာပေမဂ္ဂဇင်းဆိုတာကို တမြတ်တနိုး လစဉ်ဝယ်သိမ်းပါတယ်၊ စုပါတယ်၊ စာအုပ်မဝယ်မခြမ်းနိုင် တဲ့ ကျနော်တို့ မောင်သာချိုတို့ကိုလဲ တလှည့်ဆီ ပေးဖတ်ပါတယ်။ အဲဒီထဲက ကဗျာတွေ၊ ဝတ္ထုတိုတွေ၊ စာပေရေးရာ ဆောင်းပါးတွေ၊ ဗညားသီဟ(ဒဂုန်တာရာ)ရဲ့စာပေဝေဖန်ရေးတွေဟာ ကျနော်တို့ရဲ့ ကဖီးဆိုင်ညများနေ့များအတွက် စာပေစကားဝိုင်းခေါင်းစဉ်တွေပါပဲ။

ဒီလိုနဲ့ တခါသားမှာတော့ အဲဒီ့ ၁၆ နှစ်သားလေး နေစိမ့်ဟာ မိုးဝေစာပေ မဂ္ဂဇင်းဆိုတာကြီးမှာ သူ့ရဲ့ပထမဆုံးဝတ္ထုတိုစာမူ(အရသာ လျှာက သိသည်) ပါလာပါလေရောခင်ဗျာ။

သူ ဘယ်တုန်းက ရေးလို့ ဘယ်တုန်းက ပို့လိုက်သလဲ ကျနော်တော့ မသိပါဘူး။ သူနဲ့တလမ်းထဲ အိမ်နီးချင်းဖြစ်တဲ့ မောင်သာချိုလဲ သိလိုက်ပုံ မရပါဘူး။ ကျနော်တို့မေးမက်ကြည့်ကြတော့ စာတိုက်ကနေ စာမူလှမ်းပို့ လိုက်တာပါတဲ့။

ကျနော်တို့ ဝမ်းသာကြ သူ့အတွက် ဂုဏ်ယူကြတယ်။ မိုးဝေလေ မိုးဝေ။
အဲဒီ့တုန်းက နေစိမ့်လေးစာမူအတွက် စာမူခသွားထုတ်တော့ ၁၆ နှစ် သားလေးဟာ ကလေးရုပ်မပျောက်သေးတာမို့ ဆရာညိုသစ်၊ ဆရာ သန်းအုန်း၊ ဆရာသန်းနိုင်တို့က အဖေကိုယ်စား လာထုတ်တယ်လို့ တောင် ထင်နေကြတာတဲ့။

ကျနော်က သူတို့နဲ့အတူလိုက်မသွားနိုင်တော့ အသေးစိတ် ပြန် မပြောနိုင်တော့ပါဘူး။
၁၉၈၀ ခုနှစ်များက မိုးဝေစာပေမဂ္ဂဇင်းရဲ့ မာတိကာစာမျက်နှာတခုဖြစ်ပါတယ်။ ပါဝင်ရေးသားကြတဲ့ကလောင်တပ်ရင်းကိုကြည့်ရင် ကျနော်တို့ မိုးဝေကိုဘာကြောင့် နှစ်သက်ဖက်တွယ်ကြသလဲသိနိုငိလောက်ပါတယ်။
ဒါကို စာရေးဆရာမ ခင်မြဇင်ပေးပို့ကူညီထားတာဖြစ်ပါတယ်။

အဲ ကျနော်ကိုယ်တိုင် ဒီ့ထက်ပိုပြီးပြောနိုင်တာကတော့ ၁၉၈၀ ပထမဆုံး လ ဇန်နဝါရီမှာ ကျနော့်ဝတ္ထုတိုလေးတပုဒ် မိုးဝေမှာ ပါလာပါတယ်။

