Breaking News

ဂျူနီယာဝင်း - အကူးအပြောင်းကာလ


ဂျူနီယာဝင်း - အကူးအပြောင်းကာလ

(အတွေးအမြင် ၃၂၀ ၊ ၂၀၁၉ မေလ )
မိုးမခ၊ မေ ၂၊ ၂၀၁၉

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine မှ အခန်း ၂ The Last Transition ကို ဘာသာပြန်ထားသည်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။)

(Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။ 

“မစ်ဇူရီကကောင်ကလေး“ အခန်းမှာ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုကောက် J.C.R ဒါမှမဟုတ်) ‘Lick’ လစ် ကိုမိတ်ဆက်ထားပါတယ်။ သူ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားတယ်။ သူဟာ ဒေါက်တာဘွဲ့ရပီးလို့ သူ့ဘဝကို ထိမ်းကျောင်းတော့မယ့်အချိန် ၁၉၄၂ ကာလတွေမှာ မလွဲသာမရှောင်သာ ကမ္ဘာစစ်ကြီးနဲ့ တိုးခဲ့တယ်။

တတိယအပိုင်းမှာ “ငရဲခန်းတဖြစ်လဲ အလုပ်ခန်း“ အခန်းမှာ လစ် ဟာ စစ်အတွင်း သူ့အလုပ်တွေကို မရပ်မနားလုပ်ခဲ့၊ သူအိမ်ထောင်ကျခဲ့၊ နောက်တော့ ပညာရှာတဲ့နေရာမှာ လောဘကြီးကြီးရှာခဲ့တာမှာ ယခု ရောက်ရှိနေတဲ့ ကန်းဘရစ်ကနေ ၂မိုင်အကွာက မက်ဆက်ချူးဆက် စက်မူတက္ကသိုလ် Massachusetts Institute of Technology (MIT) (အမ် အိုင် တီ) က သူ့ကို ပညာတွေသင်ပေးမယ့်သူတွေရှိရာအရပ်သို့ တပည့်ခံရန် သွားခဲ့ပါတော့တယ် ဆိုပီး အဆုံးသတ်ခဲ့တယ်။

 နောက်အရင်တလကတော့ လစ် ရောက်လာမယ့် အမ်အိုင်တီ မှာ ရောက်နှင့်နေတဲ့ ပညာရှင်တွေ ထဲက မစ်ဇူရီ အရပ်က ကောင်ကလေး တစ်ယောက်ဖြစ်တဲ့ Wiener (ဝီနာ) ရဲ့ အကြောင်းတွေ အများကြီး မိတ်ဆက်ပေးထားတယ်။ ၁၉၂၅ခုနှစ်တွေကတည်းက နေစလို့ ၊ အမ်အိုင်တီမှာ သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်လို့၊ လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannwvar Bush (ဗာနက်ဗာ ဘွတ်ချ်) နဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ် ဆိုပီး အဆုံးသတ်ထားတယ်။ အခု အဲသည်ကရဲ့အဆက်ပါ။ အခုအဆက်မှာ အမ်အိုင်တီ မှာ ရှိနှင့်နေတဲ့ နောက် တစ်ယောက်ကို မိတ်ဆက်ထားတယ်။)

(အခု သည် အခန်းမှာ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) ၊ Norbert Wiener ( နော်ဘတ် ဝီနာ ) တို့နံမယ်တွေ အများဆုံးတွေ့ရမယ် ဆိုတာ ကြိုတင် ပြောထားပါရစေ။ လစ် တစ်ယောက်ကတော့ ရောက်မလာသေးပါဘူး။)

၁၉၂၀မှာ သူတို့၂ဦး (ဘွတ်ချ် နဲ့ဝီနာ ) တွေ့ဆုံစဉ်မှာ ဘွတ်ချ် က အသက် ၃၅ ဝန်းကျင်ပါ။ ဘွတ်ချ် အကြောင်းကို ပြောရရင် သူက နယူးအင်္ဂလန်သမားစစ်စ်၊ သင်္ဘောကပ္ဗတိန်လည်း လုပ်ဖူးတယ်၊ သူက ခြေဦးတည့်ရာ သွားလာလည်ပတ်နေထိုင်သူလိုလို၊ တကိုယ်တည်းနေတဲ့ ရှင်းရှင်း ဘွင်းဘွင်းသမားပေါ့။ Uncle Sam အန်ကန်ဆမ် ဆိုတဲ့ ဝတ္တုထဲကသူလို့သာ မြင်ကြည့်လိုက်၊ မုတ်ဆိတ်မွေးတွေကိုတော့ ဖယ်လိုက်ပေါ့နော်။

