Breaking News

မာန်သီဟထွန်း – ဆေပီယန်စ် (၂၀) – ကိုးကွယ်ယုံကြည်မှု ဇစ်မြစ် လူမှုအပြုအမူ



မာန်သီဟထွန်း – ဆေပီယန်စ် (၂၀) – ကိုးကွယ်ယုံကြည်မှု ဇစ်မြစ် လူမှုအပြုအမူ

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၉
စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် - ၂၀

( ကျွန်တော်တို့ ဆေပီယန်စ်တွေရဲ့ ကိုးကွယ်ယုံကြည်မှု မူလဇစ်မြစ်တွေ၊ လူမှုအပြုအမူတွေနဲ့ပတ်သက်ပြီး .. စိတ်မသက်သာစရာ..အံ့သြစရာ..စိတ်ဝင်စားစရာတွေနဲ့ ဖတ်ရမှာပါ။)

ပါရာဂွေးနိုင်ငံက တောတောင်တွေထဲမှာ ၁၉၆၀ ဝန်းကျင်အထိ နေထိုင်ခဲ့ကြတဲ့ အမဲလိုက်ရှာဖွေစားသောက်သူ အာချေလူမျိုးတွေဆီကနေ ရှာဖွေစားသောက်သူတို့ရဲ့ ဘဝအမှောင်ခြမ်းကို လေ့လာနိုင်ပါတယ်။ တန်ဖိုးထားရတဲ့ မျိုးနွယ်စုအဖွဲ့ဝင်တစ်ယောက် ဆုံးပါးသွားတဲ့အခါ အာချေလူမျိုးတွေဟာ ထုံးတမ်းအဖြစ် ကလေးငယ်မလေးတစ်ယောက်ကိုသတ်ပြီး သူတို့ကိုအတူတူ မြှပ်နှံကြတယ်။ မနုဿဗေဒပညာရှင်တွေက မေးမြန်းတုန်းကလည်း သက်ကြီးပိုင်းလူတစ်ယောက် နေမကောင်းဖြစ်ပြီး ကျန်တဲ့လူတွေနဲ့တူ လိုက်မပါနိုင်တော့တာကြောင့် သူ့ကို အာချေလူမျိုးတွေက အုပ်စုကနေစွန့်ပစ်ချန်ထားခဲ့တာမျိုး မှတ်တမ်းတင်ထားတာရှိပါတယ်။ အဲဒီလူကို သစ်ပင်တစ်ပင်အောက်မှာ ပစ်ထားခဲ့ကြတာ။ လင်းတတွေကလည်း သူ့ခေါင်းပေါ်ပျံဝဲပြီး စားပွဲသောက်ပွဲကြီးကျင်းပဖို့ စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလူ ပြန်သက်သာလာလို့ အမြန်နောက်ကနေလျှောက်လိုက်လာပြီး မျိုးနွယ်စုအုပ်စုထဲ ပြန်ပါဝင်နိုင်ခဲ့တယ်။ ကိုယ်ခန္ဓာတစ်ခုလုံး ငှက်မစင်တွေနဲ့ ပေကျံနေခဲ့တဲ့အတွက် သူ့ကို “လင်းတမစင်” ဟု နာမည်ပြောင်ပေးခဲ့ကြပါတယ်။

အာချေ အဘွားအိုတစ်ယောက် အုပ်စုအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အခါ ငယ်ရွယ်တဲ့ ယောက်ျားသား တစ်ယောက်ယောက်က သူမနောက်ကို တိတ်တဆိတ်ချဉ်ကပ်ပြီး ခေါင်းကို ပုဆိန်နဲ့ရိုက်သတ်လေ့ရှိပါတယ်။ အာချေယောက်ျားတစ်ယောက်ကို မနုဿဗေဒ ပညာရှင်တွေက စပ်စုမေးမြန်းတုန်းက သူငယ်ရွယ်တက်ကြွချိန်က တောထဲမှာနေခဲ့တဲ့အကြောင်းတွေ ပြောပြတော့