တိုတိုပြောရရင် ပထမဆုံးမဂ္ဂဇင်းတိုက်ကိုရောက်ဖူးခြင်း၊ စာမူခထုတ်ဖူး ခြင်း၊ အယ်ဒီတာမင်းများနဲ့စကားပြောဖူးခြင်း၊ ထိုဧရာမ ပုဂ္ဂိုလ်ကြီးများနဲ့ လမ်းဘေးခုံပု လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ဖူးခြင်း ...စတာတွေ အိပ်မက်ထက်တောင် အိပ်မက်ဆန်စွာ ကြုံကြိုက်ခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမတန်း၊ ၄၇ လမ်းထိပ်ဘက်ခပ်ကျကျ "ချိုတေးသံ'' ဆိုတဲ့ဆိုင်းဘုတ်ခပ်သေးသေးလေးဆွဲချိတ်ထားရာ မြေညီ ထပ်အခန်းလေးမှာ မိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ ရုံးစိုက်ကြတာပါ။ ကျနော်တို့ရောက်သွားတော့ မှန်ထူထူကြီးကို ကော်ကိုင်းအမည်းရောင် ဘောင်ကြပ်ထားတဲ့မျက်မှန်နဲ့ အသားညိုညို ပိန်ပိန်ပါးပါး ကိုယ်နေဟန် ခပ်ကိုင်းကိုင်း၊ အသက်လတ်ပိုင်းအရွယ်လူတယောက်က သူ့မျက်မှန် ဘောင်ပေါ်ကို အကြည့်လှမ်းတင်ပြီး မော်ကြည့်လာပါတယ်။ ဘာကိစ္စလဲပေါ့။

ကျနော်တို့က မဝံံ့မရဲနဲ့ (ကိုယ့်ကိုယ်ကိုယ်လဲ မယုံမရဲ မလုံမလဲ ဖြစ်နေတာပါ) စာမူခလာထုတ်တာပေါ့။

ဒီလိုနဲ့တဖက်က စားပွဲငယ်တခုမှာထိုင်နေတဲ့ လူတယောက်ကို အကျိုး အကြောင်းလှမ်းပြောပါတယ်။ သူတို့ချင်းမျက်လုံးဆက်သွယ်ပုံကိုကြည့်တော့ ချိုလို့မြိန်လို့ တောက်ပလို့ ဗျာ။

ဒီလိုနဲ့ မိုးဝေမဂ္ဂဇင်းတိုက်လေးဆီကနေ ၄၇ လမ်းကြားထဲက လမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာ ဆရာညိုသစ်ရယ်၊ မဂ္ဂဇင်းတိုက်မှာ ရောက် နှင့်နေတဲ့ ကဗျာဆရာကြီး ငါးသိုင်းချောင်းဝံသာရယ်၊ ကျနော်ရယ်၊ မောင်သာချိုရယ်တို့ ထိုင်ဖြစ်ကြပါတယ်။ ဆရာသန်းအုန်းခေါ် ဆရာ မောင်စုကတော့ တိုက်မှာ ကျန်ရစ်နေခဲ့ပါတယ်။ နောက်တနှစ်ဆိုရင် အနှစ် ၄၀ တိုင်တိုင်ပြည့်တော့မယ်ဆိုပေမယ့် အဲဒီ့မြင်ကွင်းတွေက ယခု ထက်တိုင် ကျနော့်စိတ်ထဲနှလုံးသားမှာ မှုန်ဝါးမသွားခဲ့သေးပါဘူး။

ဘယ့်နှယ်ဗျာ၊ တိုက်ဆိုင်မှုတွေက အဲဒီ့မဂ္ဂဇင်းပါ ကျနော့်ဝတ္ထုတိုစာမူဟာ ကျနော့်ဘဝမှာ ပထမဆုံးရေးဖူး၊ မဂ္ဂဇင်းမှာ ပထမဆုံးဖော်ပြခံရ၊ ပထမ ဆုံးစာမူခရ၊ ပထမဆုံး စာပေနယ်က အယ်ဒီတာတွေ စာရေးရာ ကဗျာ ဆရာတွေနဲ့ တရင်းတနှီး နွေးနွေးထွေးထွေး အတူထိုင်ဆိုတော့ အိပ်မက် ထက်တောင် အိပ်မက်မဆန်နေဘဲနေမလားပေါ့။
ကဗျာဆရာ ၊ စာရေးဆရာ၊ ဘာသာပြန်ဆရာ အယ်ဒီတာ ညိုသစ်
(ဂူဂယ်မှာ ရှာယူထားတဲ့ပုံပါ။ မူရင်းပိုင်ရှင်ကို လေးစားသမှုပြုပါတယ်)

ဆရာညိုသစ်က ပါးပါးလှပ်လှပ် လူလုံးလူဖန်သေးသေး၊ ဆရာ ငသိုင်းချောင်းဝံသာက ဝဝဖိုင့်ဖိုင့် ထွားထွားကြီးကြီးတွေကြား ကျနော်တို့ရဲ့မအူမလည်မျက်နှာလေးတွေမှာ မဝံ့မရဲမှုတွေနဲ့။

