Breaking News

မောင်စွမ်းရည် - မော်စီတုံး၊ မြသန်းတင့်၊ တင်မိုးနဲ့ မုံရွာအောင်ရှင်



မောင်စွမ်းရည် - မော်စီတုံး၊ မြသန်းတင့်၊ တင်မိုးနဲ့ မုံရွာအောင်ရှင်
(မုံရွာအောင်ရှင်သို့ အိတ်ဖွင့်ပေးစာ)
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၉


နယူးယောက်မှာ ကျွန်တော့်ရဲ့ စာရေးစားပွဲ အံဆွဲတခုကို ဆွဲဖွင့်လိုက်တိုင်း ရဲခနဲ ရဲခနဲ ပေါ်လာတတ်တာက မော်စီတုံးရဲ့ ကဗျာ ဘာသာပြန်စာအုပ်ပါ။ မော်စီတုံး ရုပ်ပုံရဲ့ အောက်မှာ ‘မော်စီတုံးရဲ့ ကဗျာများ၊ မောင်စွမ်းရည်၊ NDSP ဆိုတာ ဘာမှန်းမသိ။ အောက်မှာ အလွန်သေးတဲ့ စာလုံးလေး ပါတာကို မျက်မှန်နဲ့ အသေအချာ ဖတ်ကြည့်တော့မှ ‘ငါတို့စာပေ’ တဲ့။ ထုတ်ဝေသူ အမည်ပေါ့။

တခါတော့ ပျင်းပျင်းလည်း ရှိ၊ လွမ်းလည်း လွမ်းမိတာကြောင့် မော် ကဗျာစာအုပ်ကို ဆွဲထုတ်ပြီး ဟိုလှန် ဒီလှန်နဲ့ လွမ်းမိပါတယ်။ ကျွန်တော်တို့ မြန်မာစာပေသမားတွေက မော်စီတုံး စာပေတွေကို အကြောင်းအမျိုးမျိုးနဲ့ ရင်းနှီးကျွမ်းဝင်နေခဲ့ကြတာကို တွေးနေမိပါတယ်။ ကျွန်တော့် ဦးလေးတွေက နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေ။ ဒါကြောင့် အာရှတိုက်က တော်လှန်ရေးသမားကြီး မော်စီတုံး စာအုပ်ရယ်လို့ ကျွန်တော် စဖတ်ဖူးတာကို ပြောပြရင် စာဖတ်သူများ အံ့ဩကြမလား မသိပါ။ ဗမာပြည် လွတ်လပ်ရေးမရခင် ခေတ်၊ ကျွန်တော် စာဖတ်တတ်ခါစ မူလတန်းကျောင်းသားဘဝက ဖြစ်ပါတယ်။ ဖတ်ဖူးတဲ့ စာအုပ်တွေကတော့ ‘ပြောက်ကျားစစ်’ နဲ့ ‘မော်စီတုံး၏ လက်တွေ့ ဒီမိုကရေစီသစ်’တို့ ဖြစ်ပါတယ်။ တော်လှန်ရေး လက်စွဲကျမ်းတွေပါ။

‘ပြောက်ကျားစစ်’ ဆိုတာကလည်း ဝေါဟာရအသစ်။ ‘ဒီမိုကရေစီသစ်’ ဆိုတာကလည်း ဝေါဟာရအသစ်ပါ။ ဒီကြားထဲမှာမှ သူ့ဒီမိုကရေစီက ‘အသစ်’တဲ့။ ဒီမိုကရေစီ ဆိုတာ ဘာမှန်း မသိရတဲ့အထဲ သူက ‘အသစ်’နဲ့ ‘အဟောင်း’ရယ်လို့ ရှိသေးသတဲ့။ ဒုက္ခ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စာအုပ်အဖြစ် ကိုယ်နဲ့မကွာ သိမ်းပိုက်ထားတဲ့ စာအုပ်တွေထဲမှာ ငယ်ပေါင်းကြီးဖော်များအဖြစ် ဒီစာအုပ်နှစ်အုပ်ကလည်း ပါနေပါတယ်။