“ငါက အသက်ကြီးတဲ့အမျိုးသမီးတွေကို ထုံးစံအဖြစ် သတ်တယ်။ ငါ့ ဒေါ်လေးတွေလည်း တစ်ခါတစ်လေ သတ်တာပဲ။ အမျိုးသမီးတွေကတော့ ငါ့ကို ကြောက်ကြတာပဲ။ အခုလို လူဖြူတွေနဲ့နေရတော့ ငါ ပျော့ညံ့လာတယ်”

ဆံပင်မွှေးမပါဘဲမွေးလာတဲ့ ကလေးငယ်တွေကို မဖွံ့ဖြိုးသူတွေလို့ သတ်မှတ်ပြီး မွေးမွေးချင်း အဆုံးစီရင်ကြပါတယ်။ အာချေမိန်းမတစ်ယောက် ပြန်ပြောပြတာကလည်း အုပ်စုအတွင်းယောကျ်ားတွေက နောက်ထပ်မိန်းကလေးတစ်ယောက် မလိုချင်ကြတာကြောင့် သူ့ရဲ့ ပထမသမီးဦးလေးကို သတ်လိုက်ကြတယ်။ တစ်ခါမှာဆို လူကြီးတစ်ယောက်က သူဒေါသထွက်နေတဲ့အချိန် ဘေးနားမှာကလေးလေးတစ်ယောက် အော်ငိုနေတာကြောင့် အဲဒီကလေးကို သတ်ခဲ့တယ်။ တခြားကလေးတစ်ယောက်ဆိုလည်း အရှင်လတ်လတ် မြေမြှပ်ခံလိုက်ရပါတယ်။ ဘာကြောင်းလည်းဆိုတော့ အဲဒီကလေးမြေမြုပ်ခံရလို့ ဖြစ်ပျက်တဲ့ပုံစံကရယ်စရာကောင်းပြီး တခြားကလေးတွေကလည်း အဲဒါကိုဝိုင်းသဘောကျ ရယ်မောနေခဲ့ကြလို့ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာချေလူမျိုးတွေကို အဆောတလျင်အပြစ်မမြင်မိဖို့ ကျွန်တော်တို့ သတိထားရမှာပါ။ သူတို့နဲ့ နှစ်ပေါင်းများစွာအတူနေခဲ့တဲ့ မနုဿဗေဒပညာရှင်တွေပြောတာကတော့ သူတို့မှာ အရွယ်ရောက်ပြီးလူနှစ်ဦးကြား အချင်းများခိုက်ရန်ဖြစ်တယ်ဆိုတာ အလွန်ရှားပါတယ်။ ယောကျ်ား၊ မိန်းမ နှစ်ဦးစလုံးပဲ သူတို့အိမ်ထောင်ဘက်ကို ကိုယ်သဘောကျ လွတ်လပ်စွာပြောင်းလဲနိုင်တယ်။ အာချေလူမျိုးတွေဟာ အချိန်ပြည့် ပြုံးရွှင်၊ ရယ်မောကြပြီး အထက်အောက် ခေါင်းဆောင်မှုမျိုးလည်း မရှိပါဘူး။ ဒါ့အပြင် အများအားဖြင့် လူတွေအပေါ် ကြီးစိုးချယ်လှယ်တာကို ရှောင်ကြဉ်ကြတယ်။ သူတို့ပိုင်ဆိုင်တဲ့ အနည်းငယ်ပဲရှိတဲ့ပစ္စည်းတွေကိုလည်း သူတို့ဟာ အလွန်တရာ ရက်ရောပြီး အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုကိုလည်း မမက်မောကြပါဘူး။ ဘဝမှာ သူတို့တန်ဖိုးအထားဆုံးအရာက ကောင်းမွန်တဲ့ အပြန်အလှန်ဆက်ဆံရေး နှင့် စစ်မှန်တဲ့သူငယ်ချင်းရင်းနှီးမှုတွေပဲ ဖြစ်တယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်သူတွေကို သူတို့ သတ်တာကို ရှုမြင်ပုံဟာ အခုခေတ် ကျွန်တော်တို့တွေ ကိုယ်ဝန်ဖျက်ချတာ၊ သနားသတ် သတ်တာတွေကို ရှုမြင်သလိုပဲ ဖြစ်ပါတယ်။

