Breaking News

စံညိမ်းဦး - ''အသွေးအသား စတေးလှူကာ ဖြတ်သန်း



စံညိမ်းဦး - ''အသွေးအသား စတေးလှူကာ ဖြတ်သန်း
( လူထုအပေါ်) မခန်းတဲ့ မေတ္တာများနဲ့လူ''
(သူ့ဖေစ့်ဘွတ်က ယူပါတယ်) မိုးမခ၊ ဧပြီ ၂၇၊ ၂၀၁၉



သူ့ကို ကိုကျော်မြလို့ခေါ်ကြတာလည်းရှိပေမယ့် ကျနော်ကတော့ မိတ်ဆွေ အများစုခေါ်သလို ကိုဝေလင်းလို့ပဲ ခေါ်ဖြစ်တယ်။ သူ့ဖြတ်သန်းမှု သူ့ဗျတ္တိ သူ့သတ္တိတွေကခမ်းနားတယ်။ ကြီးမြတ်တယ်။အကြားနဲ့တင်ထိတ်လန့်စရာစွန့်စားခန်းအတိဖြစ်တယ်။ ချစ်ခင်လေးစားရတယ်။ဦးလေးတယောက်လို အစ်ကိုကြီး တယောက်လို ရှိခဲ့တယ်။ သူ့အတွေ့အကြုံတွေကို မျှဝေတိုင်း ပြန်လည်လွမ်းမောပြတိုင်း နားထောင်ရတာ ရိုးမသွားဘူး ဖြစ်ရတယ်။ သူက ကဗျာရေးတော့ ကဗျာဆရာတွေကိုချစ်တယ်။ မောင်မှိုင်းလွင်(အင်းဝ)တို့ ဆရာအုန်း(အုန်းမြင့်လှိုင်)တို့ ကို ချစ်တော့ ပတ်သက်ပြီး ကျနော်အပေါ်မှာပါ တူသားလို ဖြစ်ရှာတယ်။နောက်ပိုင်း ကျနော်တို့အိမ်ဘက်ရပ်ကွက်မှာ ပြောင်းလာတော့ ဆုံရတာ များတယ်။ အသွားအလာ နီးသွားတာလည်းရှိမယ်။

ကျနော့်အဖေအိမ်က ယခင်က ၈၁နဲ့၈၂ကြား ၁၉လမ်းပေါ်ရှိတာ။ နောင်မှာ အဘိုးတို့ကရောင်းလိုက်တယ်။ အိမ်အနားမှာကကျနော်တို့ ချာတိတ်တုန်းကသရဲခြောက်တယ်ဆိုတဲ့အိမ်တလုံးရှိတယ်။'ရွှေနှင်းဆီ'ဆိုတဲ့နာမည်တပ်ထားတယ်။လူမနေဘူး။ မျက်စောင်းထိုးမှာက ဦးခင်မောင်ညိမ်းတို့အိမ်ရှိတယ်။ခြင်းလုံးကြီးဝင်းတံခါးထိပ်ချိတ်ထားတာမို့ ''ခြင်းလုံးအိမ်'' လို့ အလွယ်ခေါ်ကြတာလည်းရှိတယ်။သူ့သားသမီးတွေက ကျနော်တို့သူငယ်ချင်းတွေပေါ့။ကျနော်နဲ့ ကိုဝေလင်းနဲ့ သိကျွမ်းအတော်ကြာမှ စကားပြောရင်းနဲ့မှ သူနဲ့ ဦးခင်မောင်ညိမ်းနဲ့ ရင်းနှီးတာတွေ။ ရွှေနှင်းဆီအိမ်ကြီးထဲ တိတ်တဆိတ်ခိုပီး ယူဂျီအလုပ်တွေ လုပ်ခဲ့တာကို သိရတယ်။ ဒါဆို ဘယ်သူမှ အဲ့တိုက်ဟောင်းနား မကပ်အောင် သရဲခြောက်တယ်ဆိုပီး လွှင့်ထားတာပေါ့ ဟုတ်လားလို့ မေးတော့ ရယ်တယ်။