တော်လှန်ရေးမှာ ကျဆုံး ကွယ်လွန်သူ ဦးလေးနှစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်နေခဲ့လို့များလား မသိပါ။ ဒီစာအုပ်ကလေးတွေက ဦးလေးတွေရဲ့ စာအုပ်ကလေးတွေပါ။ ခုမှ တွေးမိတာက ဒီစာအုပ်ကလေးတွေဟာ ဦးလေးရဲ့ ဧည့်သည်၊ ဒါမှမဟုတ် အဖေ့ရဲ့ ဧည့်သည် နိုင်ငံရေးသမားတွေ မေ့ခဲ့၊ ထားခဲ့တဲ့ စာအုပ်ကလေးတွေလား မသိပါ။ ဖက်ဆစ်တော်လှန်ရေး၊ ပြောက်ကျားစစ် ဆင်နွှဲရာမှာ ဒီစာအုပ်ကလေးတွေကို လက်စွဲပြုခဲ့ကြတယ်လို့လည်း ကြားဖူးပါရဲ့။

သိပ်မကြာမီ တဆက်တည်းပဲ ထင်ပါရဲ့။ ဒီစာအုပ်ကလေးတွေ ပေါ်ပေါက်လာပြီး တာရာမဂ္ဂဇင်း ဆိုတာလည်း ပေါ်လာခဲ့ပါတယ်။ ရှုမဝ၊ သွေးသောက်လို မဂ္ဂဇင်းအရွယ်နဲ့တော့ မတူ။ တာရာက သေးတယ်။ အဲဒီ တာရာမဂ္ဂဇင်းတခုထဲမှာ မော်စီတုံးရဲ့ ‘နှင်း’ကဗျာကို ဖတ်ရတယ်။ ပြောက်ကျားစစ်ခေါင်းဆောင် မော်စီတုံးနဲ့ ‘နှင်း’ကဗျာကို ရေးဖွဲ့သူ မော်စီတုံးတို့ဟာ အတူတူပဲ ဆိုသကိုး။ ဪ… အာရှမှာ တော်လှန်ရေးသမားဟာ ကဗျာရေးသမားတွေလည်း ဖြစ်ကြပေသကိုး။ မော်စီတုံး၊ ဟိုချီမင်း..စသည်။

မော်စီတုံးရဲ့ ‘ပြောက်ကျားစစ်’ စတဲ့ စာအုပ်တွေ အပါအဝင် မော် စာပေပေါင်းချုပ်တွေပါ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပေါပေါလောလော ထုတ်ဝေ ဖြန့်ချိတဲ့ ကာလတခု ရှိခဲ့ဖူးလို့ မော် စာအုပ်ဟူသမျှ မဖတ်ဖူးတာ မရှိသလောက်ပါပဲ။ ကျွန်တော်လည်း မော် ကဗျာတွေကို မြန်မာပြည်မှာ အင်္ဂလိပ်လို ထုတ်ဝေဖြန့်ချိသမျှ စာနယ်ဇင်းတွေထဲကနေပြီး ဖြတ်ယူ၊ ဖြုတ်ယူ စုဆောင်းခဲ့ဖူးပါတယ်။ နောက်မှ မော် ကဗျာပေါင်းချုပ် ထွက်လာပါတယ်။ ဂျေရုန်းချန်းတို့လို မော် အတ္ထုပ္ပတ္တိစာအုပ် ရေးသူတွေနဲ့ တရုတ် တော်လှန်ရေးအကြောင်း ရေးသူတွေကလည်း မော် ကဗျာတွေကို အပြည့်အစုံ ထည့်သွင်း ဖော်ပြလာကြပါတယ်။ မော် ကိုယ်တိုင်ရော၊ မော်နဲ့ ရင်းနှီးကျွမ်းဝင်သူတွေကရော မော် ကဗျာတချို့ကို အမှတ်တရ ဖွင့်ဆို ရေးသားကြတာတွေလည်း ရှိလာတဲ့အခါ ကျွန်တော်တို့လည်း ကိုအောင်ရှင်တို့လိုပဲ ကောက်သင်းကောက်သလို လိုက်လံ စုဆောင်းပါတယ်။