ကျနော်တို့ဟာ လက်ဖက်ရည်ခွက်လေးတင်ရုံမျှသာရှိတဲ့ စားပွဲခုံလေးမှာ ဒူးချင်းတိုက်အသားချင်းထိ လူချင်းထိ နှလုံးသားချင်း ယုံကြည်ချက်ချင်း ငြိပြီးထိပြီး ချည်ပြီးနှောင်ပြီး တုတ်ခိုင်ပြီး ထိုင်ခဲ့ကြတယ်ဆိုရမပေါ့ဗျာ။ အဲဒီ့အချိန် စစ်အတွင်းကလို ကိုယ့်အပေါ် ဗုံးကျဲလေယာဉ်ပေါ်က ဗုံးကြီးခေါင်းပေါ်တည့်တည့် ကျလာရင်တောင် ငါ သေပျော်ပြီပြီလို့ မာန်တက်နေတဲ့အချိန်များပေါ့။
ကြည့်လေ။ “တပုဒ်ထဲ ရေး၊ တပုဒ် စပါ။ စာမူခရ၊ အယ်ဒီတာမင်းများ၊ ကိုယ်ချစ်ကြည်ညိုတဲ့ကဗျာဆရာများနဲ့ တရင်းတနှီးနေရ” ဘယ်လောက် လူဖြစ်ရကျိုးနပ်နေပြီလဲ။

တကယ်တော့လဲ ကျနော်ကံကောင်းထောက်မသွားခဲ့ရတာပါ။
နောင်တော့ ကျနော့်ကိုယ်ကျနော်သိပါတယ်။ ကျနော် စာရေးမဖြောင့် သေးပါဘူးဆိုတာ။

ဟောကြည့်၊ အခုပဲ ကျနော်ဟာ မိုးဝေဆရာများအကြောင်း ပြောမယ်ဆို ပြီး ဘီးချော်သွားပြန်တာကိုသာကြည့်တော့။
ဆိုတော့ စာလဲရှည်လှပြီမို့ လိုရင်းဆီ နဲနဲအတိုချုံးပါ့မယ်။

ကျနာ်စာမူခသွားထုတ်၊ ဆရာများဖြစ်တဲ့ ညိုသစ်၊ သန်းအုန်း(မောင်စု) အောင်မော်(သန်းနိုင်)တို့နဲ့တိုက်မှာဆုံ။
ကျနော်တို့ကို နွေးထွေးမှု မျှော်လင့်မှု၊ (ကျနော်တို့က သူတို့အားထားတဲ့ နောက်မျိုးဆက်ညီငယ်တွေဖြစ်လို့မျှော်လင့်မှုဟုဆိုခြင်းဖြစ်) ချစ်ကြည်မှု တွေနဲ့ ထက်ထက်သန်သန်ကြိုဆို။

အလုပ်တွေများမြောင်လှတာမို့(ပြီးတော့ တိုက်အနေအထားအရ ငွေကြေးအသုံးစရိတ်လဲ ကြည့်ကြရပုံရ) ဆရာညိုသစ်နဲ့တိုက်မှာ ရောက်နှင့်နေတဲ့ ကဗျဆရာကြီး ငသိုင်းချောင်းဝံသာတို့နဲ့ လက်ဖက် ရည်ဆိုင်ထိုင်။

အဲဒီ့မှာ သူတို့ပြောတာက ကျနော်တို့ကို (ငယ်ရွယ်ပြီး ပေါက်မြောက်လို့ ဆိုပဲ) ကြိုဆိုတဲ့အကြောင်း၊ (ကလောင်အမည်တခုကို ပမာတခုအနေနဲ့ ပြောလျက်)တချို့ဆို စာမူအပုဒ် ၄၀-၅၀ ဆက်တိုက်ပို့နေတာတောင် အားနာပါးနာနဲ့ရွေးချယ်လို့မရနိုင်အောင်ဖြစ်နေကြောင်း၊ အခု ကျနော်တို့ အုပ်စုက (နေစိမ့်မှအစပြု၍) လက်ကလေးညီပြီး ဇ,လေးတွေ ကိုယ်စီရှိ ကြကြောင်း၊ ဆက်လက်ရေးသားကြိုးစားပေးပို့ကြစေချင်ကြောင်း၊ စာ ရေးဖို့အဓိကလိုအပ်ချက်က ဖတ်ရမယ့်စာတွေ ရှာဖွေဖတ်၊ စုဆောင်း သင့်တာစုဆောင်း၊ ဖတ်မှတ်ပြီး မေးမြန်းသင့်တဲ့လူတွေဆီ မေးမြန်း၊ ခံယူ … စသည်ဖြင့် ပြောကြတာပါ။
ကျနော်တို့ကို အားလဲပေး လမ်းလဲ လမ်းညွန်ကြတာပါ။ ကျနော်တို့လဲ တက်ကြွရွှင်လန်း ပြုံးပျော်လို့ပေါ့။ မျှော်လင့်ချက်တွေ တဝေဝေနဲ့ပေါ့။