ဒီကနေမှ ၃ပြ၄ပြလောက် ၁၉လမ်းအောက် နည်းနည်းဆင်းတာနဲ့ ပုလင်းဝင်းဆိုတာရှိတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး အကျော်အမော်များစွာ ထွက်တော့ စစ်အစိုးရအဆက်ဆက်က အညိုရောင်နယ်မြေသတ်မှတ်လိုက်အမည်းရောင်နယ်မြေပြောလိုက်နဲ့မျက်စိဒေါက်ထောက်လောက်အောင်ကို လူချွန်တွေပေါ်ခဲ့တယ်။ ကိုကျော်ရ ကိုသက်ခိုင် အန်တီငြိမ်း တို့ဆိုတာလည်း ပုလင်းဝင်းကပဲ။ ဒေသအခြေခံကိုက ကွန်မြူနစ်ပါတီကို တန်ဖိုးထားကြ သူတွေများ တယ်။ ကိုဝေလင်းလိုလူက အလုပ်တွေနဲ့ တမြို့လုံး ပတ်သွားနေတာ ဆိုတော့ ကျနော်တို့ဘက်ရောက်ခဲ့တာဟာလည်း တကယ်တော့ ဆန်းတော့ မဆန်းဘူး ဆိုရမှာပါ။ကျနော်တို့ဟာ ၁၉လမ်းသားကွလို့ ဂုဏ်ဝင့်ကြတာထဲမှာ ဒီလိုအကြောင်းတွေ တန်ဖိုးတွေကလည်း တစိတ်တဒေသဖြစ်မယ် ထင်ပါတယ်။

တကယ်တော့
၁၉၅၃ခုနှစ်မှာ ကမ္ဘာကြီးဟာ ဗမာပြည်ကို အဖိုးတန် လက်ဆောင်တခု ပေးခဲ့တယ်။ ကိုဝေလင်းဟာ ဇန္နဝါရီ ၇ရက် ၁၉၅၃ခုနှစ် ရေတာရှည်မြို့နယ် မြို့လှမြို့ အဖ ဦးအောင်တင်နဲ့ အမိဒေါ်ခင်မြင့်တို့ရဲ့ သားဖြစ်တယ်။ရန်ကုန်မှာမွေးတယ်။ အမည်ရင်း လှသောင်း ဖြစ်တယ်။ကိုကျော်မြ ကိုဝေလင်း ကိုလှမြင့်အောင် စတဲ့ အမည်တွေလည်းရှိတယ်။ဒီဘက်ကာလ ကဗျာတွေ စာတွေရေးတော့ 'လရောင်လင်း'အမည်နဲ့ဖြစ်တယ်။

၁၉၇၂-၇၆ အတွင်း ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို တတိယနှစ် အထိတက်ရောက်ခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုများမှာ ခေါင်းဆောင် ပါဝင်ခဲ့တယ်။၇၄ ၇၅ ၇၆ အရေးတော်များမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၇၄ကျောင်းသား အဖြစ်လည်း ထင်ရှားတယ်။ ၁၉၇၄ထဲမှာပဲ ပါတီနဲ့စတင်ဆက်သွယ်မိခဲ့ရာက စလို့ ၁၉၈၄ထဲ ၉နှစ်ကျော် ၁၀နှစ်နီးပါး မှာ ပါတီ လက်နက်ကိုင်တော်လှန်ရေး တပ်သားဘဝ။ ၁၉၇၈-၁၉၈၃ အထိ၅နှစ်ကျော်မှာ (၁၉၈၃ ဧပြီ ၃၀) ပါတီဝင်ဖြစ်ခဲ့ တယ်လို့ ဆိုတယ်။

လူငယ်ဘဝ မြို့လှမှာနေထိုင်စဉ်က မြို့လှမှာစီစဉ်တဲ့ စာကြည့်တိုက် အတွက် စာရေးဆရာနိုင်ဝင်းဆွေ(ကိုနိုင်ဝင်း) စာပေဟောပြောပွဲ လာတော့ တွေ့ဆုံကြပြီး ရင်းနှီးခဲ့တယ်။ နောင်မှာ ရန်ကုန် နိုင်ဝင်းဆွေအိမ် မှာ နေထိုင်ဖြတ်သန်းခဲ့တယ်။။ ၁၉၇၈မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ရောက်ရှိတယ်။

