Breaking News

ဆောင်းယွန်းလ ● စမာ့တ်မဖြစ်ဘူး


ဆောင်းယွန်းလ ● စမာ့တ်မဖြစ်ဘူး
(မိုးမခ) မေ ၁၄၊ ၂၀၁၉

အတည့်ကို လွဲအောင်ပစ်နေရတာ
ပညာသားပါတယ်
လူက တနေရာရာကိုရောက်တိုင်း
စိတ်တွေက နောက်ထပ် တနေရာရာဆီကိုထပ်ရောက်နေတယ်
ဂဏာမငြိမ်မှုဟာ
ကိုယ့်ရဲ့ပုံတူပန်းချီကားတချပ်ဘဲ
ထွေရာလေးပါးလျှောက်ပြောနေရတာက
ရန်သူမျိုးငါးပါးကို ထိုင်စောင့်နေရတာထက်ပိုဆိုးတယ်
အဲဒီအသိခေါက်ခက်ကြီးက
လမ်းတွေနဲ့အကျွမ်းတဝင်ဖြစ်မှုကို
အဝင်နက်စေတော့တာဘဲ
အပြင်ထွက်ပြီး လေညှင်းခံဖို့အတွက်
နွေခေါင်ခေါင်ကို မိုးကဖျက်နေတော့
လမ်းပြအိမ်မြှောင်ဆီက ခရီးတခုမှထွက်ကျမလာခဲ့ဘူး
စမာ့တ်ဖုန်း စမာ့တ်အိမ်တွေပေါတဲ့
စမာ့တ်နှစ်သက္ကရာဇ်တွေရဲ့စမာ့တ်ခေတ်ထဲ
ကိုယ့်ကိုယ်ကို စမာ့တ်ဖြစ်အောင်မနေတတ်တော့
ကမ္ဘာ့သတင်းတွေနဲ့ပက်ပင်းတိုးတယ်
မိုးကိုဆဲဆိုပြီး လေကိုကျိန်ဆဲနေရင်းက
အိန္တိယသမုဒ္ဒရာထဲက မုန်တိုင်းမဲကြီးကို
စမာ့တ်တီဗွီထဲမှာ စမာ့တ်သတင်းအဖြစ်ကြည့်နေခဲ့ရတယ်
စိတ်က ဘယ်လိုမှစမာ့တ်ဖြစ်မလာခဲ့ဘူး
ငြိမ်းချမ်းရေးကိုတောင့်တပြီး
စစ်မဲ့ဇုံကိုချဉ်ခြင်းတပ်မက်နေရင်းက
ဘုရားကျောင်းတွေထဲက လူသတ်မှုသတင်းနဲ့
စစ်ပွဲသတင်းတွေကို ကြည့်နေခဲ့ရတယ်
စိတ်ကို စမာ့တ်ဖြစ်အောင်မွေးလို့မရပြန်ဘူး
သတင်းတွေကြည့်နေဖတ်နေရတာ စမာ့တ်မဖြစ်လို့
သည်ဗွိုက်စ်မြန်မာဘက်လှည့်ပြီးကြည့်မှ
စိတ်ရော ကိုယ်ပါ စမာ့တ်ဖြစ်မလာခဲ့တော့ဘူး။

ဆောင်းယွန်းလ