သိထားသင့်တာကလည်း တောတွင်းနေအာချေလူမျိုးတွေဟာ ပါရာဂွေးတောင်သူလယ်သမားတွေရဲ့ အမဲလိုက်သလိုလိုက်ပြီး ညှာတာမှုကင်းမဲ့စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ သူတို့ရဲ့ရန်သူတွေကို ရှောင်ရှားဖို့လိုအပ်တာက အုပ်စုအတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တဲ့ဘယ်သူကိုမဆို အထူးကြမ်းတမ်းရက်စက်တဲ့ စိတ်ထားမျိုး အာချေလူမျိုးတွေကို ဖြစ်စေခဲ့နိုင်ပါတယ်။

အမှန်ကိုပြောရမယ်ဆိုရင် အာချေလူမျိုးတွေရဲ့ အသိုင်းအဝိုင်းဟာ တခြားလူ့အသိုင်းအဝိုင်းအားလုံးလိုပဲ အလွန်ရှုပ်ထွေးပါတယ်။ ဒါကို အပေါ်ယံသာသိနားလည်တဲ့အပေါ် အခြေခံပြီး သူတို့ကို ပြင်းပြင်းထန်ထန်ရွံရှာရှုတ်ချတာမျိုး၊ အားကျစံနမူနာယူလိုက်လုပ်တာမျိုးတွေကို သတိထားသင့်ပါတယ်။ အာချေလူမျိုးတွေဟာ ကောင်းကင်တမန်တွေ မဟုတ်သလို မကောင်းဆိုးဝါးမိစ္ဆာတွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ လူတွေပဲဖြစ်ပါတယ်။ ရှေးခေတ်အမဲလိုက် ရှာဖွေစားသောက်သူတွေဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။

စကားပြောသော ဝိညာဉ်များ

ရှေးခေတ်အမဲလိုက်ရှာဖွေစားသောက်သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တေ်ာတို့ပြောနိုင်တာ ဘာတွေရှိပါသလဲ။ တွက်ချက်တိုင်းတာလို့ရပြီး မှန်ကန်မှုလည်းရှိတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ရှာဖွေစားသောက်သူတို့ရဲ့ စီးပွားရေးအုတ်မြစ်တွေကို အတိုင်းအတာတစ်ခုအထိ မှန်ကန်သေချာအောင် ကျွန်တော်တို့ ပြန်လည်တည်ဆောက်လို့ရပါတယ်။ ဥပမာ လူတစ်ယောက်ဟာ အသက်ရှင်ဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်လိုအပ်တယ်၊ သစ်ကြားစေ့တစ်ကီလိုကနေ ကယ်လိုရီဘယ်လောက် ရနိုင်တယ်၊ ၁ စတုရန်းကီလိုမီတာကျယ်တဲ့တောအုပ်ကနေ သစ်ကြားစေ့ဘယ်လောက်ရနိုင်တယ် စသည်ဖြင့် ကျွန်တော်တို့ တွက်ချက်နိုင်တယ်။ ဒီအချက်အလက်တွေနဲ့ ရှာဖွေစားသောက်သူတို့ရဲ့ စားသောက်မှုပုံစံမှာ သစ်ကြားစေ့တွေရဲ့ ပျမ်းမျှအရေးပါမှုကို ကျွန်တော်တို့တွက်ချက်ခန့်မှန်းကြည့် နိုင်ပါတယ်။