သူ့ပြန်လည်ပြောပြချက်များတချို့ထဲ မှတ်မိသလောက်ပြန်ပြော ရရင်ဖြင့် ကျနော်အမှတ်မမှားပါက ၇၆မှိုင်းရာပြည့်မှာ စစ်အုပ်စု ကနှိမ်နင်းတော့ သူက တက္ကသိုလ်ထဲ သစ်ပုတ်ပင်ဘက် မှာအချိန်အတော်ကြာထိ ပုန်းတယ်။ ဂျက်ဆင်ဘက်ကနေ လမ်းမဘက်လှည့်ထွက်တယ်။အရိပ်အခြေကြည့်ပြီး တွေ့တဲ့ သုံးဘီကားတစီးကိုတားပြီး စီးတယ်။ ကားပေါ်မှာ ဘေးက လူတယောက် ကိုတွေ့တယ်။ ကဗျာဆရာအောင်ချိမ့်။ အောင်ချိမ့်က သခွပ်နီတို့ အုန်းမြင့်လှိုင် တို့ရဲဘော် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ရဲဘော်။ ကားသမားရှေ့မှာ အကြည့်တချက် ခေါင်းတညိတ်နဲ့ပဲ တယောက်နဲ့တယောက် နှုတ်ဆက်ဖြစ်ခဲ့ကြတယ်။ အဲ့ဒီအချိန်က သူဟာ ယူဂျီတာဝန် တွေရှိနေပြီ ဖြစ်တယ်လို့ သိရတယ်။

၇၈ခုမှာ တောခိုခဲ့ပြီး ၁၉၈၀ကစလို့ ပါတီနဲ့ ပြည်တွင်းကို မြေအောက် လုပ်ငန်းများအတွက်ကူးသန်းအလုပ်လုပ်ခဲ့တယ်။စပါယ်တောစခန်းမှာ ဆရာနိုင်ဝင်းဆွေနဲ့ အနုပညာအလုပ်တွေလည်း လုပ်ဖြစ်ခဲ့။ ကဗျာတွေက ငယ်စဉ်ကနေ တက္ကသိုလ်ကျောင်းသားဘဝအထိ ရေးသားခဲ့ရာက ပါတီ ရောက်တော့လည်း ရေးဖြစ်ခဲ့တယ်။ ''ဆိုတေး''ကလောင်ကို အသုံးပြုခဲ့ဖူးတယ်။ ဒါပေမယ့် ကဗျာဆရာလို့ ခေါ်တာထက် ကဗျာရေးသူအဖြစ်သာ သူခံယူရဲကြောင်း ပြောပြတယ်။ သူ့ကဗျာတပုဒ်ကို အမှတ်တရ ဖော်ပြအပ်ပါတယ်။ဒီကဗျာရေးဖြစ် တဲ့နောက်ခံ အကြောင်းတွေ ပြောပြတဲ့အခါ သူဟာ မမောတမ်းပါပဲ ဆေးပေါ့လိပ်ကိုဖွာလိုက် ရေနွေးကြမ်းလေး သောက်လိုက် ပြောလိုက်နဲ့ လွမ်းမောစရာဖြစ်ရပါတယ်။

စစ်ချီလမ်း
=============================
နဂါးစိမ်းကြီး ယိမ်းထိုးလှုပ်ရှား
တောင်တန်းများပေါ် မြစ်ကျော်တော့မည်
သံလွင်ရဲ့အလှပန်းချီ
နေရီဆည်းဆာ ကဗျာပန်းခက်
ရေ လက်တခုပ်နဲ့နှုတ်ဆက်ခဲ့။

သို့ပေမယ့်
တောင်ကြောရဲ့ကွေ့ တွေ့ဆုံတိုက်ပွဲ
မရပ်စဲသေး
သွေးနဲ့ဒဏ်ရာ လူနာထမ်းစင်
ရန်သူ့ယာဉ်ပျံ ကောင်းကင်ယံမှာ
တောင်ပံခတ်လျက် ထစ်ချုန်းလျက်
ချိုးငှက်ကူသံ မသာသေး။

