Breaking News

ကျော်ဟုန်း - ပထဝီကို မိတ်ဖွဲ့ပြီး စကြဝဠာကို စူးစမ်းပါ



ကျော်ဟုန်း - ပထဝီကို မိတ်ဖွဲ့ပြီး စကြဝဠာကို စူးစမ်းပါ
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၉

ရန်ကုန်သား လူလည်တဲ့လား။

တောင်နဲ့မြောက် မခွဲတတ်ဘဲ
မန္တလေး မသွားနဲ့
ပြည်ကြီးတရုတ် မန္တလေးသားရဲ့
လူကုန်ကူးခံရမယ်။

ဗင်သိုဘင် မသိတာ
ပြဿနာ သိပ်မရှိ
မြို့မငြိမ်းလောက်တော့
ကြားဖူးနားဝ ရှိပါစေ။


ရန်ကုန်က ဂုဏ်ရုံအောက်မှာ
ပလေးဘွိုင်းမဂ္ဂဇင်းကို
စရံငွေပေးပြီး
ပုန်းလျှိုးဝှက်လျှိုး ငှားရတဲ့ ခေတ်မဟုတ်
ဖေ့စ်ဘွတ်သုံးပါ မိတ်ဆွေ။

မြွေအကြောင်း မသိဘဲ
အလမ္မာယ် မလုပ်နဲ့
ပလွေမှုတ် စိတ်ညှို့တတ်အောင်
အရင် လေ့ကျင့်။

အခြေခံဟာ
အခံတွေ ချေဖျက်ဖို့ တာထွက်ပဲ။

ရေ မြေ တော တောင်အလိုက်
အရောင်ပြောင်းတာဟာ
ကွန်မင်ဒို နည်းတခုပေါ့။

သင်ညာစုံပေမယ့်
ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမှ
ပညာကို ဖမ်းဆုပ်နိုင်တာမလား။

ဘူးမချဲ့တတ်တဲ့ မဗေဒါခမျာ
အချိန်ကုန် ပင်ပန်း ရေမရ
ဇာတ်တော်က လမ်းပြခဲ့ဖူးတယ်။

ခေတ်သစ် တရားဟောဆရာတွေ
လာဘ်လာဘ ဇောကပ်ပြီး
နိဗ္ဗာန်နဲ့ ဝေးတော့တာပဲ
ဒါလည်း သတိပြုစရာပေါ့။

မည်သို့ပင် ဖြစ်စေကာမူ
ကောင်းကင်ကြီးကို
ဖားသူငယ်လည်း
မျှော်ငေးခွင့် ရှိပါတယ်။။

ကျော်ဟုန်း
၂၀၁၉၀၄၂၉