ဒါပေမယ့် ရှာဖွေစားသောက်သူတွေက သစ်ကြားစေ့ကို စားကောင်းသောက်ဖွယ်တစ်ခု ဒါမှမဟုတ် ဖွယ်တယ်တယ်စားစရာတစ်ခုလို့ ထင်ခဲ့ကြပါသလား။ သစ်ကြားပင်တွေမှာရော ဝိညာဉ်တွေရှိတယ်လို့ ယုံကြည်ခဲ့ကြပါသလား။ သစ်ကြားရွက်တွေကိုရော လှပတယ်လို့ ထင်ခဲ့ကြပါသလား။ တကယ်လို့ ရှာဖွေစားသောက်သူ ကောင်လေးတစ်ယေက်က ရှာဖွေစားသောက်သူ ကောင်မလေးတစ်ယောက်ကို ရိုမန်တစ်ဆန်တဲ့နေရာကို ခေါ်သွားချင်တယ်ဆိုရင် သစ်ကြားပင်ရဲ့အရိပ်ဟာ ကောင်းပါ့မလား။ ရှေးခေတ် ရှာဖွေစားသောက်သူတွေရဲ့ အတွေးကမ္ဘာ၊ ယုံကြည်သက်ဝင်မှုတွေ နှင့် စိတ်ခံစားချက်တွေကို ခွဲခြမ်းစိတ်ဖြာနားလည်ဖို့ဟာ အလွန်တရာမှပဲ ခက်ခဲတဲ့အရာဖြစ်ပါတယ်။

ရှေးခေတ်ရှာဖွေစားသောက်သူတွေကြားမှာ နတ်ဝိညာဉ်ကိုးကွယ်မှုဆိုတာ ဖြစ်နေကျအရာလို့ ပညာရှင်အများစု သဘောတူကြပါတယ်။ နတ်ဝိညာဉ်ကိုးကွယ်မှု (Animism ဟာ ဝိညာဉ် သို့မဟုတ် လိပ်ပြာလို့ အဓိပ္ပါယ်ရတဲ့ လက်တင်စကားလုံး anima ကနေလာပါတယ်) ဟာ နေရာဒေသတိုင်း၊ သတ္တဝါတိုင်း၊ အပင်တိုင်း၊ သဘာဝဖြစ်ရပ်အားလုံးတိုင်းမှာ အာရုံခံစားမှုတွေ၊ အသိစိတ်တွေ ကိုယ်စီရှိကြပြီး လူသားတွေနဲ့လည်း တိုက်ရိုက်ဆက်သွယ်သိနားလည်နိုင်တယ်လို့ ယုံကြည်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် နတ်ဝိညာဉ်ကိုးကွယ်သူတွေဟာ တောင်ကုန်းတစ်ခုပေါ်က ကျောက်တုံးကြီးမှာလည်း အာရုံခံစားမှုတွေ၊ လိုအပ်တာတွေ ရှိမယ်လို့ ယုံကြည်ကြပါတယ်။ ကျောက်တုံးကြီးဟာ လူသားတွေရဲ့ တစ်ချို့သော အပြုအမူတွေနဲ့ပတ်သက်လို့ စိတ်ဆိုးဒေါသထွက်နိုင်ပြီး တခြားလုပ်ရပ်တွေကိုတော့ ဝမ်းသာကျေနပ်မှာပါ။ ကျောက်တုံးကြီးက လူသားတွေကို သတိပေးဆုံးမတာ သို့မဟုတ် သူ့ကို ပူဇော်ဖို့တောင်းခံတာတွေ လုပ်မှာပါ။ လူသားတွေကလည်း ကျောက်တုံးကြီး ကျေနပ်အောင်ပြုလုပ်ပေးတာ ဒါမှမဟုတ် ကျောက်တုံးကြီးကို ခြိမ်းခြောက်တာတွေ လုပ်နိုင်ပါတယ်။