(Uncle Sam ကို သူကရှင်းမထားလို့ ဘာသာပြန်သူက ဝင်ရှင်းပေးပါ့မယ်။ အန်ကယ်ဆမ် Uncle Sam ရဲ့ ထိတ်စီး စာလုံးတွေကို ယူလိုက်ရင် US အမေရိက ပါ။ အမေရိကန်အစိုးရ သို့မဟုတ် အမေရိကန်ပြည်ထောင်စု ရဲ့အမျိူးသားကိုယ်စားပြုဖြစ်ပါတယ် ဒဏ္ဍာရီ အရ တော့ ၁၈၁၂ ခုနှစ် စစ်အတွင်းမှာ Samuel Wilson ဆယ်မြူရယ် ဝီလ်ဆင် ကိုခေါ်တယ်လိုု့ဆိုတယ်။ ၁၈ရာစု မှာ သူက နယူးယောက် က ထရွိင် မြို့ကလေးကို ပထမဦးဆုံး အခြေချခဲ့တဲ့ သူတွေထဲမှာ တစ်ယောက် ဖြစ်တယ် ဆိုပါတယ်။ သို့သော် ၁၉ ရာစု အစောပိုင်းမှာ အန်ကယ်ဆမ် အမည်ကို နိုင်ငံရေးခံစားချက်တွေနဲ့ ခေါ်ဝေါ်ကြတယ်။ 

အန်ကယ် ဆမ် ကို အမေရိကန်ပြည်ထောင်စု ကို ဖော်ညွှန်းသော ကိုလန်ဘီယာ အစိုးရ လို့ ဆိုတယ်။ James Montgomery Flagg (J.M. Flagg) ဂျေအမ်ဖလက်ချ် ဆိုတဲ့ အမေရိကန် ကာတွန်းဆရာ တစ်ဟောက်က အန်ကယ်ဆမ် ပိုစတာကို ၁၉၁၇ခုနှစ်မှာ ရေးဆွဲခဲ့တုန်းက သူ့ရဲ့ ပုံကို အန်ကယ်ဆမ် ဆိုပီး ထည့်ဆွဲခဲ့တယ်။ ပိုစတာ မှာ “သင့်ကို အမေရိကန် စစ်တပ် က အလိုရှိသည်“ လို့ လက်ညိုးထိုးနေတဲ့ပုံကိုရေးဆွဲထားတယ်။ ဦထုတ်နဲ့ မှူတ်ဆိတ်မွေးတွေနဲ့ပေါ့။ စာရေးဆရာက အန်ကယ်ဆမ် လို့ပြောလိုက်ရင ်စာဖတ်သူတွေက အဲဒါပိုစတာကို အလိုလို မြင်ယောင်သွားကြမှာမို့ သူက မရှင်းပဲ ရေးခဲ့တာ ဖြစ်ပုံရပါတယ်။ ဆောင်းပါးကို ဆက်ပါ့မယ်။)

သူ (ဘွတ်ချ် ) က တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့သူ၊ သြဇာအာဏာရှိတဲ့သူပါ။ ကွန်ပြူတာဟာ့ဝဲတွေကို ဖွတ်ဖွတ်ကြေနေတဲ့ ဝီနာ က ဘွန်ချ် ကို တွေ့လိုက်ရတာ အံ့သြမှင်သက်သွားတယ် ဆိုပဲ။ ‘အမေရိကမှာ နည်းပညာရပ်ဆိုင်ရာ ကြီးကျယ်ဆုံးပုဂ္ဂိ်ုလ် တစ်ဦးကို တွေ့လိုက်ရတာပါပဲ“ တဲ့။ ဝီနာ ကဆိုပါတယ်။ နောက်တော့ သူကပဲ အခုလို ကောက်ချက်ချ လိုက်သေးတယ် ။ “ဒီလူက .. သူ့လက်တွေနဲ့ ရော၊ သူ့ဥနှောက်နဲ့ပါ စဉ်းစားတာဗျ။“ (ဆိုလိုတာက ဘွတ်ချ် က ဥနှောက်နဲ့ စဉ်းစားတာတွေကို လက်တွေ့လုပ်တတ်သူ လို့ဆိုလိုပုံပါ။)