ကျနော်ဖြင့် ပုံပြင်တွေ တရားတော်တွေမှာကြားနာနေရတဲ့ သိကြားမင်းနဲ့တွေ့ဆုံရရင်တောင် မလဲဖယ်နိုင်တဲ့အရာပဲလို့ ထင်စားနေမိတာ အခုအထိပါပဲ။

အခု ကျနော် အသက် ၆၀ လွန်တော့လဲ အဲဒီ့အဖြစ် အဲဒီ့နေ့လေးကို ပြန်တွေးမိတိုင်း အသက်တွေ ဘယ်လောက်အိုမင်းရင့် ရော်သွားသွား အမေမိဘနဲ့တွေ့တဲ့အခါ သားတယောက် ငယ်မူငယ်သွေး ငယ်စိတ်တွေ ပေါ်လာသလိုမျိုးပဲ ကိုယ့်စိတ်ကိုယ့်နှလုံးသားတွေဟာ ငယ်နုလန်းဆန်း သွားရတာချည်းပါပဲ။

ဟုတ်တယ်။ အဲဒီ့တုန်းက ခုခေတ်လူငယ်လူရွယ်တွေ ကလေးတွေလို ကိုယ်ရေးချင်တာကို ချရေးလိုက်ဖို့ လူမှုကွန်ယက်တွေမရှိသေးဘူး။ အိပ်မက်အဖြစ်နဲ့တောင် မှုန်မှုန်ဝါးဝါးမရှိသေးဘူး။ မမက်တတ်ကြ သေးဘူးး

ဝန်ခံပါတယ်၊ ကျနော်တို့တုန်းက စာရူးပေရူး ကဗျာနတ်ကလဲ ဝင်ပူးနေ တော့ စျေးအိမ်သာအစ ကျောင်းက အိမ်သာအဆုံး အများသုံး အိမ်သာ တွေမှာ တခြားသော လူမျိုး ၁၀၁ ပါးရဲ့လက်ချက်နဲ့ ပုံတွေစာတွေ ထပ် နေတဲ့ကြားက လပ်နေတဲ့နေရာလေးကိုရှာပြီး ကိုယ့်ကဗျာလေး တကြောင်းတပါဒ ရေးမိတတ်တာမျိုး၊ ကျနော်ဆို စာမေးပွဲကျမယ့် အတူတူ ငါ့စာလေးတကြောင်းတပါဒ တယောက်ယောက်တော့ ဖတ်ဖူး သွားအောင်ဆိုပြီး (စာစစ်သူဆရာဆရာမတယောက်ယောက်ကို မှန်းဆပြီး) ဝတ္ထုလိုလို၊ စာညွန့်လိုလို၊ ခုခေတ်အက်ဆေးလိုလို ထင်ရာမြင်ရာ လျှောက်ရေးမိခဲ့ဖူးတာမျိုးတွေနဲ့။

အော် သတိရပါတယ်အကိုဆရာများခင်ဗျာ။

ကျနော်တို့ခေတ်နဲ့ ဒီနေ့ခေတ် မျဉ်းလေးတကြောင်းဆွဲကြည့်ချင်တာပါ။
စာမူတပုဒ် ဖန်တီးမှု၊ ရွေးချယ်မှု၊ ပုံနှိပ်ခံရမှု၊ ကလောင်တချောင်း ထင်းထင်းမြည်အောင် ဖြစ်ပေါ်လာပုံ …စသဖြင့်။

ညိုသစ်၊ သန်းအုန်း(မောင်စု)၊ သန်းနိုင်..ငါးသိုင်းချောင်းဝံသာ. .. စသဖြင့်။
-
ဧပြီ ၂၂၊ ၂၀၁၉
၂၂:၃၀ နာရီ