Breaking News

ငြိမ်း (ပဲခူး) ● ဆည်းလည်းကလေး

ငြိမ်း (ပဲခူး) ● ဆည်းလည်းကလေး
(မိုးမခ) မေ ၁၄၊ ၂၀၁၉

အမေ့ရဲ့ကွမ်းယာဆိုင်ကလေးအရှေ့ကလမ်းပေါ်မှာ ခွေးဖြူကလေးတကောင် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် လုပ်နေ တယ်။ ကြည့်ရတာ သူ့သခင်ပျောက်နေလို့ပဲ ဖြစ်ပါလိမ့်မယ်။ သခင်ပျောက်နေတော့ ခွေးဖြူကလေးရဲ့ မျက်နှာကလေးဟာ အားကိုးရာမဲ့ပြီး သနားစရာပုံစံကလေး ဖြစ်နေတယ်။ အဲဒီအချိန်တုန်းက ခွေးဖြူကလေးရဲ့ မျက်နှာပုံစံကိုကြည့်ပြီး လစ်ဗျား အာဏာရှင်ကဒါဖီရဲ့ မျက်နှာပုံစံကလေးကို သတိရမိတယ်။

အာဏာရှင် ကဒါဖီဟာ သူ့ရဲ့အုပ်ချုပ်မှုကို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေရဲ့တော်လှန်မှုကြောင့် နိုင်ငံထဲကနေ ခွေး ပြေး ဝက်ပြေး ပြေးရင်းနဲ့ ရေဆိုးမြောင်းတခုထဲမှာ ပုန်းအောင်းနေတဲ့အချိန် တော်လှန်သူပြည်သူတွေကတွေ့ရှိပြီး သေနတ်နဲ့ ပစ်သတ်ခါနီးမှာ ဖြစ်ပေါ်လာတဲ့ မျက်နှာပုံစံကလေးပဲ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်ပြောချင်တာက သနားစရာမျက်နှာပုံစံချင်းတူပေမယ့် ခွေးဖြူ မကလေးရဲ့ သနားစရာမျက်နှာပုံစံကလေးက မြင်တဲ့သူတိုင်းကို ချစ်ခင်ဖွယ်ရာကောင်းစေပြီး လစ် ဗျားအာဏာရှင် ကဒါဖီရဲ့ သနားစရာမျက်နှာပုံစံကလေးကတော့ မြင်တဲ့သူတိုင်းကို ရွံမုန်းစေပါတယ်။

သူအာဏာရစဉ်တုန်းကတော့ ပြည်သူတွေအပေါ်ကို မတရားဖိနှိပ်ပြီး နိုင်ငံရဲ့ပိုက်ဆံတွေကို သူ့အိတ်ကပ်ထဲကိုသာ ထည့် တယ်။ နောက်ပြီး လစ်ဗျားနိုင်ငံကိုလည်း သူ့မိသားစုပိုင်နိုင်ငံတခုလိုသဘောထားပြီး အကြောက်တရားနဲ့အုပ်ချုပ်တယ်။ ပြောရမယ်ဆိုရင် ပြည်သူတွေဘက်ကို မျက်နှာမမူဘူးပေါ့ဗျာ။

အဲဒီခွေးဖြူကလေး လမ်းပေါ်မှာသခင်ပျောက်လို့ ပြေးလွှားနေတဲ့အချိန်ဟာ ပွင့်လင်းရာသီရောက်နေတဲ့အချိန်ပါ။ ရာသီဥတု ကလည်း သာသာယာယာပဲ။ ပိုက်ဆံရှိတဲ့လူတွေအတွက်ကတော့ ခရီးထွက်လို့ကောင်းတဲ့ရာသီပါ။ အဲဒါကြောင့် ခွေးဖြူက လေးဟာ ကျွန်တော်တို့မြို့ကလေးကို ဘုရားဖူးလာကြတဲ့ ခရီးသွားဧည့်သည်တွေ ကျန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

