Breaking News

ခွန်ဆိုင်း - အရပ်သား အတွေး - အစိုးရအမြင်



ခွန်ဆိုင်း - အရပ်သား အတွေး - အစိုးရအမြင်

(မိုးမခ) မေ ၁၄၊ ၂၀၁၉

ကျွန်တော်ဟာ တနေ့တနေ့ သတင်းတွေနားထောင်ပြီး အင်္ဂလိပ်ကို အလိုမကျလိုက်- အမေရိကန်ကို သဘောမတွေ့လိုက် ။ တရုပ်ကို စိတ်ဆိုးလိုက်- အာဆီယံကို အပြစ်တင်လိုက်။ ကိုယ့်အစိုးရကို အားမရလိုက် စိတ်အလိုမကျရောဂါတွေရနေတတ်ပါတယ်။ ဒါပေမယ့်မကြာခင်က စကားစစ်ထိုးပွဲ တခုကို သေချာကြည့်မိလိုက်မိပြီး တဲ့အခါမှာတော့ ….. အော် ငါ အတော် နုံသေးတာပဲ၊ ငါလို အရပ်သားက အရပ်တွေး- တွေးနေတုန်း သူတို့ အစိုးရတွေ ဆိုတာက အစိုးရအလုပ်ကို လုပ်နေကြတာပါလား လို့ သတိရ- ကို
ယ့်ကိုယ်ကို ပြန်ဖြောင်းဖြ ပညာယူရပါတယ်။

.
ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလထဲက တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ မှာရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲမှာ ကမ္ဘာကျော် လူသတ်မှုတခုဖြစ်သွားပါတယ်။ကမ္ဘာ့မီဒီယာတွေမှာ အဲဒီသတင်း ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ အကြောင်းတွေက တော့ ဒီလူသတ်မှု ဟာ အင်မတန်လုံခြုံရေးစနစ်ကောင်းပါတယ်ဆိုတဲ့ သံရုံးထဲမှာ ဖြစ်သွားရတာ။ ဖြစ်ပုံကလဲ စနစ်တကျ အကွက်ချ ကြိုတင်ကြံစည်ပြီးမှ ဖြစ်တာ ။ ဖြစ်ပြီးတော့ အလောင်းပါပျောက်သွားတာ။ အသတ်ခံရသူက လူမသိသူမသိ သာမာန်ထဲက မဟုတ်နေ ပဲ အမေရိကန်မှာခိုလှုံရင်း ဝါရှင်တန်ပို့စ် သတင်းစာ မှာ သတင်းဆောင်းပါးတွေရေးနေတဲ့ ဆော်ဒီနိုင်ငံသား သတင်းသမား ဂျာနယ်လစ်စ်တယောက်ဖြစ်နေခဲ့တာတွေကြောင့်ပါ။ အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း သူ့နံမည်က ဂျမဲလ်ခါရှော်ဂီ ဖြစ်ပြီး သူဟာ အင်မတန်ပွင့်လင်းပြတ်သား ဝေဖန်ရေးသား ပြောဆိုတတ်တာတွေကြောင့် သတင်းလောကမှာ နံမည်ရ နေပေမယ့် - တဖက်မှာ တော့ ဆော်ဒီအစိုးရရဲ့ ငြိုငြင်တာကို ခံနေခဲ့ရသူပါ။