သွေးမနည်းပါ
ကဗျာမော်ကွန်း ကြယ်နီစန်းရုပ်
ခလုတ်သင်ဖျူး ဆူးမွေ့ရာထက်
သေနတ်တလက် ဖက်တွယ်စစ်ချီ
ခရီးသည္ကား
နေ့များညများ ဆုံးပါးပျောက်ပျက်
မိုးရေစက်သောက် လမ်းဖေါက်ဆဲ
အသွေးအသား စတေးကာ
ယုံကြည်စွာဖြင့်
နာရီ ရာသီ ဖြတ်သန်းဆဲ။

# (စပါယ်တောစခန်းကနေ စာကူးစက်နဲ့ ရိုက်နှိပ်ထုတ်ဝေ တဲ့''ပြည်သူ့ ထံပျံပါလေ ငွေချိုးဖြူ''ကဗျာစာအုပ်မှာဖော်ပြခဲ့-၁၉၈၁)ဟု သိရတယ်။

သူဟာ ၁၉၈၄-၈၅မှာ မြေအောက်လှုပ်ရှားမှု အင်အားစုအဖွဲ့များ တည်ဆောက်ဖို့ တာဝန်ခံခေါင်းဆောင်တွေထဲက တဦးဖြစ်ခဲ့တယ်။ ၁၉၈၀ကတည်းက တာဝန်ခံ ကိုသက်ခိုင်နဲ့အတူ ယူဂျီ နောက်လိုက် ဘက်သားအဖြစ် အလုပ်လုပ်ခဲ့သူမို့ အလုပ်ကို ယဉ်ပါးခဲ့ပြီဖြစ် တယ်။၁၉၄၆ ဒုတိယကွန်ဂရက်နောက် နှစ်၄၀နီးပါး အကြာမှာ ၁၉၈၅မှာ သမိုင်းရေးရာ အရေးပါလှတဲ့ ပါတီရဲ့တတိယ အကြိမ် မြောက် ပြည်လုံးကျွတ်ကွန်ဂရက်ကျင်းပတယ်။မြို့ပေါ်ရဲဘော်တချို့ကို စိစစ် ဖိတ်ကြားတာမှာ တာဝန်ယူ ခဲ့တယ်လို့ဆိုတယ်။

၁၉၈၈ဟာ ၁၃၀၀ပြည့်အရေးတော်ပုံရွှေရတုကျရောက်မှာမို့ ပြည်တွင်းမှာ အစောပိုင်း နှစ်များ (၁၉၈၅) ကတည်းက ပို့စ်ကတ်ကမ်ပိန်း တွေပြု လုပ်ခဲ့ကြတယ်လို့ မှတ်သားရတယ်။ ၁၉၈၈လူထုအရေးတော်ပုံကြီးမှာ ပြည်သူနဲ့တသားထဲ ပါဝင်ခဲ့တဲ့ ၄၈၂၈ဒေသ ပါတီကော်မတီကို ၁၉၈၇ကတည်းက ပါတီဗဟိုက လျာထားခဲ့ကာ ဖော်ဆောင်ပါတယ်။

၄၈၂၈ ကုဒ်ကို Aသုံးလုံး။ လက်နက်ကိုင် ယူဂျီကို Bသုံးလုံး ဖွဲ့စည်းခဲ့ကြတယ်ဆိုပါတယ်။လျှို့ဝှက်ကုပ်များအဖြစ် A1 ရဲဘော်မောင်လေး A2 ကိုသက်ခိုင် A3 ရဲဘော်ကျော်မြ(ကိုဝေလင်း)
ထပ်မံပြီး A4ကို အန်ကယ်ကြီး(ဦးတင်အောင်) ။ ယူဂျီပေါက်ပြီးနောက်ပိုင်း ကိုသက်ခိုင်နဲ့ အန်ကယ်ကြီး အဖမ်းခံလိုက်ရတော့၁၉၉၀ထဲမှာဒုတိယ၄၈၂၈ကိုထပ်ပြီးဖွဲ့စည်းတယ်။ A1ဦးလေးဦးမောင်ကို(ရဲဘော်မောင်လေး) A2ဦးငြိမ်းမြင့်နဲ A3 ရဲဘော် ကျော်မြ (ကိုဝေလင်း) ရယ်လို့မှတ်သားရပါတယ်။

