Breaking News

အိဏ်ဝေး ● ထိုင်ခုံတလုံး

အိဏ်ဝေး ● ထိုင်ခုံတလုံး
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၉


ထိုင်ခုံတလုံးလို့ပြောလိုက်တာနဲ့ ခင်ဗျားဘာကိုပြေးမြင်မိမှာလဲ။ မသုံးဖြစ်တော့တာကြာပြီဖြစ်တဲ့ မြေအောက်ခန်းထဲက သစ် သားအပိုင်းအစတွေလား။ ပြတင်းတံခါးဝက ခင်ဗျားရဲ့ငေးမောမှုတွေကို တိတ်ဆိတ်ငြိမ်သက်စွာ အမြဲအဖော်ပြုပေးလေ့ရှိတဲ့ ထိုင်ခုံတလုံးလား။ ထမင်းစားခန်းထဲက ကိန်းကြီး ဂဏန်းကြီးဆန်ဆန် အမြဲငြိမ်သက်စွာတည်ရှိနေတတ်တဲ့ ထိုင်ခုံတွေလား။ မိန်းမပျိုတယောက်ရဲ့ အလှကြည့်မှန်တင်ခုံရှေ့က ငြီးငွေ့စရာကောင်းတဲ့ ထိုင်ခုံတလုံးလား။ တဲအိုပျက်ထဲက ယိုင်နဲ့နဲ့ ထိုင်ခုံ တလုံးလား။ ကျောင်းစာသင်ခန်းထဲက အဓိပ္ပါယ်ပေါင်းများစွာနဲ့ သက်တမ်းရင့် ထိုင်ခုံတလုံးလား။ ဒါမှမဟုတ် လူသန်းပေါင်း များစွာရဲ့ မျှော်လင့်ခြင်းတရားတွေနဲ့ စုပေါင်းတည်ဆောက်ထားတဲ့ ထိုင်ခုံတလုံးလား။ ဒါမှမဟုတ်...။

ကျွန်တော်ငယ်ငယ်က သိပ်ပြီးပူဆာလွန်းတာကြောင့် အမေက ထိုင်ခုံသေးသေးကလေးတလုံး ဝယ်ပေးခဲ့ဖူးတယ်။ ထိုင်ခုံ သေးသေးကလေးတလုံးဟာ လူတယောက်ကို ပျော်ရွှင်စေတယ် ဝမ်းနည်းစေတယ်လို့ဆိုလာခဲ့ရင် ဘယ်သူငြင်းနိုင်မှာလဲ။ အဲဒီထိုင်ခုံကလေးပေါ်မှာ အမေခွံ့ကျွေးတဲ့ ထမင်းကို ပျော်ရွှင်စွာ စားခဲ့ဖူးတယ်။ အဲဒီထိုင်ခုံကလေးပေါ်မှာ ဆော့ခဲ့ဖူးတယ်။ အဲဒီထိုင်ခုံကလေးပေါ်မှာ အမေ့ရဲ့ ပုံပြင်ပေါင်းများစွာကို နားထောင်ခဲ့ရဖူးပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော့်ငယ်ဘဝမှာ ထိုင်ခုံကလေးတလုံးဟာ ဘယ်လောက်ထိ ပါဝင်ပတ်သက်ခဲ့ကြောင်း ခင်ဗျားသိရောပေါ့။ ကျွန်တော်နဲ့သိတဲ့သူတွေ ကျွန် တော်နဲ့မသိတဲ့သူတွေ သန်းပေါင်းများစွာသော လူသားတွေမှာလည်း ကျွန်တော့်လို ထိုင်ခုံတလုံးနဲ့ ပက်သတ်တဲ့ အဓိပ္ပါယ် တွေ၊ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ ရှိခဲ့ကြပါလိမ့်မယ်။

အခုတော့လည်း အိမ်ကိုစွန့်ခွာခဲ့သူတယောက် ခရီးတွေကို အပြင်းနှင်ခဲ့ရတဲ့ခရီးမှာ ထိုင်ခုံကလေးနဲ့ပက်သတ်တဲ့ ငယ်ဘဝရဲ့ ပုံရိပ်တွေဟာလည်း ဝေဝါးကျပျောက်ခဲ့ပါပြီ။ ပိုပြီးတောက်ပြောင်ခမ်းနားတဲ့ထိုင်ခုံတွေအကြောင်းပဲ တွေးနေမိခဲ့တယ် စိတ် ဝင်စားနေမိခဲ့တယ် ရှာဖွေမိခဲ့တယ်။