ကိုကိုးကျွန်းကပြန်၊ ထောင်က ထွက်လာတဲ့ ဆရာမြကကတော့ ‘မော်’စာအုပ်ဟူသမျှရော၊ ကမ္ဘာပေါ် ရှိရှိသမျှ တော်လှန်စာပေဟူသမျှရော လက်လှမ်းမီသမျှ ရှာဖတ်၊ မှာဖတ်ပါတယ်။ စာပေတာဝန်တရပ်အနေနဲ့ရော၊ အသက်မွေးဝမ်းကျောင်းအနေနဲ့ရော ဘာသာပြန်ရတာကလည်း မနားတမ်းပါပဲ။ ကဗျာတွေကိုတော့ ကဗျာဆရာတွေကပဲ ဘာသာပြန်စေချင်တာက ဆရာမြရဲ့ ဆန္ဒပါ။ အထူးသဖြင့် သူနဲ့ အတွေ့အကြုံ၊ အဆုံများတဲ့ တင်မိုးနဲ့ မောင်စွမ်းရည်တို့ကို ဘာသာပြန်စေချင်ပါတယ်။ တင်မိုးကို တိုက်တွန်းလို့ ဘယ်လိုမှ မရတော့မှ မောင်စွမ်းရည်လက်ကို အပ်ပါတယ်။ (သူကိုယ်တိုင်လည်း ပြန်ဆိုပါတယ်။)

မောင်စွမ်းရည်က ဟိုချီမင်း ကဗျာကို ဘာသာပြန်ဖူးလက်စ ရှိပါတယ်။ အမေ လူထုဒေါ်အမာ သားအမိ (ဖိုးသံချောင်းနဲ့အတူ) ဟိုချီမင်း ကဗျာစာအုပ်ကို မောင်စွမ်းရည်ရဲ့ လက်ထဲ အရောက်ပို့ပြီး တာဝန်ပေးသလို ခိုင်းခဲ့တာပါ။ အမေ လူထုဒေါ်အမာ ဆိုတာက ဗမာပြည်ကို အာရှတိုက်ရဲ့ တော်လှန်ရေး ခေါင်းဆောင် ဟိုချီမင်းရဲ့ အတ္ထုပ္ပတ္တိ ပြုစုထုတ်ဝေပြီး ဗမာပြည်သူတွေနဲ့ ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ (စပ်မိတုန်း ပြောပါရစေ။ အမေ လူထုဒေါ်အမာရဲ့ ‘ဟိုချီမင်း’နဲ့ ‘သက်တံရောင်’တို့ကို ခုအခါ နိုင်ငံရေး ရာသီဥတုလေး အတန်အသင့် သာယာခိုက် ပြန်ထုတ်ဖို့ကောင်းပါတယ်။) အမေ လူထုဒေါ်အမာလို ပုဂ္ဂိုလ်က တာဝန်ပေးလာတော့ ကျွန်တော် မငြင်းရဲပါ။ ဖတ်ကြည့်တော့ စာအုပ်အမည်ကိုက ‘ထောင်တွင်း နေ့စဉ်မှတ်တမ်း’ တဲ့။ အကျဉ်းထောင် ဒိုင်ယာရီ။ နေ့စဉ်မှတ်တမ်းလို ရေးထားတဲ့ ကဗျာတိုလေးတွေ ဆိုတော့ ဘာသာပြန်ရတာ လွယ်သလိုပါပဲ။ ဘာသာပြန်ပြီးတော့ တင်မိုးက ထုတ်လိုက်ပါတယ်။