၁၉၃၉သြဂုတ်၁၅မှာ သခင်အောင်ဆန်း သခင်ဗဟိန်း တို့ တည်ထောင်ခဲ့ တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ ၁၉၄၈မတ် ၂၈ကတည်းက လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့သလို ဦးလည်မသုန် စစ်အာဏာရှင်ဖြုတ်ချရေးကို နည်းလမ်းမျိုးစုံနဲ့ မဖေါက်မပြန်နဲ့ တော်လှန်ရေးလုပ်တဲ့ပါတီဖြစ်တယ်။ ဒီကနေ့အထိ သံမဏိသက်ရှည် တခုပဲရှိတာမို့ အင်မတန် လေးစားရ ပါတယ်။ ပြည်သူလူထုအပေါ်သစ္စာ သိမှုနဲ့စစ်အာဏာရှင်ပြုတ်ရေး အလုပ်တိုင်းမှာ ဗကပဟာ မလွဲမသွေ ပေးဆပ်နေမှာ အသေအချာ ပါပဲ။ပါတီရဲ့ နိုင်ငံရေး လောကဓံမှာ မတုန်လှုပ်ဘဲ ခိုင်ကျည်တာမို့ ပိုမိုစိတ်ဝင်စားရပါတယ်။

(ဒီစာစုကို ရေးရာမှာ အလွယ်တံဆိပ်ကပ် လာကြမှာများ ကိုဖြင့် ကြုံရမယ် တွေးမိပါတယ်။ သူတို့ဖြတ်သန်းမှုတွေ နာကြားရ ဖတ်ရတိုင်း ပိုမိုလေးစား ရတာပါ။ ကျနော်ကတော့ အားပေးလိုလားသူ ချစ်ခင်လေးစားသူ ပါတီသမိုင်းကို စိတ်ဝင်စား တန်ဖိုးထားသူ ထိုသူများကို ချစ်သော ကဗျာဆရာ တယောက်မျှပါပဲ ဆိုတာကိုတော့ အသိပေး ထားပါရစေ)

ဒီလိုနဲ့ ကိုဝေလင်းဟာ ယူဂျီအလုပ်တွေလုပ်ရင်း မန္တလေးမြို့သစ် ဘက်မှာ ကြက်ခြံတခုတည်သတဲ့။ ကြက်ခြံလုပ်ငန်းနဲ့ ပတ်သက်ပြီးလိုအပ်တာတွေအတွက် မြင်းခြံရဲဘော်တယောက် ဆက်သွယ်ပေးမှုနဲ့ မန္တလေး အောင်ချမ်းအေး ထဲက ရွှေမန်းကြက်ခြံကိုရောက်တယ်။အခု အန်တီခင်မာတို့ ဖခင် အန်ကယ်ဦးကြိုင်လှတို့ဆီပေါ့။ ဦးကြိုင်လှ ညီမ ဒေါ်လွန်းကြည်က အစောကတည်းက ပါတီပတ်သက်သူဆိုတော့ အခက်ခဲမရှိဘူးတဲ့။ နဖူးစားပါ ရွာလည်တယ်။ရေဆင်းက စိုက်မွေးဘွဲ့ရပြီး လုပ်ငန်းဦးဆောင်နေပြီဖြစ်တဲ့ အန်တီခင်မာ(မတင်လေးရီ) နဲ့အိမ်ထောင်ကျတယ်။အဲ့ဒီတုန်းက အချိန်မရွေး အဖမ်းခံ အသတ်ခံရနိုင်တာမို့ လက်မထပ်ဘဲချစ်ဖို့ ဖားသားကြီး(ဦးကြိုင်လှ)က စိတ်ပူပန်မှုနဲ့ ပြောသေးတာ။ ကိုယ်က လက်ဗင်းတူဂဲသား ကိုလက်မခံဘူး။ နှစ်ယောက်တိုင်ပင်တော့ ဖြစ်သမျှ ရင်ဆိုင်ကြ မယ်လို့ဆုံးဖြတ်ခဲ့ကြတာ ...

