Breaking News

လင်းသစ်နီ ● ဆေးရုံနံရံဆီက လျှံထွက်လာတဲ့ အရိပ်


လင်းသစ်နီ ● ဆေးရုံနံရံဆီက လျှံထွက်လာတဲ့ အရိပ်
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၉

မိုးက မရွာ
လေကလည်း မတိုက်

သက်ပျင်းချသံတွေမှာ သက်လုံများကျသွားခဲ့ရင်
မာနဆိုတာ ခွန်အားရှိလား

ကုတင်ခြေရင်းကနေ
တယောက်အပြုံးကို တယောက်စာနာမှုတွေနဲ့ ငေးရတာလည်း
အမည်နာမက မလှပ

ပလပ်စတစ်မီးလောင်သလို အရသာနဲ့
အညှော်နံ့ထွက်နေတဲ့ ဘဝကို
ပျင်းရိနေတဲ့ ပန်းကာအိုတဝီဝီ အသံကြား မေ့ထားရတာ
မျက်လွှာကို အောက်ချထားတဲ့
ပို့ချသော သင်္ခန်းစာ အသွယ်သွယ်ရဲ့
အလွဲလွဲအချော်ချော် အမှုကိစ္စတွေပါပဲ

ပူအိုက်နေတဲ့ ရာသီဥတုထဲ ဇောချွေးတွေက အငွေ့ပျံလို့
စိုးရိမ်စိတ်လေး အဖျားသွေးတိုင်းကြည့်မိတော့
သတိရစရာက ပျောက်ဆုံးသွားတဲ့
မျိုးစိပ်တခုအကြောင်းနဲ့
တရားကို စကားဖွဲ့တယ်

ငေးမိတဲ့ အဝေးနံရံမှာ
စိတ်ကူးရဲ့ ရုပ်လုံးကြွ ရုန်းကန်ခြင်းက
တီးတိုးသံတွေ ပဲ့တင်ပြန်တာ
စိတ်ကိုတင်းတော့
ရင်က အတွင်းကြေ ဒဏ်ရာ စကားပြန်မလာဘူး

လောကဓံတိတ်တဆိတ်က
မှေးစက်ချိန်ရောက်မှ ပျော်ရွှင်စရာကို ပေးတယ်

ကျနော့်မှာ သံဆူးကြိုးခက်ထားတဲ့
လသာဆောင်ဘက် လမ်းထလျှောက်ခဲ့ရတာ
အရိပ်က ဝိညာဉ်တွေလို
တုန် ခါ လို့။    ။

လင်းသစ်နီ