ခါရှော်ဂီဟာ သူ ပစ်မှတ်ထားခံနေရတယ်ဆိုတဲ့ အချက်ကို သိတ် အမှုမထားလိုက်ပဲ စေ့ဆော်မှုတခုကြောင့် ကောင်စစ်ဝန်ရုံးထဲကို ဝင်သွားမိပါတယ်။ သူ ဝင်ရတဲ့အကြောင်းက ဆော်ဒီအစိုးရဆီက ထောက်ခံချက်လေးတခုလိုနေခဲ့တာကြောင့်ပါ။ သုတေသနပညာရှင် တူရကီနိင်ငံသူတယောက်နဲ့ အင်တာဗျူးတခုမှာ ဆုံတွေ့ခဲ့ပြီး နောက်ပိုင်း သူတို့ နှစ်ယောက်သိကျွမ်း ချစ်ခင် ရည်ငံခဲ့ကြပါသတဲ့။ နောက်ဆုံး လက်ထပ်ဘို့ အတူနေဘို့-သဘောတူမျှခဲ့ကြတဲ့အခါ တရားဝင်လက်ထပ်နိုင်ဘို့ အမျိုးသမီးမိဘများ ဆီမှာ သူ ခွင့်ပန်ရမယ့် ကိစ္စ ရှိလာပါတယ်။ ဒါအတွက် ပထမဆုံး လိုအပ်ချက်က သူဟာ သူ့ပထမအိမ်ထောင်နဲ့ ကွဲကွာပြီးကြောင်း အထောက်အထားလေးကို ဆော်ဒီအစိုးရ ဆီမှာ သက်သေစာတစောင် သွားတောင်းခံရဖို့ ဖြစ်ပါတယ်။ ဆော်ဒီသံရုံးမှာ ပထမတခါ သွား စုံစမ်းလိုက်တဲ့အခါ သံရုံးက လိုလိုလားလားထုတ်ပေးမယ်ပြောလိုက်တာမို့ အားတက်ပြီး ဒုတိယအကြိမ် ချိန်းထားတဲ့အတိုင်းသွားလိုက်တဲ့ အချိန်မှာ သူ လုပ်ကြံခံလိုက်ရတာပါ။ အဲဒီကိစ္စ ဟာ အမေရိကန်နဲ့ ဥရောပ အစိုးရတွေကို လပေါင်းများစွာ ဂယက်ရိုက်ခတ် အလုပ်တွေရှုပ် နိုင်ငံရေး သံခင်းတမန်ခင်း စကားတွေ များနေစေခဲ့ပါတယ်။ အဲဒီအဖြစ်ကို အရပ်သားတွေ နဲ့ သတင်းဌါနတွေ လူ့အခွင့်အရေးသမားတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ကပြောကြဆိုကြ ရေးသားဝေဖန်ကြတာ တွေဟာ နေရာအနှံ့မှာ အချိန် အတန်ကြာ ဟိုးလေးတကြော် ရှိနေခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ “ ဆော်ဒီအာရေးဗျ နိုင်ငံကို အနောက်နိုင်ငံတွေက အဆက်အသွယ်ဖြတ်သင့် မသင့် ”ခေါင်းစဉ်နဲ့ လန်ဒန်မြို့က အင်မယ်နျူရယ်စင်တာ မှာ အထင်ကရ လူလေးယောက် စကားစစ်ထိုးပွဲတခုလုပ်ခဲ့ပါတယ်။ အဆက်အသွယ်ဖြတ်သင့်တယ် အရေးယူသင့်တယ်ဆိုတဲ့ဘက်က ၂ယောက်။ မဖြတ်သင့်ဘူး ဆိုတဲ့ဘက်က ၂ယောက်။

.. မော်ဒရေတာ ပွဲထိန်းလုပ်သူကတော့ ဘီဘီစီက နိုင်ငံတကာသတင်းဌါန အကြီးအကဲ ဝါရင့် သတင်းသမကြီး Lyse Doucet ပါ ။
အဆက်သွယ်ဖြတ်အရေးယူရမယ်ဆိုတဲ့ဘက်မှာ အယ်ဂျာဇီးယား အသံလွှင့်ဌါနက မာဒီဟာဆန် နဲ့ လန်ဒန် ( London School of Economic ) က အမျိုးသမီးပါမောက္ခ ဆော်ဒီနိုင်ငံဖွား မာဒါဝီအယ်လ်ရာရှစ် ။ အဆက်အသွယ်မဖြတ်သင့်ဘူး အရေးမယူသင့်ဘူး ဘက်မှာ ( London Think Tank ) ဥက္ကဌ ( London Global Strategy Institute ) က အီဂျစ်နိုင်ငံဖွား မာမွန်ဖန်ဒီ နဲ့ ပါလီမန်လွှတ်တော်မှာ လုပ်သက် ၂၁ နှစ်ရှိနေ တဲ့ ကွန်ဆာဗေးတစ်ပါတီ အမတ်-( သူက လွှတ်တော် နိုင်ငံခြားရေးရာတာဝန်ခံလဲလုပ်ဖူးတယ် )ခရစ်ပင်ဘလန့် တို့ဖြစ်ပါတယ်။

