ကုလသမဂ္ဂ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူဖို့ ဆုံးဖြတ်၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ၇၄ သန်း ထောက်ပံ့ဖို့ ကြေညာ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၃
ကုလသမဂ္ဂ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူဖို့ ဆုံးဖြတ်၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ၇၄ သန်း ထောက်ပံ့ဖို့ ကြေညာ
၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဆက်တာဝန်ယူဖို့ ကုလ ကိုယ်စားပြုမှု အတည်ပြုရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့ အတိုင်း ၂၀၂၃ ခုနှစ်မှာလည်း ဒုတိယအကြိမ်အဖြစ် ဆက်လက် အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ ဒီနေ့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ Credential Committee လို့ခေါ်ဆိုတဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုတက်ရောက်ခွင့်ရှိတဲ့ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပေးတဲ့ ကော်မတီက နိုင်ငံအချို့ရဲ့ အငြင်းပွားစရာ ကိုယ်စားပြု သံအမတ်ခန့်အပ်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပေးခွင့်ရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ စစ်ကောင်စီကို ကိုယ်စားမပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ်နဲ့ ရပ်တည်ခဲ့တာ ခုဆိုရင် ကာလအားဖြင့် ၂ နှစ်ခွဲကျော်၊ ကုလညီလာခံအနေနဲ့ တတိယအကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံခြင်းမပြုတဲ့ သံအမတ်အချို့ နဲ့ သံရုံးဝန်ထမ်းအချို့ ရှိခဲ့ရာမှာ ဦးကျော်မိုးထွန်းဟာ ပထမဆုံး ဆန့်ကျင်ခဲ့တဲ့ သံအမတ်ကြီး ဖြစ်ပြီး အဆိုပါ ဆန့်ကျင်မှုဟာ စစ်ကောင်စီအဖို့ သံတမန်ရေးအရ အထိနာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ မျှော်လင့်မထားတဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး အကြပ်အတည်းနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ တသဘောထဲ ရှိခဲ့တဲ့ အကြောင်းအရာ တရပ်လည်းဖြစ်ခဲ့ပါတယ်။ ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးကို အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က အလွတ်သဘော ဆွေးနွေးသဘောတူခဲ့ကြတယ်လို့ လည်းသတင်းဖေါ်ပြမှုတွေ အရသိရပါတယ်။
စစ်အာဏာသိမ်းပြီးခါစ စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးမှုတွေမှာ အခုလို ကုလသမဂ္ဂ ကိုယ်စားပြုမှုတွေက ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ သို့ပေမယ့် အခုလို ၂ နှစ်ခွဲကျော် ကြာရှည်လာတဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး တိုက်ပွဲမှာတော့ သံတမန်ရေးက သာမည ဆိုတဲ့ သဘောမျိုးလို့ အကဲဖြတ်နိုင်ပြီး ပြည်တွင်းက လက်နက်ကိုင် တိုက်ပွဲနဲ့ စစ်အာဏာရှင် ပြုတ်ကျရေး ဖယ်ရှားရေးက အဓိက အချက်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးခြင်းက လိုအပ်ချက်တရပ်သာဖြစ်ပြီး အဆုံးအဖြတ်ကျတဲ့ အချက် တချက်တော့မဟုတ်တဲ့ သဘောဖြစ်ပါတယ်။
သံတမန်ရေး အရ စစ်ကောင်စီကို တတ်နိုင်သမျှ ဖိအားပေးပြီး နိုင်ငံရေး ဆွေးနွေးမှုစကားဝိုင်း ပေါ်ရောက်လာအောင် ကြိုးစားမယ်ဆိုတဲ့ လမ်းကြောင်းမျိုးကို NUG အနေနဲ့လည်း ကိုင်စွဲမထားဘူးလို့ ယေဘုယျအားဖြင့် ယူဆစရာရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် သံတမန်ရေး အရဖိအားပေးမှုတွေ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ မဝင်ဆံ့အောင် လုပ်ဆောင်ရေးတွေ လုပ်နေဖို့ လိုအပ်တာ မှန်ပေမယ့်လည်း ဒီကြိုးပမ်းမှုတွေရဲ့ ရလဒ်နဲ့ အရှုံးအနိုင် အဆုံးအဖြတ်ကို ရနိုင်မယ့် သဘောမဟုတ်ပဲ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး စစ်ရေး အင်အားစုတွေနဲ့ စည်းလုံးညီညွတ်မှု၊ ရည်မှန်းချက် တခုထည်းအောက်မှာ ကြိုးပမ်းမယ်ဆိုတဲ့ သဘောတူညီမှုမျိုး ရရှိဖို့က ပိုအရေးကြီးတာလည်း ဖြစ်ပါတယ်။