''ကိုယ် မခင်မာကို ချစ်ရေးဆိုတာ အောက်တိုဘာ၃၁ရက် မောင်ရင်ရ။ ကိုယ် ကဗျာရေးဖြစ်သေးတယ်။ ''အောက်တိုဘာ၃၁ မဟာ အချစ် ဖွားမြင်တယ်''ဆိုပြီးဖွဲ့ဖူးတယ်တဲ့ ။ကျနော်ဟာ လူသားဆန်သူရဲ့ နှလုံးသားကို လေးစား မှန်းဆကြည့် နေမိခဲ့တယ်။ ၁၉၈၈ဒီဇင်ဘာမှာ အချစ်ကို အိမ်ရာထူထောင်ပန္နက်ရိုက်တယ်။ နောင်မှာ ဗမာပြည် စစ်အာဏာ ရှင်တော်လှန်ရေးမှာ လက်တွဲ ညီတဲ့မောင်နှံတွေ ရဲဘော် ရဲဘက်တွေ အဖြစ် အများက အလေးပြု တန်ဖိုးထား ခဲ့ကြရတယ်။

ပါတီနဲ့ပြည်တွင်မြေအောက်လုပ်ငန်းအကူးအသန်းတွေမှာရော စစ်အာဏာရှင်ရဲ့ အကျဉ်းစခန်းတွင်း နှိပ်စက်မှုတွေကို နှစ်ရှည်လများ အသီးသီး ခံခဲ့ကြရ တယ်။သန္ဓေလွယ်လျက်အဖမ်းခံခဲ့ရတော့ သားဖြစ်သူ ကို အကျဉ်းစခန်းမှာပဲ မွေးဖွားခဲ့ရတယ်။ တော်ဘုရားလေး (အောင်ဇေ)က ''မင်း လူအသစ်ပဲ''ဆိုပြီး မျိုးဆက်ခံစားမှုနဲ့ အမည်ပေး ခဲ့သတဲ့။'' မင်းလူသစ်''တဲ့။

ထောင်တွင်းပြဿနာများ စစ်ဒေါက်တိုင်များ ထောင်အာဏာပိုင်များရဲ့ ဒုက္ခပေးခံရတာတွေ ကိုယ့်အင်းအားစုထဲကနေထောင်းတာတွေကို ပြန်ပြောပြတဲ့အခါမှာ နာကျင်ရတယ်။ သူ့အပေါ် ထောင်အာဏာ ပိုင်နဲ့ပေါင်းပြီး သတ်ဖို့ထိလုပ်တာတွေ ပါရှိခဲ့တယ်။ စစ်ထောက်လှန်းရေး လက်ချက်နဲ့ မရှိတော့တဲ့ သူ့သွားတွေကို ပြန်စိုက်ခဲ့ရတယ်။ သူ့ကို အပြတ်ရှင်းဖို့ထိ ကြံခဲ့တဲ့ ဒီမိုကရက် လူမသမာတချို့ရဲ့ လုပ်ရပ်တွေကိုတော့ ဘာနဲ့မှ မဖြေနိုင် သလောက်ဖြစ်ခဲ့ရှာတယ်။ ဒါကို အဲ့ဒီဖြစ်စဉ်ကို ဂျာနယ်တစောင်မှာ အခန်းဆက် ရေးသားဖော်ပြခဲ့သေးတယ်။