--
မာဒီဟာဆန် က အယ်ဂျာဇီးယား ရုပ်သံ မှာ ပင်တိုင် အသံလွှင့် ရုပ်သံသမား။ ဆောင်းပါးတွေလဲရေး ။ ဒီဘိတ်တွေမျိုးစုံ ကိုလဲ ဦးဆောင်နေတဲ့ နံမည်ကြီး ဂျာနယ်လစ် သတင်းသမားတယောက်ပါ။ သူ ထောက်ပြတဲ့အချက်တွေမှာ ဆော်ဒီမှာ ကားမောင်းမိလို့ ထောင်ကျနေတဲ့ အမျိုးသမီးတွေ။ ငြိမ်းချမ်းစွာဆန္ဒပြမိလို့ထောင်ကျနေတဲ့ လင်မယား။ အစိုးရကို ဝေဖန်လို့ ကြိမ်ဒဏ်၁၀၀၀ နဲ့ ထောင် ဒဏ် ၁၀နှစ် ကျနေတဲ့ ဘလောက်ဂါ ရာအစ်ဖ်ဘာဒါဝီ။ ဆော်ဒီက ပိတ်ဆို့ထားပြီး ဗုံးကြဲနေလို့ ရောဂါဘေး အငတ်ဘေး စစ်ဘေးနဲ့ နေ့စဉ်သေဆုံးနေရတဲ့ ယီမင်က ကလေး ၁.၈ သန်းအကြောင်းတွေပါ ပါတယ်။ ယီမင်က အယ်ကိုင်းဒါ အဖွဲ့တွေကို ဆော်ဒီက ကူညီနေတာဖြစ်တဲ့အကြောင်း။ ကာတာ နိုင်ငံကို ပိတ်ဆို့ အရေးယူထားလို့ ပင်လယ်ကွေ့ လေးနိုင်ငံ အကွဲအပြဲကြုံနေရတဲ့အကြောင်း။ အမေရိကန် ထုတ်ကုန် ၁.၁ ရာနှုန်း -ယူကေ က ထုတ်ကုန် ၁.၃ ရာနှုန်းကို ဆော်ဒီက နှစ်စဉ် ဝယ်နေတဲ့ဖေါက်သည်ပေမယ့် ကမ္ဘာတဝှမ်းက အကြမ်းဖက် ဆွန်နီ ဝါဒီတွေကို အဓိက ငွေကြေးပန့်ပိုးနေတာဟာ ဆော်ဒီဖြစ်တဲ့အကြောင်းတွေ အပြစ်တင် ထောက်ပြသွားပါတယ်။
..

အမျိုးသမီးပါမောက္ခ မာဒါဝီအယ်လ်ရာရှစ်ကတော့ အာဂ သတ္တိခဲအမျိုးသမီးတယောက်ပါ။သူ့ဘဝနောက်ကြောင်းလေးကို စကားပလ္လင်နဲနဲခံပြီးပြောလို့ သိရတာက သူဟာ ၁၉၈၃ မှာအင်္ဂလန် ကင်းဘရစ်တက္ကသိုလ်ကနေ မာစတာဒီဂရီယူတယ်။ နောက်ထပ် ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ကို Social Anthropology နဲ့ ထပ်ယူတယ်။ အဲဒီမှာ သူပြုတဲ့ စာတမ်းက ဆော်ဒီအာရေးဗျ သမိုင်းကြောင်း တဲ့။ အဲဒီစာတမ်းတင်တော့ သူ့အဖေဆီကို ဆော်ဒီမင်းသား မဟာမက်ဘင်ဆလမင် က ( အဲဒီတုန်းက ရီယာဒ်မြို့တော်ဝန်ဘဝမှာ ပဲ သူ ရှိသေးတယ်။ ) အဲဒီစာတမ်းကို ပုံနှိပ်ထုတ်ဝေရင် နိုင်ငံတော်က အရေးယူမယ် ဆိုတဲ့အကြောင်း အကြောင်းကြားလာပါသတဲ့။ သူက နောက်မဆုတ်ဘူး။ အဲဒါကို စာအုပ်ထုတ်တဲ့ အပြင် နောက်ထပ်စာအုပ် ၁၄-၁၅ အုပ်လောက်ရေးထုတ်ပစ်လိုက်ပါသတဲ့။ သူ ဆော်ဒီကို ပြန်ဘို့ ခက်သွားတာပေါ့။ ၂၀၀၅ခုနှစ်မှာ တီဗွီ အင်တာဗျူးကနေ ဆော်ဒီ အမျိုးသမီးတွေ ဘဝဟာ ကိုယ်နေထိုင်ရာမြို့တွေရွာတွေက မြူနီစပါယ်အုပ်ချုပ်ရေးတွေမှာတောင် ဝင်ရောက် အရွေးခံပြိုင်ခွင့် လုံးဝမရှိသေးဘူးလို့ပြောလိုက်တာမို့ ဆော်ဒီ ဘုရင်က အမျက်တော်ရှပြီး သူ့ကို နိုင်ငံသားဖြစ်ခွင့်ကနေပါ ရုပ်သိမ်းအရေးယူလိုက်ပါသတဲ့။ ဒီတော့မှ သူလဲ အင်္ဂလန်နိုင်ငံသားခံယူရတဲ့ အဖြစ်ရောက်လာပါ သတဲ့။ 