တကယ်တော့ နိုင်ငံခြားကဗျာကို ဘာသာပြန်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ ဗမာပြည်လို အင်္ဂလိပ်စာပေ အဖတ်နည်းတဲ့ မြန်မာစာဖတ်ပရိသတ်အတွက်လည်း ကဗျာ ဘာသာပြန်တာက အလွန်လိုအပ်ပါတယ်။ မောင်သာနိုးလို နှစ်ဘာသာ ကျွမ်းမှ ဘာသာပြန်သင့်တာပါ။ မောင်သာနိုး ဘာသာပြန်ထားတဲ့ ‘ထင်းရှူးပင်ရိပ်’ နဲ့ ‘မိုးမခပင်ရိပ်’လို စာအုပ်ထဲက ကဗျာရှည်ကြီးတွေလိုဟာမျိုးတွေတော့ ကျွန်တော် လက်တည့်တောင် မစမ်းဖူးပါ။ လွယ်တယ် ထင်ဖူးတဲ့ ‘ရောဘတ်ဖရော့’ရဲ့ ကဗျာတွေတောင် ဘာသာမပြန်ဖူးခဲ့ပါ။ တင်မိုးနဲ့ မောင်စွမ်းရည်ကို ဘာသာပြန်ခိုင်းလို့ မရတဲ့အတွက် ဆရာမြက တချို့ကို သူကိုယ်တိုင် ထပြန်ခဲ့ရတာပါ။

တကယ်တော့ မြန်မာစာရေးဆရာကြီးတွေဟာ ကဗျာကိုပဲ စတင်ရေးသား လေ့ကျင့်ခဲ့ကြတာ များပါတယ်။ ဆရာမြ ဘာသာပြန်တော့လည်း ကောင်းတာပါပဲ။ မောင်သာနိုးကတော့ နှစ်ဘာသာ ကျွမ်းတဲ့အပြင် သူကိုယ်တိုင်ကလည်း ကဗျာဆရာပါ။ မောင်သိင်္ဂါတဲ့။ ကဗျာစာအုပ် သီးခြားထုတ်ဖြစ်လို့သာပါ။ သူ့ဘာသာပြန်တွေကတော့ ကဗျာဆရာတွေရဲ့ လက်စွဲကျမ်းတွေပေါ့။

မော် ကဗျာတွေ ကျွန်တော်တို့ လက်ထဲ ရောက်စတုန်းက တင်မိုးနဲ့ ကျွန်တော် တဝက်စီ ဘာသာပြန်ကြမယ်လို့လည်း သဘောတူထားခဲ့ကြပါတယ်။ ဒါပေမဲ့ တင်မိုးက တပုဒ်မှ စမ်းသပ်ပြီးတော့တောင် ဘာသာမပြန်ကြည့်ခဲ့ပါ။ ‘ပေးရှင့်စထရောင်း’ ရဲ့ စာမျိုးတွေကိုလည်း ကြိုက်ပြန်တယ် ဆိုပြီး ဆယ့်နှစ်ရာသီ စာညွန့်တွေတောင် အတုယူ ရေးထုတ်လိုက်သေး။ ထားပါတော့။