နဂိုထဲကမှ တရိစ္ဆာန်ကလေးတွေကိုချစ်တတ်တဲ့ ကျွန်တော့်မကြီးဟာ ခွေးဖြူကလေးကိုမြင်သွားပြီး အိမ်မှာခေါ်ထားလိုက် တယ်။ ခွေးဖြူကလေး ကျွန်တော်တို့အိမ်ကိုရောက်စက မျက်လုံးကလေး ကလယ် ကလယ်နဲ့ ကျွန်တော့်တို့မိသားစုရဲ့ မျက်နှာတွေကိုကြည့်ပြီး ကြောက်လို့နေတယ်။ ခွေးဖြူကလေးက ''အမ'' ကလေးပဲ ဖြစ်ပါတယ်။

ခွေးဖြူ မကလေးမတိုင်ခင် ကျွန်တော်တို့အိမ်မှာ သူ့ထက်စီနီယာကျတဲ့ အခြားခွေးကလေးတွေ ကြောင်ကလေးတွေ ရှိခဲ့ သေးတယ်။  နောက်ပြီး အဲဒီလို ကျွန်တော်တို့အိမ်မှာမွေးထားတဲ့ တရိစ္ဆာန်ကလေးတွေကို ကျွန်တော်တို့အိမ်ရဲ့ လုံခြုံရေးမှူး တွေလို့လဲ မှတ်ယူထားပါတယ်။

ကျွန်တော်တို့အိမ်နားကို အခြားတစိမ်းတယောက် ကပ်လာပြီဆိုတာနဲ့ တန်းဟောင်တော့တာပဲ။ ပြီးရင် ကျွန်တော်တို့အိမ်ထဲကို လည်း အိမ်နီးနားချင်းတွေခမျာ  တော်ရုံတန်ရုံ မဝင်ရဲကြဘူး။ ဝင်တာနဲ့ ကိုယ်မယ်ချည်း တကဲကဲ လုပ်နေတာကြောင့်ပါ။ အဲဒီ ခွေးကလေးရဲ့ နာမည်က ''လေးလုံး'' ပါ။ မျက်ခုံးနှစ်ခုအပေါ်မှာ အညိုရောင်အစက်ကလေး နှစ်စက်ပါတာကြောင့်  ''လေးလုံး'' လို့ အမည်ပေးထားရခြင်း ဖြစ်ပါတယ်။ အဲဒီလို ဟောင်လွန်းတာကြောင့်လို့ ထင်တယ်။ ''လေးလုံး'' ဟာ အရွယ် မတိုင်ခင် အဆိပ်မိပြီး သေသွားတယ်။

''လေးလုံး'' အဆိပ်မိပြီး လမ်းပေါ်မှာလဲနေတဲ့အချိန် ရပ်ကွက်ထဲက လူတယောက်က အမေ့ရဲ့ကွမ်းယာဆိုင်ကလေးမှာ ကွမ်းယာလာဝယ်ရင်း ပြောပါတယ်။ အဲဒီအချိန် ကျွန်တော်ရယ် မကြီးရယ် အဖေရယ်က ဆိုင်သိမ်းဖို့ပြင်ဆင်နေတဲ့ အချိန်ပါ။ အဲဒါနဲ့ ဆိုင်ကိုကမန်းကတမ်း အမြန်သိမ်းပြီး ကွမ်းယာလှည်းကလေးကို ခပ်မြန်မြန်ကလေးတွန်းကာ ''လေးလုံး'' ဆီကို သွားတယ်။ ''လေးလုံး'' ဟာ လမ်းပေါ်မှာ တုံးလုံးကလေးလဲနေပြီး ပါးစပ်မှာလည်း အမြှုပ်တွေ ထွက်လို့နေတယ်။