ရှင်တို့ ဥရောပ အစိုးရတွေ ပုံဖေါ်နေသလို တကယ်တော့ ဆော်ဒီဟာ မပြောင်းလဲသေးဘူး။ ဆော်ဒီမင်းသားဟာ ပြုပြင်ပြောင်းလဲရေးသမားတော်လှန်ရေးသမား မဟုတ်ဘူး။ ခုအချိန် ဆော်ဒီမှာ အုပ်ထိန်းသူ ပါရင် အမျိုးသားပါရင် ပွဲကြည့်ခွင့်။ ဘောလုံးပွဲ ကြည့်ခွင့်တွေရနေပြီ။ အမျိုးသမီးတွေ လဲ ကားမောင်းခွင့် ရလာနေပြီ ဆိုပေမယ့် အမျိုးသမီးလှုပ်ရှားတက်ကြွသူ ၈ယောက် နဲ့ သူတို့ကို ဝိုင်းရံတဲ့ အမျိုးသား ၄ဦးဟာထောင်ထဲမှာ ခုထိရှိနေသေးတဲ့အကြောင်း။ ကျမ သူငယ်ချင်း ပညာရှင်အမျိုးသမီးတယောက်လဲ- ကျမကို စွပ်စွဲသလိုပဲ။ အမျိုးသားသစ္စာဖေါက်။ ဗြိတိသျှ သူလျှို ဆိုပြီး စွပ်စွဲ ထောင်ချထားတုန်း။ ကျမ လွတ်လပ်စွာ စာအုပ် ထုတ်ဝေတာနဲ့ အဲလိုအပြစ်ပေးရမလား။ ဥရောပအစိုးရတွေက ပြောကြတယ်။ ဆော်ဒီကိုတော့ သွားမလုပ်ပါနဲ့ ။ သူတို့က ရှာရီယားဥပဒေနဲ့ အုပ်ချုပ်နေတာ ။ နိုင်ငံတကာဥပဒေနဲ့ အုပ်ချုပ်နေတာ မဟုတ်ဘူးလို့ အကြောင်းပြနေကြပေမယ့် ဗင်နီဇွဲလား နိုင်ငံရေးတော့ ဝင်စွက်ရဲကြသလား ။ ဗင်နီဇွဲလားကို ဘယ်တော့ ရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီး ရာဇသံတွေပေးရဲကြသလား။ ဆော်ဒီကျတော့ မှ အရေးမယူရဲဘူးလား။ လီဘနွန် ပြည်တွင်းရေးဝင်နှောက် ဝန်ကြီးချုပ်ကိုပြန်ပေးဆွဲ နှုတ်ထွက်ခိုင်းတာ ဆော်ဒီ။ ဘာရိန်းဒီမိုကရေစီ လမ်းလွဲအောင်၂၀၁၁ မှာလုပ်ခဲ့တာဆော်ဒီ။ ကာတာနိုင်ငံ ကို အကြမ်းဖက် အားပေးဆိုပြီး ခုထိ ပိတ်ဆို့ထားတာ ဆော်ဒီ။ ယီမင်စစ်မှာ ဝင်တိုက်နေတာဆော်ဒီ။ ဒါကို ခုထိ ဗြိတိန်က ချွင်းချက်မရှိ ထောက်ခံနေတာ လား။ ဆော်ဒီကို အဓိက လက်နက်ရောင်းနေတာ အမေရိကန်နဲ့ အင်္ဂလန်ပဲ။ ဒီတော့ လက်နက်ရောင်းတာတွေ ကို ရပ်ဘို့ ။ လူသတ်မှုမှာပါတ်သက်နေတဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဘို့ ဆိုတာလောက်ကို ရှင်တို့ မလုပ်သင့်ဘူးလား- ကျမက ပွင့်ပွင့်လင်းလင်းကြိုက်တယ် -တံခါးပိတ်နောက်ကွယ်မှာ ဆွေးနွေးနေပါတယ် တို့ အပြုသဘောဆောင် ချဉ်းကပ်နေတာပါ တို့ကို မကြိုက်ဘူး လို့ ပြောဆိုဆွေးနွေးပါတယ်။ 

သူမဟာ ဒီခေါင်းစဉ်နဲ့ စကားစစ်ထိုးလာတာ ဒါပါနဲ့ဆို ၃ပွဲ ရှိနေပြီတဲ့ ( ပထမ ၂ပွဲမှာတော့ တပွဲ နိုင် တပွဲရှုံး အဖြေကို ရ ထားပါတယ်။ ) ပွဲတက်လာတဲ့ ပရိသတ်တွေအားလုံး ပညာတတ်တွေဖြစ်တာလို့မို့ သူ့ဘက်ကထောက်ခံပြီး ဗြိတိန်အစိုးရကို ပြတ်သားတဲ့ အဖြေနဲ့ ဒီပွဲကနေ သတင်းစကားပါးပေးကြဘို့ အဆုံးမှာ တိုက်တွန်းသွားပါတယ်။
..

အရေးမယူသင့်ဘူး ဆိုတဲ့ ဘက်က အခြေရှင် မာမွန်ဖန်ဒီ ပြန်လည် ခြေပသွားတာမှာတော့ ဆော်ဒီ ကောင်စစ်ဝန်ရုံး လူသတ်မှုပြဿနာကို သူဟာ ဧရိယာ ၃ဘက်ကနေ သတိထား ချဉ်းကပ်သင့်တဲ့ အကြောင်း ပြောပါတယ်။
ပထမဧရိယာက ဆွေးနွေးပွဲ ခေါင်းစဉ်နံမည်နဲ့ ပတ်သက်တယ်။ ဆွေးနွေးပွဲခေါင်းစဉ်မှာ အနောက်ကမ္ဘာဟာ ဆော်ဒီအစိုးရကို အဆက်အသွယ်ဖြတ်သင့်တယ်ပြောတော့ အနောက်ကမ္ဘာက စိတ်ဓါတ်ပိုင်းကိုယ်ကျင့်ပိုင်းဆိုင်ရာ ( အရှေ့ထက် )ပိုမြင့်မြတ်ပြည့်စုံနေလို့လား။ အာရှ အာဖရိကအစိုးရတွေက အနောက်ထက် တဆင့်နိမ့် နေလို့လား။ သူတို့ကကော အရေးမယူသင့်ဘူးလား။ အမေရိကန်တွေ အီရတ်ကို ဝင်သိမ်းတော့ အီရတ်စစ် အကျဉ်းသားများစွာကို အမေရိကန်စစ်သားတွေ သတ်ဖြတ်ညှင်းဆဲတာတွေ အကျဉ်းထောင်တွေထဲမှာခုလိုပဲ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား။ ( အဘူရစ် ထောင်ဥပမာပေး)
ဒုတိယ စဉ်းစားရမယ့် ဧရိယာက ဆော်ဒီ ဟာ နိုင်ငံ သေးတယ်ပြောလို့မရဘူး။ ကမ္ဘာတဝှမ်းက မူဆလင် ဘာသာဝင်သန်း တထောင်ကျော် ဘာသာရေးအထွဋ် အမြတ်ထားရာ ဝတ်ပြုရာနိုင်ငံ ဆိုတာ မမေ့သင့်ကြဘူး။ ဒါကို အလေးထားရမယ်။
တတိယ စဉ်းစားရမယ့် ဧရိယာ က ဆော်ဒီ ဟာ ကမ္ဘာလောင်စာဆီ ထိန်းငြှိရာ ဗဟိုချက်။ ၁၉၇၃ တုန်းက ဆော်ဒီက လောင်စာဆီ ကိုလက်နက်လိုအသုံးချ ထိန်းချုပ်လိုက်တဲ့အတွက် တကမ္ဘာလုံး မှာ စီးပွါးရေးတွေ ကသောင်းကနင်းဖြစ်ခဲ့တဲ့ ရာဇဝင်ရှိတယ်။ အဲလိုတင်ပြပြီး
