Breaking News

အောင်ဇင်မင်း - ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးသာ ပေး ပေးကြပါ




အောင်ဇင်မင်း - ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးသာ ပေး ပေးကြပါ

(မိုးမခမဂ္ဂဇင်း ၊ ဇန်-မတ်၊ ၂၀၁၉ ထုတ်)
မိုးမခ၊ ဧပြီ ၃၀၊ ၂၀၁၉


(ရန်ကုန် ရန်ကွင်း ရပ်ကွက်လေးနှင့် ကလေးဘဝအောက်မေ့မှု)

ကုန်ဆုံးသွားခဲ့ရာလွန်စွာသော
ငါးဆယ့်ခွန်(၁၉၆၂)
အဲသလို တဆယ့်ခြောက်နှစ်သားကာလ
သူ့ညီမလေးကတော့
လေးကြောင်းမျဉ်းလက်ရေးလှမှ
နှစ်ကြောင်းမျဉ်းဗလာစာအုပ်ဆီသို့
က အက္ခရာအစ အ အက္ခရာအဆုံး
ခနော်ခနဲ့ အကြိမ်ကြိမ်ဖွဲ့ တဗိုင်းဗိုင်း ချော်လဲရချိန်များ။

ဟိတ် မငယ် မာန်ကြီးရဲ့ ငါကွဲ့
ဒိုင်ယာရီရေးတတ်ခါသော်စ
(ခြုံတော့မတိုး ပုန်းလျှိူးကွယ်လျှိူး အဆိုးတွေကြား)
ချိုးဖြူပိုက်လုံးကြီးဘေး
သံလမ်းထက်ဆီမှာ ထရော်လီစီးဖူးတဲ့အကြောင်း
လူငယ်ဘာဝ ရက်စွဲများနှင့်ရှုခင်းဟောင်း။

အဲသမှာ နေ့နှင့်ည (နေ့ကြမ်းကြမ်း ည ရမ်းရမ်း)
ချိုးဖြူပိုက်လုံးကြီးရေ
သံချပ်ကာကားအဟောင်းကြီး
ခင်ဗျားနံဘေး မြေစိုင်ဝဲထဲ ကျွံလို့ဗျနော်
ပေါက်ကွဲခဲ့အပြီး
ဗုံးအဟောင်းကြီးတစ်လုံးကလည်း
ရွှံ့နွံ့အိုင်ထဲ ဗုန်းဗုန်းလဲလို့
မီးဟုန်းဟုန်းတောက်လောင်ကျွမ်းခဲ့ရာ
ဒုတိယကမ္ဘာစစ်ရိုင်းလှိုင်းထန်ခဲ့ရာ
ရှင်လျက်နှင့် သေဆုံးခဲ့ရာခုနှစ်များ။

ဒို့အဘိုး ဒို့အဘွား ဒို့အဖေ ဒို့အမေ
ဟိုး ပဝေရှေးရှေး
ရှေးတရောအခါတုန်းကတည်းက
ငါရေးသီရာ
စာမျက်နှာလေးတွေဆီမှာလည်းပဲ ...

“ ချိုးဖြူပိုက်လုံးကြီးနံဘေးသံလမ်းထက်
ထရော်လီသွားစီးစဉ်အခိုက်
လူမိုက်ခေါင်းဖိုးထောင်နှင့်တွေ့
အနိုင်ကျင်ခံရ(ရင်နင့်နင့်ပဲ)
အိမ်အနီးအနားက
ဗလကြီး(ခင်မောင်လွင်ရောကြီး) ကိုအကြောင်းပြု
ဖိုးထောင်နှင့် ပြန်တွေ့
နောင်များမတော့ မဖြစ်စေရပြီပေါ့
ဗလကြီး ရှေ့မှာနော့ ကျိုးကျိုးနွံနွံ”

“ နောက်နေ့ နောက်လ နောက်နှစ်များတိုင်ထိ
လူဆိုးများခေါင်းဖိုးထောင်ကလည်း
မိုက်မြဲမိုက်ဘိ
ရပ်ကွက်သား
ကျွန်တော်တို့ခမျာမှာလည်း ရိုက်မြဲရိုက်ခံရ၏”

တကယ့်အဖြစ်အပျက်လေး
ဝေး ငယ်ငယ်တုန်းအခါတပါးဆီက
ဒိုင်ယာရီစာမျက်နှာအထက်ဆီက
အရွယ်ရလာတော့ (အလွှာ နှစ်ခု၏စပ်ကြားမှာ)
ကဗျာခေါင်းစဉ်နဲ့
'ခွေးသည် အိပ်ငိုက်
အိမ်စေရှိုက်လျှင်
လူကိုက်နေကြောင်း သိနိုင်သည်'
(၁၅၊ ၁၊ ၁၉၆၉ အိုးဝေဂျာနယ်)

ကဗျာတပုဒ်ကိုလား
ရေးသွားရေးထားနိုင်ခဲ့ရာ
ချိုးဖြူပိုက်လုံးကြီးကို
အခုထက်တိုင် သက်သေမိုင်တိုင်စိုက်
မြန်မာသဒ္ဒါစာအုပ်ထဲမတော့
၌ မှာ တွင် ဝယ် ဆိုတာ ဆိုက်ရောက်ရာပုဒ်နော့။

ကျွန်တော့မြေးလေးတွေကိုပေါ့
ငြိမ်းချမ်းသောနိုင်ငံတော်ကိုသာပဲ
လက်ဆောင်ပေးချင်မိတော့သနဲ့
(အချိန်များသည်
ဘဝနှင့် ခေတ်နှင့် စပ်လျဉ်းရာသော်ဝ်)
ဒီကဗျာကို ဒီလိုသာပဲ ဆုံးလိုက်ချင်တော့ပြီ
စစ်ကိုမလို စစ်ကိုမလိုပြီ
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးသာ ပေး ပေးကြပါ။ ။

၄၊ ဇန်နဝါရီ၊ ၂၀၁၉