ကျောက်တုံးကြီးတင်မက တောင်ကုန်းခြေရင်းက ဝက်သစ်ချပင်ကြီးဟာလည်း အသက်ဝင်လျက်ရှိနေတဲ့ အရာပါပဲ။ ဒါတင်မက တောင်ကုန်းခြေရင်းမှာ စီးနေတဲ့စမ်းချောင်း၊ တောအုပ်ထဲမှာရှိတဲ့ လွင်ပြင်နားက ခြုံပုတ်တွေ၊ လွင်ပြင်ကို သွားရတဲ့လမ်းကလေး၊ လွင်ပြင်မှာစီးနေတေဲ့ချောင်းငယ်၊ အဲဒီမှာ ရေသောက်ကြတဲ့ ကြွက်တွေ၊ ဝံပုလွေတွေ၊ ကျီးကန်းတွေ စတဲ့ အရာတွေအားလုံးဟာ အသက်ဝင်လျက်ရှိနေတဲ့ အရာတွေပဲဖြစ်ကြပါတယ်။ လက်တွေပြင်ပမှာ တကယ်ဒြပ်ထုတည်နဲ့မရှိတဲ့ အရာတွေကိုလည်း ယုံကြည်ကြပါတယ်။

ဥပမာ သေလွန်သူတို့ရဲ့ ဝိညာဉ်တွေ၊ မကောင်းဆိုးဝါးနတ်ဆိုးတွေ၊ နတ်ကောင်းနတ်မြတ်တွေ အစရှိတဲ့အရာတွေဟာ ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့ တစ္ဆေသရဲတွေ၊ နတ်သမီးတွေ၊ ကောင်းကင်တမန်တွေလို့ ခေါ်တဲ့အရာတွေပေါ့။

နတ်ဝိညာဉ်ကိုးကွယ်သူတွေဟာ တခြားသက်ရှိသတ္တဝါတွေနှင့် လူတွေအကြား ဘာကွာခြားချက်မှမရှိဘူးလို့ ယုံကြည်ကြတယ်။ အရာအားလုံးကို နှုတ်ကထုတ်ဖော် ပြောဆို၍သော်လည်းကောင်း တေးသီချင်းတွေ၊ ကခုန်တာတွေ၊ ပွဲလမ်းအခမ်းအနား စတဲ့အရာတွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရတယ်လို့ ယုံကြတယ်။

မုဆိုးတစ်ယောက်ဟာ သမင်တစ်အုပ်ကိုတိုင်တည်ပြီး သူတို့ထဲကတစ်ကောင်ကို ကိုယ့်ကိုကိုယ်စွန့်လွှတ်ဖို့ တောင်းခံတာမျိုးပါ။ တကယ်လို့ သူအမဲပစ်လို့ရသွားရင် သေသွားတဲ့သမင် သူ့ကိုခွင့်လွှတ်ဖို့ မုဆိုးကတောင်းပန်ပါတယ်။

တစ်ယောက်ယောက် ဖျားနာရင် နတ်ဆရာက ခုလိုဖျားနားစေတဲ့ ဝိညာဉ်ကိုဆက်သွယ်ပြီး ချော့မော့၍သော်လည်းကောင်း၊ မောင်းထုတ်၍သော်လည်းကောင်း ကုသပါတယ်။ လိုအပ်ရင် အခြားဝိညာဉ်တွေရဲ့အကူအညီ တောင်းပါတယ်။

အခုလို ပြောဆိုဆက်သွယ်တဲ့လုပ်ရပ်အားလုံးကို ထူးခြားကွဲပြားစေတာက သူတို့ပြောဆိုတိုင်တည်တဲ့အရာအားလုံးဟာ ဒေသတွင်း၊ ရပ်တွင်းရွာတွင်း တွေသာဖြစ်တာပါ။ သူတို့ဟာ လူသားအားလုံးနဲ့ဆိုင်သော နတ်ဘုရားဝိညာဉ်တွေမဟုတ်ဘဲ ဒီသမင်၊ ဒီသစ်ပင်၊ ဒီစမ်းချောင်း၊ အဲဒီဝိညာဉ်စတဲ့ သီးသန့်ရှိတဲ့အရာတွေသာ ဖြစ်တာပါ။