နောက် ဆက်ဆွေးနွေးတာတွေက ခါရှော်ဂီ အသတ်ခံရပြီးနောက်ထပ် ၂ရက်အကြာလောက်မှာ ဘူဂေးရီးယား မှာလဲ ရုပ်သံ သတင်းကြေငြာသူ အသက်၃၀ ပဲ ရှိသေးတဲ့ အမျိုးသမီး ဗစ်တိုးရီးယား မာရီနိုဗာ အသတ်ခံရပါသတဲ့။ သူမဟာ ရက်ရက်စက်စက် အသတ်မခံရခင်မှာ မုဒိန်းလဲ အကျင့်ခံရ ရှာပါတယ်။ သူ့အပြစ်က တော့ အစိုးရပိုင်းက အကျင့်ပျက်လာဒ်စားမှုတွေနဲ့ နဲ့ စီးပါွးရေးလုပ်ငန်းရှင်တွေအကြောင်း ဆက်စပ် သတင်းလုပ်မိတာ တဲ့ ။ ဒါပေမယ့် ဒီသတင်းသမား အသတ်ခံရတာကိုတော့ ဘယ်နိုင်ငံ ကမှဂရုမထား အရေးတယူမရှိကြဘူးဆိုတဲ့အကြောင်းလေး သူ ထည့်ပြောပါတယ်။
လူတွေဟာ ပြဿနာတွေကို မတူညီတဲ့ ပေတံအမျိုးမျိုးနဲ့ တနေရာတမျိုး တိုင်းထွာတတ်ကြပါသတဲ့ ။
ဆက်ဆွေးနွေးတာတွေကတော့ အမေရိကန်က ကျူးဘားကိုပိတ်ဆို့အရေးယူတယ်။ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီး ဘာအကျိုးဖြစ်ခဲ့တာတွေ ရှိသလဲ တဲ့။ ကတ်စထရို ဘာမှမဖြစ်။ ကျူးဘားပြည်သူတွေလဲ ဘာမှမဖြစ်လာ။ အီရန်ကိုပိတ်ဆို့တယ်။ မြောက်ကိုရီးယားကိုပိတ်ဆို့တာတွေလုပ်တယ်။ အစိုးရတွေ ဘာမှ မဖြစ်ခဲ့ဘူး။ ဒီတော့ ရာဇဝတ်မှုတခုကျူးလွန်ခဲ့တာကြောင့် ခုလို အမုန်းတွေ လက်တုန့်ပြန်လိုမှုတွေနဲ့ အစိုးရဆိုးတရပ်ကို အရေးယူမယ်- တိုင်းပြည်တပြည်ကို အရေးယူမယ် ဆိုတာမျိုးတွေကို သူ မလုပ်လိုဘူး။ မကြိုက်ဘူး။ တာဝန်ရှိသူ တယောက်ချင်းအပေါ် အရေးယူတာတွေမျိုးက ကျိုးကြောင်းဆီလျော်သေးတယ်။ စဉ်းစားသင့်ကြတယ်။ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာသင့်သလို နိုင်ငံတနိုင်ငံဆီက သူတို့ ပြည်တွင်း ဥပဒေတွေကိုလဲ လေးစားလိုက်နာသင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ လုပ်ချင်သလိုလုပ်နေကြရင် တောဥပဒေ တွေပဲ ဖြစ်နေမယ်။ နိုင်ငံချင်းအဆက်အသွယ်ဖြတ်ကြတဲ့ အထိဆိုတာ တကယ်တန်းကျတော့ အဆံ မပြည့်တဲ့ -စိတ်ကူးယဉ်ဆန်တဲ့ နိုင်ငံတကာပေါ်လစီလို့ပဲ သူ မြင်တယ်လို့ ဆွေးနွေးသွားပါ တယ်။

