Breaking News

မိုးမင်းသိမ်း ● တပ်ပြုပြင်ပြောင်းလဲရေး (စာအုပ်အညွှန်း)

 မိုးမင်းသိမ်း ● တပ်ပြုပြင်ပြောင်းလဲရေး (စာအုပ်အညွှန်း)
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၉


လှကျော်ဇော
တပ်ပြုပြင်ပြောင်းလဲရေး
ယဉ်မျိုးစာအုပ်တိုက်၊
ပထမအကြိမ်၊ မတ် ၂၀၁၉။
မျက်နှာဖုံး - တင်ထွန်းနိုင်။
၁၃.၂ စင်တီမီတာ x ၂၀.၄ စင်တီမီတာ။
စာမျက်နှာ - ၈၆ ၊ တန်ဖိုး - ကျပ် ၁၅၀၀။

ဗိုလ်မှူးချုပ်ကျော်ဇော ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

၂၀ ဇန်နဝါရီ ၂၀၁၉ ရက်စွဲဖြင့်ရေးသားထားသော စာရေးသူ၏ အမှာစာ ပါရှိသည်။ ၂၂ ဧပြီ ၂၀၁၈ မှ ၃၀ ဒီဇင်ဘာ ၂၀၁၈ အထိ မိုးမခမီဒီယာတွင် ဖော်ပြခဲ့သည့် ဆောင်းပါး ၁၆ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ကျော်ဇော (၁၉၁၉ - ၂၀၁၂) ၏ ဘဝမှတ်တမ်းတချို့ (ဓာတ်ပုံမှတ်တမ်း) ကိုလည်း နောက်ဆက်တွဲအဖြစ် ထည့် သွင်းဖော်ပြထားသည်။

ပါရှိသောဆောင်းပါးတို့မှာ ပြည်သူတွေရဲ့နှလုံးသား ဘယ်မှာရှိတယ်၊ ဖိလစ်ပိုင်ကပေးတဲ့ သင်ခန်းစာ၊ ညီညွတ်ရေး သို့မ ဟုတ် ယုံကြည်မှုတည်ဆောက်ခြင်း၊ ဂျီနီဗာသဘောတူညီချက်၊ စိတ်လှုပ်ရှားဖွယ်သတင်းများ၊ ဗလောင်းဗလဲ ကာချုပ်၊ နှစ်ထပ်ကွမ်း ဆိုးဝါးတဲ့ဘဝ၊ ဗမာ့တပ်မတော်ရဲ့ စိတ်ကြီးဝင်ရောဂါ၊ အတွေးအခေါ်ဟောင်း လုပ်ဟန်ဟောင်းများ၊ အတိတ်သမိုင်းရဲ့အကျဉ်းသား၊ ဦးပိုင်ရဲ့မိခင် (ဘီအီးဒီစီ - ဗမာနိုင်ငံစီးပွား တိုးတက်ရေးကော်ပိုရေးရှင်း)၊ ပြင်သင့်ပြီဖြစ်တဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့စိတ်ဓာတ်၊ တပ်မတော်သမိုင်းအမှန်ပေါ်ရေး၊ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီ အိုင်အေ)၊ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတာ ဘယ်လိုပေါ်လာသလဲ၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲများ စသည်တို့ဖြစ်သည်။

''အခုလို ဗမာပြည်ကြီးရဲ့ အချက်အချာကျတဲ့ အကူးအပြောင်းကာလကြီးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခရာကျပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ လက်သပ်မွေးထားခြင်းခံရတဲ့ စစ်တပ်ဟာ မိမိမတရားရယူထားတဲ့ အခွင့်ထူးခံအမျိုးမျိုးကို စွန့်လွှတ်ပြီး ကျန်တိုင်းရင်းသားပြည်သူများနဲ့အတူ အေးအတူပူအမျှ တသားတည်း ရပ်တည်လာနိုင်မှသာလျှင် ဗမာပြည်ကြီးရဲ့ ရှေ့ရေးဟာ အလားအလာကောင်းမွန်နိုင်မှာပါ။

ဒီအတွက် တပ်မတော်ကြီးကို စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ဟောင်းတွေ၊ လုပ်ဟန်ဟောင်းတွေနဲ့ ကျိန်စာမိနေတဲ့ ဘဝတွေကနေ လွတ်မြောက်လာအောင် ပြည်သူတရပ်လုံး ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်။

ဒီစာအုပ်ဟာ ဒီတာဝန်ကို မနိုင်မနင်း ထမ်းကြည့်တဲ့အဖြစ်ပါပဲ။ လိုအပ်ချက်များရှိရင်လည်း ဝိုင်းဝန်းထောက်ပြကြပါ'' ဟု ''အ မှာစာ'' တွင် စာရေးသူကရေး သားထားသည်။

မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင် အဓိကအခန်းကဏ္ဍ၌တည်ရှိနေသည့် တပ်မတော်အား အပြုသဘောဝေဖန်သုံးသပ်ပြထားသည့် အရေးအသားများဖြစ်ပြီး ဆောင်းပါးတစ်ပုဒ်ချင်းစီ၌ စဉ်းစားဆင်ခြင်ဖွယ်အချက်များ ပါရှိနေပါသည်။

မိုးမင်းသိမ်း
၂၈ ဧပြီ ၂၀၁၉