တခြားသက်ရှိသတ္တဝါတွေ နှင့်လူသားတွေအကြား ဘာခြားနားချက်မှ မရှိတဲ့အတွက် တင်းကျပ်တဲ့ အထက်အောက်သဘောလည်း မရှိပါဘူး။ လူမဟုတ်တဲ့အရာတွေကလည်း လူသားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းရန်သက်သက် တည်ရှိနေတာမဟုတ်ဘူး။ ဒါမှမဟုတ် အလုံးစုံကိုတတ်နိုင်တဲ့ နတ်ဘုရားတွေက ကမ္ဘာကြီးကို သူတို့ကောင်းမယ်ထင်သလို စီမံနေတာလည်း မဟုတ်ပါဘူး။ ကမ္ဘာကြီးဟာလူသားတွေအတွက် တည်ရှိနေတာမဟုတ်သလို တခြားဘယ်သက်ရှိသတ္တဝါအတွက်မှ တည်ရှိနေတာလည်း မဟုတ်ပါဘူး။

နတ်ဝိညာဉ်ကိုးကွယ်မှုဟာ တိကျသေချာတဲ့ ဘာသာရေး ယုံကြည်မှုတစ်ခုမဟုတ်ပါဘူး။ အမျိုးအစား ထောင်နဲ့ချီပြီး အလွန်ကွဲပြားတဲ့ ကိုးကွယ်မှုအမျိုးမျိုး၊ ဂိုဏ်းအမျိုးမျိုး၊ ယုံကြည်မှုအမျိုးမျိုးကို စုပေါင်းခေါ်ဆိုတာပဲ ဖြစ်တယ်။ သူတို့အားလုံးကို နတ်ဝိညာဉ်ကိုးကွယ်သူတွေလို့ ခေါ်ရတာက သူတို့ရဲ့ ကမ္ဘာလောကကြီးကိုရှုမြင်ပုံ နှင့် ဒီကမ္ဘာလောကကြီးထဲမှာ လူသားတွေ ဘယ်နေရာကနေ ရပ်တည်လည်ပတ်တယ်လို့ယူဆပုံတွေ တူညီလို့ပဲ ဖြစ်တယ်။

ရှေးခေတ်ရှာဖွေစားသောက်သူတွေကို နတ်ဝိညာဉ်ကိုးကွယ်သူတွေ ဖြစ်ကောင်းဖြစ်ခဲ့မှာပဲလို့ ပြောဆိုတာဟာ စိုက်ပျိုးရေးခေတ်ကလူတွေဟာ ဘုရားသခင်ကိုယုံကြည်တဲ့လူ အများစုဖြစ်မှာပဲလို့ ပြောတာနဲ့ တူပါတယ်။ ဘုရားသခင်ကိုကိုးကွယ်ယုံကြည်မှု (Theism ဆိုတာဟာ နတ်ဘုရားလို့အဓိပ္ပါယ်ရတဲ့ ဂရိစကား theos ကနေလာတယ်) ဆိုတာဟာ စကြာဝဠာကြီးတစ်ခုလုံးရဲ့ စီစဉ်ဖြစ်တည်ပုံဟာ လူသားတွေနဲ့ တန်ခိုးကြီးနတ်ဝိညာဉ်တွေဖြစ်တဲ့ နတ်ဘုရားတွေအကြား အထက်အောက်ဆက်ဆံရေးသဘော အပေါ်မှာမူတည်ပါတယ်။

ဒီနေ့ခေတ်နဲ့နီးစပ်တဲ့ စိုက်ပျိုးရေးခေတ်နှောင်းကလူတွေဟာ ဘုရားသခင်ကိုယုံကြည်သူတွေဖြစ်ပါတယ်လို့ ပြောတာဟာ အလွန်မှန်ကန်ပေမယ့်လည်း သူတို့တစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့သိပ်မသိရဘူး။