ဒီနေ့ အဖို့နောက်သတင်းအကြောင်းအရာ တရပ်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၆ နှစ်ကျော်ကြာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်နေကြရတဲ့ ရိုဟင်ဂျာ လူမျိုးစုဒုက္ခသည်တွေ အတွက် ဒေါ်လာ ၇၄ သန်း အကူအညီပေးမယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်း လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ၇ သိန်းကနေ ၁ သန်းအကြားရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးဟာ ကြာရှည်လာလေလေ ဖြေရှင်းရခက်ခဲလာသလို လက်ခံထားတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတဲ့ အနေအထားဖြစ်ပါတယ်။ နကိုကတည်းက နေထိုင်စရာ နယ်မြေ ရှားပါးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ လူ ၇ သိန်းကနေ ၁ သန်းနီးပါးကို လက်ခံထားဖို့ရာမှာ အခက်အခဲတွေ အများအပြားရှိပြီး လူဦးရေနဲ့ မမျှတဲ့ အကျယ်အဝန်းမှာ ဒုက္ခသည်တွေ အနေနဲ့ ပြွတ်သိပ်နေထိုင်ကြရတာ ၇ နှစ်ထဲကို ဝင်ရောက်လာခဲ့ပြီး ဒုက္ခသည်တွေရဲ့ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေးကို အမြန်ဖြေရှင်းကြဖို့ အိမ်ရှင်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းမှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ အဖို့လည်း အနာဂတ်မရှိတဲ့ အနေအထားမျိုး၊ အကူအညီကို စောင့်မျှော် အသက်ရှင်နေထိုင်ရတဲ့ အနေအထားမျိုး၊ မိမိတို့ ရဲ့လုပ်အားနဲ့ လုပ်ကိုင်စားသောက်နိုင်ခြင်း မရှိပဲ လူသားဂုဏ်သိက္ခာအရ နိမ့်ကျတဲ့ ခံစားချက်မျိုး ခံစားလာရတာ အနေအထားမှာ ဒီအရေးကိစ္စကို အမြန်ဆုံး ဝိုင်းဝန်းအဖြေရှာဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အစ္စလာမ်မစ်နိုင်ငံတွေ၊ တရုတ်နိုင်ငံ၊ အမေရိကန် တို့ကိုအကူအညီတောင်းခံ လျှက်ရှိတာလည်း ဖြစ်ပါတယ်။
ကမ္ဘာရဲ့ ဟိုနေရာသည်နေရာမှာ ပဋိပက္ခအသစ်တွေ စစ်ပွဲအသစ်တွေ ပေါ်ထွက်လာနေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု လျော့ကျလာတာနဲ့ အမျှ အကူအညီရရှိမှုတွေ လျော့နည်းလာနေရာက ပြီးခဲ့တဲ့ နှစ်နဲ့ ယခုနှစ်မှာ ဒုက္ခသည်တွေကို လစဥ်ပေးအပ်တဲ့ ခွဲတမ်းက သိသာစွာလျော့ကျခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ရခြင်းရဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုရဲ့ လက်သည် တရားခံလည်း ဖြစ်တဲ့ မြန်မာစစ်ကောင်စီ အနေနဲ့တော့ ၄င်းတို့က လက်ခံဖို့ အဆင်သင့်ရှိတယ်လို့သာ ပြောဆိုပေမယ့် နောက်ထပ် အကြမ်းဖက်မှု ဖြစ်ပွားခြင်းမရှိအောင် အာမခံနိုင်တာမျိုး မရှိသလို ၊ မူလနေထိုင်ခဲ့ရာ ကျေးရွာတွေ မှာ ပြန်နေခွင့်ရဖို့၊ ဒိမတိုင်ခင်ကတည်းက ကန့်သတ်ပိတ်ပင်ခံထားရတဲ့ နိုင်ငံသားအခွင့်အရေး ပေးဖို့ဆိုတာတွေကို အာမခံခြင်း မရှိပဲ ပြန်လာဖို့ ဆိုတဲ့ စကားလုံးကိုသာ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ သဘောနဲ့ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ၊ ရခိုင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ အေအေနဲ့ စစ်ကောင်စီတို့ရဲ့ လက်နက်ကိုင် ပဋိပက္ခက မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ရဲ့ အဓိက နိုင်ငံရေး ပြဿနာ ဖြစ်လာပြီးနောက် ရိုဟင်ဂျာ ပြဿနာဟာ ဒုတိယနေရာကို ရောက်ရှိခဲ့ပြီး ဒုက္ခသည် တသန်းနီးပါးရှိတဲ့ အရေးကိစ္စက မြန်မာ့ပြည်တွင်း နိုင်ငံရေးမှာ နောက်ရောက်သွားတဲ့ အကြောင်းအရာ တရပ်သဖွယ် ဖြစ်ခဲ့ပြီး နိုင်ငံတကာ အနေနဲ့လည်း ယူကရိန်းလို ကိစ္စတွေကြောင့် နောက်ရောက်ခဲ့ရတဲ့ လူသားချင်းစာနာမှု ဒုက္ခသည် အရေးတခု ဖြစ်လာနေတဲ့ သဘောဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar