ဆောင်းဝေ (နတ်မောက်) - တနင်္ဂနွေရဲ့ နာမည် (သို့မဟုတ်) ငယ်
ဆောင်းဝေ (နတ်မောက်) - တနင်္ဂနွေရဲ့ နာမည် (သို့မဟုတ်) ငယ်
(မိုးမခ) မေ ၁၊ ၂၀၁၉
မနက်ခင်းဟာ
နာမည်တခုနဲ့ရောက်လာ။
မြစ်ကမ်းဘေး ဧပရယ်လထဲမှ ချယ်ရီပင်
မြို့ရဲ့ရင်ခွင် မြစ်ပေါ်ဖြတ်ထိုးထားတဲ့တံတား
ထိုတံတားပေါ်မှ ညနေခင်းနောက်ခံနဲ့လူတချို့
မြင်ရကြားရသမျှမှာ
ငါက နာမည်တခုဖြည့်စွက်တယ်။
လူသားမှန်ရင် စစ်တေ့ာဖြစ်ဖူးရမယ်
ပြီးတေ့ာ ငြိမ်းချမ်းရေးဆီသွားကြပေါ့
ရောမမြို့ကြီးမီးလောင်တေ့ာ
သူရူးနီရိုးဘုရင်က တယောထိုးသတဲ့
ငါက အဲဒီတယောပြားပေါ်မှာ
နာမည်တစ်ခု ရေးထိုးပေးလိုက်တယ်။
လူတွေက မြို့တွေကိုပြုလုပ်ကြတယ် တဲ့
နာမည်တခုဟာ ငါ့ရဲ့နေ့တွေကိုပြုလုပ်ပေးခဲ့ပေါ့။
နာမည်တွေမှာ
အသွေးနဲ့အသားနဲ့
နာမည်တွေမှာ
အသက်နဲ့။
ရထားတစ်စင်းလို ဘူတာရုံထဲဆင်းချလာ
လမ်းမှာတွေ့သမျှဘူတာစဉ်တွေ
မင်းနာမည်ကို
ငါပေးခဲ့တယ်။
ဆောင်းဝေ (နတ်မောက်)
ဧပြီ ၂၈၊ ၂၀၁၉