ဒီလိုနဲ့ မော် ကဗျာတွေ ကျွန်တော့်လက်ကို ရောက်လာခဲ့ပေမယ့် အစတော့ အေးစက်စက်ပါပဲ။ တခါတော့ မုံရွာအောင်ရှင်နဲ့ ကျွန်တော် ဆရာမြ အိမ်မှာ ဆုံကြတယ်။ ဆရာမြကလည်း ကျွန်းက ပြန်လာခါစ။ အလုပ်တွေကလည်း အလွန်ရှုပ်နေရှာတာ။ မုံရွာအောင်ရှင်က မော် ကဗျာပေါင်းချုပ် ရလာတာကို ဆရာမြက ဘာသာပြန်ဖို့ လာပေးတာပါ။ ဆရာမြက ကျွန့်တော့်လက်ကိုပဲ အပ်လိုက်ပြန်ပါတယ်။ ဒီတခါတော့ တလေးတစား ခိုင်းတာမို့ တလေးတစား လုပ်ရတော့မယ့် သဘောပေါ့။ အရင်တခါတုန်းကလည်း ‘တလေးတစား’ပါပဲ။ ဒါပေမဲ့ ကြုံကြိုက်တဲ့ သဘောလည်း ပါရှိပါတယ်။ တင်မိုးနဲ့ ကျွန်တော် နှစ်ယောက်စပ်တူ လုပ်ဖို့ ပေးခဲ့တာပါ။ ခုအခါမှာတော့ အရင်က ပြောလက်စကို ထပ်ပြောလာလို့ ကျွန်တော့်အနေနဲ့ အေးနေလို့ မရတော့ဘဲ ချက်ချင်း ဘာသာပြန်ရတော့တာပါ။ တရုတ်ဘာသာကျွမ်းသူတွေ အမျိုးမျိုးနဲ့လည်း တွေ့ရ ဆုံရ၊ ပြောရ ဆိုရတာပေါ့။ အင်္ဂလိပ်စာကျွမ်းသူ၊ ကဗျာကျွမ်းသူ၊ တရုတ်သမိုင်းကျွမ်းသူ။ ကျွမ်းကျင်သူ အမျိုးမျိုးနဲ့ တွေ့ရ ဆုံရ၊ နှီးနှောတိုင်ပင်ရပါတယ်။

ဘာသာပြန်လို့ ပြီးပါပြီ။ ကြိုးစားပမ်းစား ဘာသာပြန်ရပေမယ့် ခေတ်အစိုးရ၊ စစ်အစိုးရက အစိုးမရပြန်တော့ လက်ထဲမှာ သောင်တင်နေပါတယ်။ သူငယ်ချင်း ပေါ်ဦးသက် ဆွဲပေးထားတဲ့ မျက်နှာဖုံးကလည်း ထုတ်ဝေသူတွေ လက်ပြောင်းပြီး ပျောက်ပျက်ခဲ့ပါတယ်။ မေးတော့လည်း ပြီးစလွယ်ပဲ။ ခုတောင် စာမူတထုပ် ထုတ်ဝေသူတွေ လက်ထဲက ပျောက်သွားတော့ ဘာမှ တာဝန်ယူမှု မရှိပါဘူး။ ပြန်ရေးလို့လည်း မရနိုင်တဲ့ ‘စာတမ်း’တွေ ပျောက်သွားခဲ့တာပါ။ တော်သေးတယ်၊ မော် ကဗျာက အဖုံးပဲ ပျောက်သွားခဲ့တာပါ။ ဒီလိုနဲ့ ကျွန်တော်လည်း ပြည်ပကို လွင့်လာခဲ့တော့ မော် ကဗျာတွေက ဘယ်က ဘယ်လို မသိ။ ကြားညပ်ပါလာခဲ့ပါတယ်။