သူ့ကိုဖမ်းပြီးနောက်မှာ သူတို့ဇနီးမောင်နှံပိုင်ငွေလေးနဲ့ဝယ်ထားတဲ့ သတို့နေထိုင်ရာ အမှတ်(၃၅/က)(၁၅)တိုးချဲ့၊ ၃လမ်း။ တောင်ဥက္ကလာပ။ရန်ကုန်က အိမ်ကို ထောက်လှမ်းရေးက သိမ်းပါတယ်။ ၈၉ခုနှစ်က ဗကပ လက်နက်ချ အင်ဖော်မာ လည်းဖြစ်တဲ့ကဗျာ ဆရာ ဝိုင်းသော်(ခ) ထွန်းသိန်း(ခ)စာရေးဆရာ အောင်အေး (ရန်ကုန် တက္ကသိုလ်) ကို တက်နေစေခဲ့ပါတယ်။ ထောင်ကလွတ်ပြီးနောက် ပြန်ရရှိဖို့ အကြိမ်ကြိမ်ကြိုးစားပါတယ်။ ပိုင်ဆိုင်မှုသက်သေများရှိပေမယ့် ဒီကနေ့ထိ ပြန်မရဘူးလို့လည်း ပြောပြဖူးပါတယ်။

တကယ်တော့ အကျဉ်းစခန်းများကလွတ်မြောက်ပြီးနောက်ပိုင်း ကာလအတော်ကြာတဲ့အခါ သူတို့မောင်နှံဟာ ထောင်တွင်းဒဏ်ရာ နောက်ဆက်တွဲ အဖြစ် ကျန်းမာရေးပိုင်းမှာ မသိမသာနဲ့ တဖြည်းဖြည်း ကျခဲ့တယ်။အရွယ်နဲ့အတူ ကျန်းမာရေးအညံ့ဟာ ထင်ရှားခဲ့တယ်။ အန်တီမခင်မာဟာ အခြားရောဂါဝေဒနာများနဲ့အတူ လေဖြတ်ဝေဒနာ ကိုခံစားနေရပြီး ဝှီးချဲနဲ့ ဖြတ်သန်းနေထိုင်ရလျက်ရှိတယ်။

ကိုဝေလင်းဟာ ထောင်တွင်းတော်ချာများစွာရဲ့ စိတ်ဖိစီးမှုအကျိုးဆက်ကို ခံစားရတယ် ယူဆမိတယ်။ခါတရံ လူမှုဆက်ဆံရေးမှာ နားလည်မှု လွဲစရာမဆိုစလောက်ကြုံရပေမယ့် နားလည်ပေးဖို့ သာဖြစ်ရပါတယ်။ အဆုပ်ကင်ဆာပါ ပေါ်လာတယ်။နောက်ပိုင်း ကင်ဆာဆဲလ်များဟာ ဦးခေါင်းနဲ့လည်ပင်းမှာထိ ပြန့်တယ်။သူ့နှလုံးသားဖူးပွင့်ခဲရာ ရွှေမန်းခြံလေးရှိခဲ့ရာ အိမ်ကလေးမှာ ၂၄ဧပြီ ၂၀၁၉ ညနေ၅:၂၂မှာ ကြွေလွင့် ကွယ်လွန်တယ်။

ကိုဝေလင်း ဆေးရုံကနေ လက်လွှတ် မနေ့က အိမ်ကိုပြန်ခေါ် လာကြတော့ နောက်နေ့မနက်မှ ကျနော်တို့ ရောက်တယ်။ မရောက်တာ ကြာပြီမို့ အန်တီစန်းရီဆီ သွားနှုတ်ဆက်ဖြစ်တယ်။ ဆရာအုန်းမြင့်လှိုင် ဆရာသခွပ်နီ ကိုတင်လှ ကိုအေးလွင် ဆရာပိုင်စိုးဝေတို့ အကြောင်း တွေ စားမြုံ့ပြန်ပြောပြတော့ ကျနော်တို့ ပိုပြီး လွမ်းသွားရ ပြန်တယ်။ အောင်ချမ်းအေးအရပ်ထဲက ကျနော်ချစ်ခင် ရင်းနှီးခဲ့ရတဲ့ ကိုအေး လွင်( ဆရာအုန်း ယောက်ဖ။ အန်တီအေး အန်တီစန်းရီတို့ မောင်- ကွယ်လွန်) ပြီးတော့ ကိုတင်လှ( အန်တီမခင်မာတို့ မောင်- ကွယ်လွန်) တို့ကိုပါ အကြီးအကျယ် သတိတရဖြစ်ရပါတယ်။ အခု ဗမာပြည် စစ်အာဏာရှင် တော်လှန်ရေးသမိုင်းထဲက ကြီးမြတ် တန်ဖိုးရှိ တဲ့ အမှတ်သားတခု နှုတ်ဆက်သွားတာကိုပါ ငိုင်ကြည့်နေခဲ့ ကြရ ပြန်ပါတယ်။