ဘုရားသခင်ကိုကိုးကွယ်ယုံကြည်ခြင်း ဆိုတဲ့နေရာမှာ ၁၈ရာစုက ပိုလန်က ဂျူးဓမ္မဆရာတွေ၊ ၁၇ ရာစုက မက်ဆာချူးဆက်မှာ စုန်းမတွေကိုမီးတင်ရှို့ခဲ့တဲ့ ပျူရီတန်တွေ၊ ၁၅ ရာစုက မက္ကဆီကိုမှာရှိခဲ့တဲ့ အက်ဇ်တက် ပုရောဟိတ်တွေ၊ ၁၂ ရာစု အီရန်က ဆူဖီဆရာတွေ၊ ၁၀ ရာစုက ဗိုက်ကင်းစစ်သည်တော်တွေ၊ ၂ ရာစုက ရောမစစ်ဗိုလ်ကြီးတွေ၊ ၁ ရာစုက တရုတ်နန်းတွင်းဗျူရိုကရက်တွေ စတဲ့လူတွေအားလုံး ခြုံငုံပါဝင်မှာပါ။

ကိုးကွယ်မှုဘာသာတစ်ခုချင်းစီက တခြားဘာသာရဲ့ ယုံကြည်မှုနှင့်အပြုအမူတွေကို မမှန်ကန်တဲ့အပြင် ထူးဆန်းတယ်လို့ မြင်ကြတယ်။ နတ်ဝိညာဉ်ကိုးကွယ်သူတွေဖြစ်တဲ့ ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ယုံကြည်မှုနှင့် အပြုအမူတွေကြားမှာလည်း အခုလိုပဲ ကွဲပြားခြားနားချက် ကြီးမားခဲ့မှာပါ။ သူတို့ရဲ့ ဘာသာရေးဆိုင်ရာ အဖြစ်အပျက်တွေဟာလည်း ပုန်ကန်တော်လှန်တာ၊ အသစ်ပြောင်းလဲတာ၊ အငြင်းပွားစရာတွေနဲ့ ပြည့်နှက်ဗြောင်းဆန်ခဲ့မှာပါ။

ဒါပေမယ့်လည်း အခုလိုဆင်ဆင်ခြင်ခြင် အကြမ်းဖျင်းကောက်နှုတ်ချက်တွေက ကျွန်တော်တို့ တတ်နိုင်တာအကုန်ပါပဲ။ ရှေးဟောင်းခေတ်ဦးက လူတွေရဲ့ဘာသာရေးယုံကြည်မှုအယူဝါဒကို တိတိကျကျဖော်ပြဖို့ ကြိုးစားသမျှတွေအားလုံးဟာ စိတ်မှန်းနဲ့ပြောနေတာပဲဖြစ်ဖို့ အလွန်များပါတယ်။ ဘာကြောင့်လည်းဆိုတော့ သက်သေအထောက်အထားတွေ မရှိသလောက်ဖြစ်တဲ့အပြင် ရှိနေတဲ့ အထောက်အထားတွေကလည်း လက်တဆုပ်စာ လူ့အသုံးအဆောင်ပစ္စည်းတွေ၊ ဂူနံရံပန်းချီတွေပဲဖြစ်ပြီး အဲဒီအရာတွေကိုလည်း အဓိပ္ပါယ်အမျိုးမျိုးယူလို့ရပါတယ်။ ရှာဖွေစားသောက်သူတို့မှာ ဘယ်လိုစိတ်ခံစားမှုတွေ ရှိခဲ့တယ်လို့ ကြွေးကြော်တဲ့ပညာရှင်တွေရဲ့ သီအိုရီတွေဟာ ကျောက်ခေတ်က ဘာသာရေးယုံကြည်မှုထက် အဲဒီပညာရှင်တွေရဲ့ ဘက်လိုက်မှုကိုသာ ပိုဖော်ပြနေပါတယ်။