ဒါဟာ မျှတပါရဲ့လား။ ထိုင်ခုံကလေးအပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ခံစားချက်ဟာ မျှတပါရဲ့လား။ ထားပါလေ။ လူသားတွေ ရဲ့ မျှတခြင်း မမျှတခြင်း သဘောတရားတွေကို ဆက်ပြီးမဆွေးနွေးလိုတော့ပါဘူး။

ကြည်နူးစရာပဲဗျာ ကျွန်တော်တောင့်တမိခဲ့တဲ့ ထိုင်ခုံတလုံးကို အမှတ်မထင်ပဲ တွေ့မိခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာပဲ အဲဒီနေ့ကစပြီး ထိုင်ခုံတွေအပေါ် ချစ်မြတ်နိုးစိတ် မျှော်လင့်တတ်တဲ့စိတ် ယုံကြည်တတ်တဲ့စိတ် ကျွန်တော့်မှာ ရှိမနေခဲ့တော့ ဘူး။ ကျေးဇူးပြုပြီး ထိုင်ခုံတွေကို အဆုံးစီရင်ပေးကြပါ။ ကျေးဇူးပြုပြီး ထိုင်ခုံတွေကို အိမ်ဦးခန်းမှာ မထားကြပါနဲ့။ ဒီလောက်ဆို ကျွန်တော်တွေ့ခဲ့မိတဲ့ထိုင်ခုံတလုံးကို ခင်ဗျားလည်း ရိပ်စားမိလောက်ရောပေါ့ အမှန်တကယ်သိနားလည်ချင်မှလည်း သိနား လည်မှာပါဗျာ ကျွန်တော်နားလည်ပါတယ် လူတိုင်းက ထိုင်ခုံတွေအကြောင်းကို စိတ်ဝင်စားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။

လူတယောက်က သူမြတ်နိုးတန်ဖိုးထားတဲ့အရာတခုကို ထွေးပြီးသား သလိပ်တံထွေးတွေလို စက်ဆုပ်ရွံရှာသွားဖို့ဆိုတာ အကြောင်းမဲ့တော့ ဘယ်ဟုတ်မလဲဗျာ။ ဒါပေမယ့် ဘာကြောင့်ဆိုတာကိုလည်း ကျွန်တော်တိတိကျကျပြောပြဖြစ်မှာ မဟုတ် ပါဘူး။ ရည်းစားဟောင်းတယောက်ရဲ့ လျှို့ဝှက်ချက်ကို တဘဝစာလုံးသိုဝှက်ပေးသွားတဲ့ အဖောက်ပြန်ခံလိုက်ရတဲ့ ချစ်သူ တယောက်လိုပေါ့။ အဲဒီလိုမျိုး တဝက်တိတိသိုဝှက်ထားပါ့မယ်။ ကျွန်တော် မပျော်ရွှင်တော့ဘူး ကျွန်တော် မယုံကြည်တော့ဘူး ကျွန်တော် မတောင့်တတော့ပါဘူး။ အမှန်ဆို ကျွန်တော့်မှာ ထိုင်ခုံကလေးနဲ့ပက်သတ်တဲ့ မျှော်လင့်ချက်တွေ အိပ်မက်တွေ များစွာရှိခဲ့ဖူးပါတယ်။ အခုတော့အရာရာဟာ ရထားစက်ခေါင်းထဲက ထွက်လာတဲ့အခိုးအငွေ့တွေလို ငယ်ဘဝနဲ့အတူ မှုံဝါး ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျွန်တော့်ကို ထိုင်ခုံတွေမရှိရာအရပ် မြန်မြန်ပြန်ပို့ပေးကြပါ။

ကျွန်တော်အိမ်ကိုပြန်ခဲ့တယ်။ ကမ္ဘာကြီးတခုလုံးလက်ထဲကနေပြုတ်ကျသွားတဲ့ လူငယ်တယောက် ခေါင်းကိုငုံ့ပြီး လမ်းတွေ အပေါ်လျှောက်သလို ကျွန်တော်ရွာကို ပြန်လာခဲ့ပါတယ်။ ထိုင်ခုံဟာ ထိုင်ခုံတလုံးထက်ပိုနေတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ပြန် ရှက်တတ်ခဲ့တယ်။