-
အခြေရှင်နောက်တယောက်ဖြစ်တဲ့ ကွန်ဆာဗေးတစ်အမတ် ခရစ်ပင်ဘလန့်ကတော့ သူဟာ ဆော်ဒီမင်းသား နဲ့ လူချင်းလည်း သိကျွမ်းရင်းနှီးတယ်။ ဆော်ဒီမင်းသားဟာ သူ့နိုင်ငံကို ပြုပြင်ပြောင်းလဲလိုတဲ့ အမြင်ရှိတယ်လို့ သူထင်တယ်။ အရှေ့အလယ်ပိုင်းဒေသဟာ တည်ငြိမ်မှု မရှိဘူး။ ဆော်ဒီနိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းတည်ငြိမ်ရေးမှာ အရေးကြီးတဲ့ အဓိကဒေါက်တိုင်သဖွယ်တည်ရှိ နေတာမို့ သူ မတည်မငြိမ်ဖြစ်ရင် ပိုဆိုးမယ်။ သူ့ကို ဖြစ်ချင်သလိုဖြစ် ပါစေ ဆိုပြီး အားလုံးက အဆက်ဖြတ်ထားလိုက်လို့ သူ့ ပြည်တွင်းမှာ ဆူပူ အုံကြွမှုတွေ ဖြစ်လာမယ်ဆိုရင် ဆီးရီးယား လစ်ဗျားတို့လို့ ဆိုးဝါးသွားနိုင်တယ်လို့ သူထင်ကြောင်းပြောပါတယ်။ ဒေသတည်ငြိမ်ရေးပျက်ပြားသွားရင် ဗြိတိန်အနေနဲ့လဲ ကာကွယ်ရေးစားရိတ်တွေ ပိုကုန်ကျ လာနိုင်ကြောင်း ။ ခုလို အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာရောက်နေတဲ့ အစိုးရတရပ်ကို ပြစ်တင်မောင်းမဲ အရှက်တကွဲ ဖြစ်အောင်လုပ်။ သံခင်းတမန်ခင်း အသံကျယ်ကျယ်ဟစ် တာတွေ လုပ်- အဆက်အသွယ်ဖြတ် တာတွေဟာ အထီးကျန်သွားတာ-ဒေသတွင်းမတည်မငြိမ်ဖြစ်လာမှာကလွဲလို့ ဘာမှ အကျိုးမများဘူးလို့ ဆွေးနွေးပါတယ်။
.
အရှေ့အလယ်ပိုင်းက နိုင်ငံရေးဟဲဗီးဝိတ် ဆော်ဒီနဲ့ အမေရိကန်ဆက်ဆံရေးဟာ ဘယ်တုန်းကမှ မပျက်ခဲ့ပဲ စီးပွါးရေးအရကော မဟာဗျူဟာမြောက် လက်တွဲဖေါ်အဖြစ်နဲ့ ဆက်ဆံလာတာ နှစ်ပေါင်း ၇၅ နှစ်ရှိပါပြီ။ ဒီ လူသတ်မှုမှာ ဘယ်သူတာဝန်ရှိသလဲဆိုတာထက် အမေရိကန် ဆော်ဒီဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ အမေရိကန်သမတ ထရမ့်ကလဲ အခိုင်အမာ ပြောပြီးပါပြီ။ လူသတ်မှုနဲ့ ပတ်သက်လို့ ဆော်ဒီမင်းသားရဲ့ အဓိက လက်ရုံးနှစ်ယောက်အပါအဝင် လူ ၁၇ ဦးကို အိမ်ဖြူတော်က ကန့်သတ်အရေးယူမှုတွေလုပ်ခဲ့တာကလွဲရင် ဘာမှ ဆက်လုပ်လိုပုံမရပါ။ စီအိုင်အေအစီရင်ခံစာမှာ ဆော်ဒီမင်းသား အမိန့်ပေးတယ်လို့ ယူဆပေမယ့် သမတကတော့ ဒါကို အတည်မပြု ဂရုမထားပါ။ဘီလီယံ ၁၁၀ ဘိုးလက်နက်ဝယ်ထားတဲ့ဖေါက်သည်။ အီရန်ကို ရင်ဆိုင်ဘို့အတွက်လက်တွဲထားရမယ့် မိတ်ဆွေအဖြစ်က ပျက်လို့ မရပါ။ မဟာဗျူဟာမြောက်ဆက်ဆံရေးနဲ့ လူ့အခွင့်အရေးမှာ ဘာကို အလေးပေးရမယ်ဆိုတာ အမေရိကန်အစိုးရက ဆုံးဖြတ်လုပ် ဆောင်သွားမှာပါ။ ဥရောပအစိုးရတွေအဖို့မှာလည်း ဆော်ဒီဟာ လက်နက်ဖေါက်သည်ကြီးပါပဲ။ အမေရိကန်ပြီးရင် လက်နက်အများဆုံးရောင်းချနေတဲ့ နိုင်ငံတွေမှာ အင်္ဂလန် ပြင်သစ် စပိန် နဲ့ ဂျာမဏီတို့ဟာ အစဉ်အလိုက် ရှိနေပါတယ်။