တောင်လိုပုံနေတဲ့ အုတ်ဂူအကြွင်းအကျန်တွေ၊ ဂူနံရံပန်းချီတွေ၊ အရိုးရုပ်တုတွေကို အခြေခံပြီး သီအိုရီတွေတစ်ခုပြီးတစ်ခု တောင်ပုံရာပုံစိုက်ထူနေမယ့်အစား ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘာသာရေးယုံကြည်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဝိုးတိုးဝါးတားအထင်အမြင်တွေသာရှိပါတယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်တာက ပိုကောင်းပါတယ်။

သူတို့ဟာ နတ်ဝိညာဉ်ကိုးကွယ်သူတွေ ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆကြတယ်။ ဒါပေမယ့် အဲဒီအရာကလည်း ဘယ်လိုမျိုးအထူးအသိအမြင်ကိုမှ မပေးဘူး။ သူတို့ ဘယ်ဝိညာဉ်ကို တိုင်တည်ပြီး ဆုတောင်းခဲ့ကြတယ်၊ ဘယ်ပွဲတော်တွေ ကျင်းပခဲ့ကြတယ် ဒါမှမဟုတ် ဘယ်အရာတွေကို တားမြစ်ရှောင်ကြဉ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့မသိရဘူး။ ပိုအရေးကြီးတာက ဘယ်လိုအကြောင်းအရာတွေကို သူတို့ပြောဆိုခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့မသိကြခြင်းပဲဖြစ်တယ်။ ဒါဟာ လူ့သမိုင်းကို ကျွန်တော်တို့နားလည်တဲ့နေရာမှာ အကြီးမားဆုံးသောလစ်ဟာမှုတွေထဲက တစ်ခုဖြစ်တယ်။

ရှာဖွေစားသောက်သူတွေရဲ့ လူမှုနိုင်ငံရေးဘဝဟာ ကျွန်တော်တို့လုံးဝမသိတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တယ်။ အထက်မှာရှင်းပြခဲ့တဲ့အတိုင်း ပညာရှင်တွေအနေနဲ့ ရှာဖွေစားသောက်သူတွေ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေပိုင်ဆိုင်တယ်၊ သီးသန့်မိသားစုငယ်တွေရှိတယ်၊ တစ်လင်တစ်မယားစနစ်ရှိတယ် အစရှိတဲ့ ရိုးရိုးအခြေခံအချက်အလက်တွေမှာတင် သဘောထားကွဲလွဲကြတယ်။ ဖြစ်နိုင်တာက အုပ်စုမျိုးနွယ်အမျိုးမျိုးမှာ စနစ်အမျိုးမျိုးရှိခဲ့မှာပါ။ တစ်ချို့အုပ်စုဟာ အရိုင်းစိုင်းဆုံး ချင်ပန်ဇီအုပ်တစ်အုပ်လို အထက်အောက်သဘောနဲ့ ရက်စက်ခက်ထန်ပြီး တခြားအုပ်စုတွေက ဘိုနိုဘိုမျောက်အုပ်တစ်အုပ်လို အေးဆေးသက်သာ ငြိမ်းချမ်းပြီး လိင်မှုပြုဖို့ပဲ စိတ်ဝင်စားတဲ့လူတွေ ဖြစ်မှာပါ။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

အာချေလူမျိုးတွေနဲ့ ပတ်သက်ပြီး..မှတ်တမ်းတွေ၊ ပုံတွေ ရှင်းလင်းချက်တွေ အပြည့်ရှိတဲ့ ဆိုက်တစ်ခုပါ။ ဝင်ရောက်လေ့လာဖတ်ရှုဖို့ စိတ်ဝင်စားစရာကောင်းပါတယ်။

http://www.public.asu.edu/~krhill3/Ache.html

နတ်ဝိညာဉ်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ ဆိုက်ကယူထားတဲ့ပုံရဲ့လင့်ဖြစ်ပါတယ်။

https://animism-spirit-world.weebly.com/overview.html