ကျွန်တော့်ခြေထောက်တွေကို ထမ်းပိုးထားတဲ့ ဟောဒီမြေသားတွေ တခါက ပြတင်းတံခါးဝကနေ ငေးမောခဲ့ရတဲ့ တောင်တန်း တွေနဲ့ ရုတ်ချည်းပျောက်ကွယ်သွားတဲ့ သစ်တောတွေအကြောင်း ထိုင်ခုံကလေးနဲ့အတူ ငေးမောရင်း အတွေးတွေကို ဆော့ ကစားဖူးခဲ့တယ်။ ကျွန်တော်တို့ဥပဓိရုပ်တွေ ဟောက်ပက်ပိန်ချုံးလာသလို ရွတ်တွ ပိန်လှီချောက်ကပ်လာတဲ့ ရင်သားတွေနဲ့ နိုင်ငံ တောင်တန်းတွေဟာ နယ်စည်းရိုးကိုဖြတ်ပြီး သူစိမ်းသူရံတွေရဲ့ရင်ညွှန့်ထက်မှာ ဝံ့ကြွားလို့သစ်တောတွေဟာ အအေး ခန်းတွေ ဘာတွေထဲ မူးရစ်ရီဝေလို့ သူတို့တွေရဲ့ထွက်ခွာသွားပုံကလည်းဘယ်သူ့ကိုမှ စွဲလမ်းမက်မောမှုမရှိ ညှာတာမှုမရှိ ချစ်ခြင်းတရားဆိုတာ ဖန်ခွက်ထဲက အရသာတခုလောက်မှ အရေးပါခဲ့ရဲ့လား။ တောင်းပန်ပါတယ်။  ထိုင်ခုံတွေနဲ့ပက်သတ်တဲ့အကြောင်းအရာတွေ ကျွန်တော့်ကိုလာပြီး မပြောကြပါနဲ့တော့။ လူသေတယောက်လို အေးစက် စက်ဆုတ်ချင်စရာအပြုံး တွေနဲ့ သွေးအေးလူသတ်သမားတယောက်လို ပိရိသေသပ်စွာနေထိုင်တတ်သူတွေအကြောင်းခင်ဗျားသိရဲ့လား။ ကျွန်တော် ထိုင်ခုံတွေကို ချစ်တတ်ခဲ့တယ်။ တန်ဖိုးထားတတ်ခဲ့တယ်။ ကိုးကွယ်ချင်ခဲ့တယ်။ လက်ဖြန့်တောင်းခံချင်မိခဲ့တယ်။ တဘဝ လုံးနဲ့ရင်းပြီး ယုံကြည်ချင်မိခဲ့တယ်။ ဖောက်ပြန်သွားတဲ့အချစ်ဦးရဲ့မျက်နှာကို ခင်ဗျားဘယ်လိုစိတ်နဲ့ရင်ဆိုင်မလဲ။ ထားပါ။ တော်ပါတော့ဗျာ။ ကျွန်တော့်ယုံကြည်မှုတွေ ကျွန်တော့်အားအင်တွေကို ဖောက်ယူစားသုံးသွားတဲ့သူ.....။ တော်ပါတော့ဗျာ။ မစဉ်းစားချင်ပါနဲ့တော့။

နှစ်ပောင်းများစွာ ကျွန်တော်တို့ယုံကြည်မှုတွေအတွက် ကျွန်တော်တို့ ဘာတွေရလိုက်သလဲ။ ပြင်မရတဲ့အမှားတွေလား။ စာချုပ်စာတမ်းအဟောင်းတွေလား။ ခရီးနှင်သွားတဲ့ အလှတရားတွေလား။ ကလေးငယ်တယောက်အပေါ်ထိုးကျသွားတဲ့ အပိုင်းအစတွေလား။ မစဉ်းစားချင်တော့ပါဘူး။

သေသပ်ကျနစွာ တစစီဆွဲဖြုတ် ငယ်ငယ်ကချစ်ခဲ့ဖူးတဲ့ ထိုင်ခုံကလေးကိုလည်း အနားပေးလိုက်ပါပြီ။ ကျွန်တော့်မှာ ငေး မောစရာ အလှတရားတွေမရှိတော့တဲ့အကြောင်း ပြတင်းတံခါးလေးကအစ တကမ္ဘာလုံးလည်းသိနေကြပြီပဲ။ ကျွန်တော် သူ့ကို အနားပေးချိန်တန်ပြီလေ။

အိဏ်ဝေး