ကျွန်တော့်ရင်ထဲမှာ စို့နစ်ကြေကွဲသွားတယ်။ မျက်လုံးအိမ်ထဲမှာလည်း မျက်ရည်စတွေ တွဲခိုသွားတယ်။ ကျွန်တော့်ဘဝမှာ စိတ်ထိခိုက်စရာကောင်းလှ တဲ့ မြင်ကွင်းကလေးကို ပထမဦးဆုံးအနေနဲ့ စတင်မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ အဲဒီအချိန် မကြီး ရဲ့ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေ ထိန်းမနိုင် သိမ်းမနိုင် စီးကျလာတယ်။ သူတော်တော်လေး ဝမ်းနည်းသွား တယ်နဲ့ တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ''လေးလုံး'' က သူ့ရဲ့အချစ်တော် မို့လို့ပါ။ အဖေကတော့ လူကြီး ဖြစ်နေတာကြောင့် ကျွန်တော်နဲ့မကြီးလို မျက်ရည်မကျပေမယ့် အဖေ့ရဲ့မျက်နှာကလေးက ညှိုးငယ်လို့နေတယ်။ နောက်ပြီး ''လေးလုံး'' ကို ငယ်ငယ်ကလေးထဲကနေ အခုလို အဆိပ်မိပြီး လမ်းပေါ်မှာလဲကျကာ သေဆုံးတဲ့အချိန်ထိ အရိပ်တကြည့်ကြည့်နဲ့ ကျွန်တော်တို့မိသားစုက ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ သံယောဇဉ်တွေ အမြစ်တွယ်နေပြီ။

ကျွန်တော့်အတွက်တော့ အံ့သြဖွယ်ရာကောင်းတဲ့ မြင်ကွင်းကလေးတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ''လေးလုံး'' ဆိုင်ကိုရောက်လာတုန်းက အကောင်းချည်းပါ။ ကျွန်တော်တောင် ခေါင်းကိုပုတ်ပြီးစနောက်လိုက်သေးတယ်။ အဲဒီကထဲက ''လေးလုံး'' အဆိပ်မိနေတာဖြစ်လိမ့်မယ်။ ''လေးလုံး''သာ စကားပြောတတ်ရင် သူအဆိပ်မိနေတဲ့အကြောင်း ကျွန်တော့်ကို ပြောမှာသေချာပါတယ်။

အဖေဟာ ''လေးလုံး'' ရဲ့ ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး မညီမညာဖြစ်နေတဲ့ မြေသားလမ်းကလေးပေါ်မှာ တရွတ်တိုက်ဆွဲကာ အိမ်ကိုသယ်လာခဲ့တယ်။ ''လေးလုံး''ရဲ့ခေါင်းဟာ မြေသားလမ်းကလေးပေါ်မှာ တလှုပ်လှုပ်နဲ့။ မှတ်မှတ်ရရ အဲဒီအချိန်မှာ လေပြေညင်းကလေးတိုက်ခတ်လိုက်တာကြောင့် ဖုန်မှုန့်ကလေးတွေနဲ့အတူ သစ်ရွက်ခြောက်ကလေးတွေဟာ လေထဲမှာ ပျံဝဲလို့နေတယ်။ ပြီးတော့ ဝါးပိုးဝါးနဲ့ ပြုလုပ်ထားတဲ့ လမ်းမီးတိုင်ကလေးတွေဟာလည်း ယိမ်းထိုးလှုပ်ခါလို့။

ကျွန်တော်တို့ဆိုင်သိမ်းပြီဆို လေးလုံးက အိမ်ကို အရင်ပြန်နေကျ။ ''လေးလုံး'' အိမ်ရောက်ပြီဆိုတာနဲ့ အိမ်မှာရှိတဲ့ အမေက ကျွန်တော်တို့ ဆိုင်သိမ်းလာပြီဆိုတာကို မမြင်ရဘဲနဲ့ သိနေပြီ။ အဲဒါကြောင့် ညတိုင်းလိုလို အမေက ''လေးလုံး'' ကိုမျှော်နေရတာ။ ဒါပေမယ့် ဒီည အမေမြင်တွေ့ရမှာကတော့ ''လေးလုံး'' ရဲ့ အသက်ကင်းမဲ့နေတဲ့ ဘော်ဒီတခုပဲ ဖြစ်ပါတော့တယ်။

''လေးလုံး'' ကို စောက်မြင်ကပ်လို့ အဆိပ်ခတ်လိုက်တဲ့လူကတော့ ဘယ်လိုခံစားရလဲ မသိဘူး။ အဲဒီညကတော့ ကျွန်တော်တို့မိသားစုရဲ့ စကားသံတွေ တိတ်ဆိတ်သွားတယ်။ လေးလုံးရဲ့ ''တဝုတ်ဝုတ်'' နဲ့ ဟောင်နေတဲ့အသံတွေကို နောက်ဘယ်တော့မှကြားရတော့မှာ မဟုတ်ပါဘူးဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့။ အလယ်တန်းကျောင်းသားအရွယ်သာရှိသေးတဲ့ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲမှာ ဆရာကြီးရွှေဥဒေါင်းလို ဆူးတချောင်းစိုက်ဝင်သွားပါပြီ။

ခွေးဖြူ မကလေးဟာ ကျွန်တော်တို့မိသားစုနဲ့ နေသားတကျဖြစ်လာတဲ့အခါ ကျွန်တော်တို့မိသားစုဝင် တယောက်ယောက်အပြင်သွားပြီဆိုတာနဲ့ လိုက်တော့တာပဲ။ အဲဒီအခါ တလမ်းလုံး ခွေးဟောင်သံတွေ ဆူညံပွက်လောရိုက်လို့။ အခြားခွေးကလေးတွေက ခွေးဖြူမကလေးကို ဝိုင်းဟောင်နေကြတဲ့ အသံတွေပေါ့။ နောက်ကျတော့ ကျွန်တော်တို့ မိသားစု ဝင်ထဲက ဘယ်သူပဲအပြင်ကို သွားသွား ခြံတံခါးပိတ်ပြီး ခွေးဖြူ မကလေးကို အိမ်ထဲမှာပဲထားခဲ့တော့တယ်။

ခွေးဖြူ မကလေးဟာ ခွေမကလေးဖြစ်တာကြောင့် နောက်ထပ် ခွေးကလေးတွေ မွေးလာအုံးမယ်။ အဲဒီအခါ သံယောဇဉ်တွေဖြစ်ပေါ်လာရအုံးမယ်။ အဲဒါကြောင့် ကျွန်တော်တို့မိသားစုက ခွေးဖြူ မကလေးကို ခွေးကလေးတွေမမွေးနိုင်အောင်ဆိုပြီး တားဆေးထိုးပေးထားပါသေးတယ်။

ကျွန်တော်တို့အိမ်ကလေးမှာ မွေးခဲ့ဖူးတဲ့ အခြားခွေးကလေးတွေလိုပဲ ခွေးဖြူ မကလေးကလည်း အဟောင်သန်တယ်။ နေ့ဘက်ရော ညဘက်ရော ဟောင်လိုက်တာမှ ပြောမနေနဲ့။ ကျွန်တော်တို့အိမ်ကို ဧည့်သည်တယောက်လာလည်ပြီဆို ခွေးဖြူ မကလေးကိုပဲ လိုက်ထိန်းနေရတယ်။

ခွေးဖြူ မကလေးက လူစကားကို အိန္ဒိယဇာတ်ကားတွေထဲက ခွေးလိမ္မာကလေးတွေလို အင်္ဂလိပ်စစ်ကားတွေထဲက မိုင်းရှာတဲ့ ခွေးကလေးတွေလို လူချမ်းသာတွေရဲ့ အိမ်က ခွေးကလေးတွေလို ကိုယ့်သခင်စကားနားလည်အောင် လေ့ကျင့်ပေးထားတာမဟုတ်ပေမယ့်လည်း ကျွန်တော်တို့အိမ်ကလေးရဲ့ မေတ္တာတရားတွေကြောင့်လို့ ထင်တယ်။ ကျွန်တော်တို့ ပြောလိုက်တာနဲ့ အတန်အသင့် နားလည်ပါတယ်။

အဖေက အမေ့ရဲ့ကွမ်းယာဆိုင်ကလေးဆီကို သွား ဖို့ ကျွန်တော်တို့အိမ်မှာ အိမ်စောင့်ဖို့လူမရှိတဲ့အခါ ခွေးဖြူ မကလေးကို အိမ်မှာစောင့်နေဖို့ ခပ်တည်တည်နဲ့ ပြောလိုက်တယ်။ အဲဒီအခါ ခွေးဖြူ မကလေးဟာ အိမ်ကလေး ရဲ့လှေခါးထစ်ပေါ်မှာ ဘယ်သူမှတက်လို့မရအောင် လှဲနေလိုက်တယ်။ ပြီးတော့ ခေါင်းကိုခြံအပြင်ဘက်လှည့်ပြီး ကြည့်နေလိုက်ပါတယ်။ ဆိုလိုတာကတော့ သူနားလည်တယ်ပေါ့။ အဲဒီအဖြစ်အပျက်ကလေးက အဖေ ကျွန်တော့်ကို ပြန်ပြောပြလို့ သိရတာပါ။

မှတ်မိပါသေးတယ်။ ကျွန်တော့်ယောက်ဖရယ် မကြီး ရယ် ကျွန်တော်ရယ် အိမ်အောက်ထပ်မှာ ရှိနေတဲ့အချိန် အိမ်အပေါ်ထပ်မှာ ''တဝုန်းဝုန်း'' နဲ့ ပြေးလွှားနေတဲ့အသံတွေကို ကြားရတယ်။ ဘာဖြစ်တာလဲပေါ့။ အိမ်မှာ ကလေးငယ်ငယ်ကလေးလည်း တယောက်မှ မရှိပါဘူး။ ကျွန်တော်တို့ သုံးယောက်စလုံး ကြောင်တောင်တောင်ဖြစ်သွားတယ်။ အဲဒါနဲ့ အခြေအနေမှန်ကို သိရအောင်ဆိုပြီး ကျွန်တော့် ယောက်ဖက အိမ်အပေါ်ထပ်ကို တက်ကြည့်လိုက် တော့ ခွေးဖြူ မကလေးနဲ့ သူ့အဖော် ခွေးကလေးတကောင်ဟာ ပြေးလွှားဆော့ကစားလို့နေတာကို မြင်တွေ့လိုက်ရတယ်။ ကျွန်တော့် ယောက်ဖလည်း ဒေါသထွက်သွားပြီး တံမြက်စည်းနဲ့သဲကြီးမဲကြီး ရိုက်ပစ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ခွေးဖြူ မကလေးဟာ ကျွန်တော့်ယောက်ဖကို အကြောက်ကြီး ကြောက်သွားပါတယ်။

ကျွန်တော်တို့အိမ်ကို ခွေးဖြူ မကလေးရောက်ပြီး မကြာဘူး။ ကျွန်တော့် တူမလေးတယောက် ဆယ်တန်းတက်ဖို့ ရောက်လာ တယ်။ အဲဒီအခါ ခွေးဖြူ မလေးဟာ ကျွန်တော့်တူမလေးကို မခင်သေးတဲ့အတွက် ခပ်တန်းတန်းပဲ နေတယ်။ ပွတ်သီးပွတ်သပ် သိပ်မလုပ်ဘူး။ နောက် မကြာပါဘူး။ တူမလေးက ခွေးဖြူ မကလေးကို မုန့်ကျွေးလိုက် ထမင်းကျွေးလိုက် လုပ်ပြီးတဲ့အခါ မှာတော့ သူနဲ့ ခွေးဖြူ မကလေးဟာ ခင်သွားတယ်။

တူမလေးကျူ ရှင်က ပြန်လာပြီဆိုတာနဲ့ ခွေးဖြူ မကလေးက ပြေးကြိုတော့တာပဲ။ သူ့အတွက် တူမလေးက မုန့်ဝယ်လာတယ် ဆိုတာကို သိနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့တူမလေးကို ခွေးဖြူ မကလေးက နေ့စဉ်နေ့တိုင်းလိုလို ခြံဝကနေကြိုတယ်။ ဒီလိုနဲ့ တနေ့မှာ တူမလေး ကျူ ရှင်ကနေ ပြန်လာတော့ ခြံဝမှာ ခွေးဖြူ မကလေးကို မတွေ့တာနဲ့ အိမ်အပေါ်ထပ်ကို တက်လာခဲ့ တယ်။ ပြီးတဲ့အခါ တူမလေးဟာလွယ်အိတ်ထားမလို့ သူ့အခန်းထဲကို ဝင်လိုက်တဲ့အခါ ခွေးဖြူ မကလေးဟာ မွေ့ယာပေါ်မှာ ခေါင်းအုံး အုံးပြီး ကျကျအိပ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီလိုပုံစံနဲ့ မမျှော်လင့်ဘဲ ရုတ်တရက်တွေ့လိုက်ရတာကြောင့် တူမလေးဟာ ပါးစပ်အဟောင်းသားနဲ့ ငိုရမလိုလို ရယ်ရမလိုလို ဖြစ်သွားပါတယ်။

ကျွန်တော်တို့မိသားစုဝင်ထဲက ဘယ်သူအကျင့်လုပ် ထားလဲ မသိဘူး။ ခွေးဖြူ မကလေးက နို့မှုန့်ကို အရမ်းကြိုက်နေတယ်။ နို့မှုန့်ထုပ်မြင်ပြီဆိုတာနဲ့ ခွေးဖြူ မကလေးဟာ သူ့လျှာကလေးကို အပြင်ထုတ်ပြီး သူစားမယ်ပေါ့။ အဲဒါနဲ့ နို့မှုန့်ထုပ်ကိုဖောက်ပြီး သတင်း စာစက္ကူ ပေါ်မှာ ပုံပေးလိုက်တယ်။ အငမ်းမရ လျှက်ပါလေရော။ ဘယ်လောက်တောင်ကြိုက်သလဲဆိုရင် နို့မှုန့်တွေကပ်နေတဲ့ သတင်းစာစက္ကူ ပါ ဝါးစားပစ်လိုက်တယ်။ အဲဒီလောက်ကိုကြိုက်တာပါ။

ကျွန်တော်အလုပ် လုပ်နေတဲ့ လုပ်ငန်းခွင်ထဲမှာ စိတ်ညစ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာတိုင်း အဆောင်မှာမနေချင်တာနဲ့ အိမ်ကိုပြန်တယ်။ အိမ်ရှေ့ ရောက်တော့ ကျွန်တော့်ကို မြင်တာနဲ့ ခွေးဖြူ မကလေးက အမြီးကလေးလှုပ်ရမ်းကာ ပြေးလာတယ်။ ပြီးရင် ကျွန်တော်နဲ့ ဆော့တော့တာပဲ။ အဲဒီအခါ ကျွန်တော်ခံစားနေရတဲ့ စိတ်ညစ်စရာအခြေအနေတွေဟာ တဒင်္ဂလေးအတွင်း ပျောက်ကွယ်လို့သွားတယ်။

မကြီးဆိုရင် ညဘက်ဆိုင်သိမ်းပြီးလို့ အိမ်ကိုပြန်လာတဲ့အခါတိုင်း ခွေးဖြူ မလေးကို ''မီးလေးရေ၊ မီးလေးရေ'' ဆိုပြီး ခေါ်လိုက်တာနဲ့ ခွေးဖြူ မကလေးဟာ ပြေးလာပြီး မကြီးကိုယ်ပေါ်ကို ကုပ်တက်တော့တာပဲ။  အဲဒီအခါ မကြီးရဲ့တနေ့တာ ဘဝအမောတွေဟာ ပြေပျောက်သွားပြီး မကြီးမျက်နှာဟာ ပြုံရွှင်ရယ်မောလို့နေတယ်။

အမှန်ဆိုရင် ခွေးဖြူ မကလေးက ကျွန်တော်တို့ မိသားစုရဲ့ အိမ်မွေးတိရိစ္ဆာန်တကောင်ပဲ ဖြစ်ပါ တယ်။ တိရိစ္ဆာန်ကလေးတွေကို ချစ်တတ်တဲ့ အိမ်တိုင်း အိမ်တိုင်းမှာလည်း ရှိနိုင်ပါတယ်။ ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ထူးဆန်းတာတခုကတော့ ခွေးဖြူ မကလေးက ကျွန်တော်တို့မိသားစုရဲ့ ဆည်းလည်းကလေး ဖြစ်နေတာကြောင့်ပါ။

ငြိမ်း (ပဲခူး)