ဒီ Intelligence Squared debate ပွဲကို တက်ရောက်နားထောင်ကြတဲ့ ပရိသတ် ခန့်မှန်းခြေ ၅၀၀ ထက်မနဲ ရှိတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက လူကြီး ပရိသတ်တွေကြား ၁၃-၁၄ နှစ်အရွယ်ကျောင်းသားတချို့ စိတ်ဝင်တစားလာရောက်နားထောင်နေတာ တွေ့လိုက်ရတာပါ။
စကားစစ်ထိုးပွဲအရှုံးအနိုင် မဲပေးကြတာကိုကြေငြာတဲ့အခါမှာတော့ အဆက်အသွယ်ဖြတ်သင့်တယ်ဆိုတဲ့ မဲပေးသူ က ၄၁ ရာခိုင်နှုန်း ။ အဆက်အသွယ် မဖြတ်သင့်ဘူး ယူဆသူက ၂၂ ရာခိုင်နှုန်း နဲ့ ဝေခွဲလို့ မရဘူး လို့ မဲပေးသူက ၃၇ ရာခိုင်နှုန်းရှိပါတယ်။
( ဒီဆောင်းပါးကို ဖတ်ပြီး ဘာမှ မပြော- တွေးနေမယ့်လူတွေလဲ အခုလို ၃၇ ရာခိုင်နှုန်းထဲမှာ ပါမယ်ထင် )
.
အရပ်သားတယောက်ဟာ တိုင်းရေးပြည်ရာကိစ္စတွေနဲ့ ပတ်သက်လာရင် သူ့ စိတ်ထဲရှိသလို တွေးလိုက်ပြောလိုက်တာဖြစ်ပြီး အစိုးရဆိိုတာကတော့ လက်တွေ့ဆောင်ရွက်ဖြေရှင်းနေရတာဖြစ်ပါတယ်။ နိုင်ငံရေး စစ်ရေး စီးပွါးရေး သံတမန်ရေး ဒေသန္တရရေး အားလုံးကို ခြုံငုံစဉ်းစားပြီးမှ ဆောင်ရွက်ရတဲ့ တာဝန် တွေ အရပ်သားမှာ မရှိပါဘူး။ပညာရှင်တွေမှာလဲ မရှိပါဘူး။ အစိုးရမှာသာ ရှိပါတယ်။ အရပ်က အသံတွေ- ပညာရှင်တွေရဲ့ အသံတွေကိုတတ်နိုင်သမျှ နားထောင်။ ပွင့်လင်းမြင်သာအောင် အတတ်နိုင်ဆုံးလုပ်- ဖြစ်လာတဲ့ ဆိုးမွေကောင်းမွေ အားလုံးကိုတာဝန်ခံရမှာ ဒီ အစိုးရပါပဲ။ ဒါကြောင့် ကိစ္စတွေဖြစ်လာတိုင်း အရပ်သားက အရပ်သားလို တွေး အရပ်သားလိုပြောနေဦးမှာ ဖြစ်ပြီး အစိုးရတွေကလဲ သူတို့ မှန်တယ်ထင်တာ သူတို့ လုပ်ချင်တာ သူတို့ လုပ်သင့်တယ်ထင်တာတွေကို လုပ်နေကြဦးမှာပါခင်ဗျာ။

ခွန်ဆိုင်း ( ၁၂-၀၅ -၂၀၁၉ )