ကံအားလျော်စွာပဲ NDPS ဆိုတဲ့ တူတော်မောင် မြေမှုန်လွင်က အိုင်အိုဝါ စာပေရေးသားမှု အစီအစဉ်ပွဲကို ဖိတ်ကြားခံရတယ်။ နယူးယောက်ကို ဝင်လာပြီး ကျွန်တော့်ဆီမှာ ဘာစာအုပ် ထုတ်ဝေစရာ ရှိသလဲ။ အဟောင်းပဲဖြစ်ဖြစ် ယူသွားမယ် ဆိုပြီး တောင်းပါတယ်။ စာအုပ်စင်မှာ ဟိုဆွဲ ဒီဆွဲနဲ့ ဆွဲရင်းက မော် ကဗျာ ဘာသာပြန် စာမူထုပ်ကို တွေ့ပြီး သူ ယူသွားခဲ့တာပါပဲ။ ကျွန်တော်လည်း ဗမာပြည် ပြန်ခွင့်ရပြီမို့ ပြန်တာနဲ့ ကြုံတယ်။ မော် ကဗျာစာအုပ် ထုတ်မယ်ဆိုတော့ ဆရာမြနဲ့ မုံရွာအောင်ရှင်ကိုပဲ ပြေးပြီး သတိရမိတယ်။ ဒီစာအုပ်ကလေးကို ကိုအောင်ရှင်က ဘာသာပြန်ခိုင်းခဲ့တာ။ သူ့ကျေးဇူး သူ့မေတ္တာပါတယ် မဟုတ်လား။ ဒါကြောင့် သူ့ဆီက အမှာစာ တောင်းပါတယ်။

ကိုယ်တော်ချောက မော်စီတုံးအကြောင်းပဲ ရေးပေးလိုက်ပါတယ်။ ကျွန်တော် လိုချင်တာက သူ့အကြောင်း။ အထူးသဖြင့် သူနဲ့ ဆရာမြတို့က ကျွန်တော့်ကို ‘အလုပ်အပ်’တဲ့ အကြောင်းကို ရေးစေချင်တာပါ။ ဆရာမြ အကြောင်းဆိုရင် လုံးဝ ပါမလာဘူး။

လွမ်းခန်းဇာတ်လမ်းရဲ့ အထွတ်အထိပ်က ပျောက်နေတော့တာပေါ့။ ဒါကြောင့် ဣတိတသဟာ- ထို့ကြောင့်။ မော် ကဗျာစာအုပ်ကို ကိုင်လိုက်တိုင်း သူတို့ကို သတိရမိတာပေါ့။

တရုတ်စာပေတွေ၊ ကွန်မြူနစ် သမိုင်းစာအုပ်တွေ ဘာသာပြန်လေ့ရှိတဲ့ ဆရာကြီး မြသန်းတင့်၊ တင်မိုးနဲ့အတူ ဝဂ္ဂီရပ်ကွက်ရှိ ကျွန်တော့်အိမ်အထိ လာပြီး မော် ကဗျာအကြောင်း ဆွေးနွေးတတ်တဲ့ ဆရာမြသန်းတင့်။ မော် ကဗျာ အပြည့်အစုံပါတဲ့ စာအုပ်ကို ပေးလာတဲ့ မုံရွာအောင်ရှင်။ မော် ကဗျာ ဘာသာပြန်ပြီးတော့မှ ဖတ်တော့မယ်လို့ ပြောလေ့ရှိတဲ့ တင်မိုး။

ဒါတွေဟာ အရိပ်တွေလို မျက်စိရှေ့မှာ ထင်လာ မြင်လာလေ့ရှိပါတယ်။

ဆရာမြလည်း မရှိတော့.
ဆရာဘ(ဘဂျမ်း)လည်း မရှိတော့.
နှုတ်ဆက်စကား ပြောပြီး လွမ်းရမယ့်သူ မုံရွာအောင်ရှင်ပဲ ရှိပါတော့တယ်။

ကိုအောင်ရှင်ရေ… ၂၀၁၉ နှစ်ဦးထဲမှာ လာခဲ့ဦးမယ်။ ဆုံကြရအောင်။
‘မော်’ကဗျာ ဘာသာပြန်စာအုပ် ဖြစ်လာပုံ အကြောင်းလေးတွေ ပြန်ပြောပါဦး။ ဆောင်းပါး ရေးပါ။
ကျန်းမာ ရွှင်လန်းစွာနဲ့ စာတွေ အများကြီး ရေးနိုင်ပါစေ။

ကျွန်တော် မောင်စွမ်းရည်ပါ။
၂၀၁၈၊ ဒီဇင်ဘာ ၁၇
နယူးယောက်