သူဟာ ''သခင်ကိုယ်တော်မှိုင်း သခင်ဗဟိန်း သခင်သန်းထွန်း သခင်အောင်ဆန်း ဗိုလ်မှူးချစ်ကောင်း သခင်ဇင် သခင်ချစ် သခင်သန်းမြိုင် သခင်ဗသိန်းတင် ရဲဘော်ထွန်း ဒဂုန်တာရာ မတ် လီနင် မော်စီတုန်း ''အစရှိသဖြင့် ရင်နဲ့အမျှ ရှိသူ။ ကဗျာရေးသူ။ အမှန်တရား၌ သက်ထက်ဆုံး မားမားရှိသူ။ ဗမာပြည် ကွန်မြူ နစ်ပါတီအပေါ် သစ္စာစောင့်သိ တန်ဖိုးထား ချစ်ခင် ကျို့နွံသူ။စသဖြင့် သူ့ရဲဘော်များ မိတ်ဆွေများရဲ့ သူ့အပေါ် အမြင်များ ခံစားမှုများကို ကျနော် စိတ်ထိခိုက်စွာ ဖတ်ရှု ရ။ ကြားနေရပါတယ်။ ကြွေလွင့်ချိန်မှာ ၆၇နှစ်။ ကြေကွဲကြရပါတယ်။ အလေးနီပြုကြသလို ''အာဇာနည် အပေါင်း ထာဝစဉ် ဥဒါန်းတွင်ရစ်ပါစေ'' ဆိုတဲ့ သူနဲ့ထိုက်တန်လှသော ကဗ္မည်းကိုပါ ခံစား ရပါတယ်။

''ကြီးမြတ်တဲ့ အောင်လံနီ
ဒီ အလံကို ရက်ဖောက်ရာ
သူဟာ သံမဏိ ချည်မျှင် တစ
လူထုကို ကိုယ်နှင့်ထပ်တူ တသက်တာ
ထို ချစ်ခြင်းကနေ ဗိုင်းငင်ခဲ့
ဂုဏ်ရောင်ပြောင်သော ချည်မျှင်ကလေး
အမှန်တရားကိုလည်း သွေးနွှေး
ကမ္ဘာမြေလည်း မွှေးလို့''

ကောင်းရာသုဂတိပါ
အလေးနီပါ
ကိုဝေလင်း (ခ) ဦးကျော်မြ( ၁၉၅၃-၂၀၁၉) ။ ။

စံညိမ်းဦး
၂၅၄၁၉

#( ၉၁ခုနှစ် စစ်အစိုးရလုပ် ၁၀၈ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ စာအုပ်ပါ အချက်လက်တချို့။ သူရေးသားခဲ့သော ဆောင်းပါးတချို့မှ နဲ့သူ့ပြောပြဖူးချက်များကို အခြေခံကာ ''ဝမ်းနည်းမှတ်တမ်း'' ပြုပါတယ်။တကယ်ရေးရင် သူ့ဖြတ်သန်းမှုများဟာ ကျယ်ပြန့်ခမ်းနား ကာ ရေးပြ ပေးစရာတွေ များပြားလှတာမို့ သူ့တန်ဖိုးတစွန်းတစ နားလည်ခံစားမိစေရုံမျှသာ ကျနော်သိသလောက်မျှကို အကျဉ်းချုံး ရေးပါတယ်။ အလွဲများ ရှိပါက ဖြည့်ပေးဖို့ နဲ့နားလည်ပေးပါရန်ပါ။ တချို့ကိစ္စများ ထည့်ရေးဖို့ အတော် စဉ်းစားမိပေမယ့် လိုအပ်မယ် ယူဆတာ တချို့ကိုဖြင့် ချစ်စိတ်နဲ့ဖော်ပြမိပါတယ်။)