ကုန်ကုန်ပြောရရင်တော့ ဝီနာ့အတွက် ဘွတ်ချ် က သူသိသမ ျှ အတွက်အချက်စက်ပစ္စည်းတွေကို အိတ်သွန်ဖာမောက် ဝေမ ျှခံစားပေးတဲ့သူပါတဲ့။ မှန်ပါတယ်။ တခြားသော အဖွဲ့သားတွေက အတွက်အချက်တွေနဲ့ ညင်းခုန်မယ် ပြောကြဆိုကြမယ် ဆိုရင် သူတို့က ရှူပ်ထွေးတဲ့ ဒါမှမဟုတ်လည်း စိတ္တဇ ဆန်တဲ့ ကျိူးကြောင်းဆင်ခြင်သုံးသပ်တဲ့ နည်းပညာမျိူးနဲ့ ချည်းကပ်မယ်။ Slide rule (ဆလိုက်ရူး) (အဲဒါက ဂဏာန်းတွက်စက်မပေါ်ခင် အင်ဂျင်နီယာကျောင်းသားတွေ သုံးတဲ့ စက်ပစ္စည်းပါ။ ကိုယ့်ဦးလေးတွေထဲမှာ အင်ဂျင်နီယာ ကျောင်းထွက်တွေပါရင ်မေးကြည့်ပါ။ သူတို့ရှင်းပြပါလိမ့်မယ်။ အခုအဲသည်ခေတ်တုန်းက ဂဏာန်းတွက်စက် မပြောနဲ့ စလိုက်ရူးတောင် အစပဲရှိဦးမယ်။) အဲဒီ စလိုက်ရူးတွေဟာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ အတွက် မရှိမဖြစ် အသုံးပြုနေရတဲ့ စက်ပစ္စည်းတွေ ဖြစ်နေတယ်။ ကိန်းဂဏာန်းအကြီးကြီးတွေ ကိုင်တွယ်ဖို့ သုံးတာ ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကတော့ သူတို့က အဲဒီလို အတွက်အချက်တွေ လုပ်ပေးနေတဲ့ စက်ကရိယာတွေရဲ့ အလုပ်တွေကို မိန်းမတွေရဲ့အလုပ် လို့ ခေါ်တယ်။ ၁၉ ၂၀ ခုနှစ်တွေမှာ ကွန်ပြူတာ ဆိုတဲ့ စကားလုံးကို အလုပ် ဆိုတဲ့ သဘောတရားမျိူးနဲ့ သုံးကြတယ်။ လက်နှိတ်စက်သမားတွေ လို အလုပ်လုပ်နေရတဲ့ပုံစံပေါ့။ အတွက်အချက်လုပ်ပေးတဲ့ စက်ပစ္စည်းတဲ့။ သူတို့က အဲဒါကို အလကားတောက်တိုမယ်ရအလုပ် လို့အကြမ်းစားခေါ်ဝေါ်ကြပါတယ်။

ဝီနာ က သင်္ချာပညာရှင်တွေ ကြားထဲမှာ ရောက်နေသောလည်းပဲ သူ့အလုပ်က ကွန်ပြူတာပါ။ ပထမကမ္ဘာစစ်အတွင်းမှာ သူလုပ်ရတာက ကိန်းဂဏာန်းတွေကို တွက်ချက်ရတာတွေနဲ့ပါ။ ပန့်ချ် ဆိုတဲ့ အပေါက်လေးတွေပါတဲ့ ကဒ်ပြားလေးတွေသုံးပီး အဲသည်ကနေ စက်ပစ္စည်းထဲကို ပေါင်းထည့်ရတဲ့ အလုပ်ကို သူလုပ်ပါတယ်။ (Punch ပန့်ချ် ကဒ်တွေအကြောင်းလည်း ကွန်ပြူတာဌာနက အသိအကျွမ်းတွေကို မေးကြည့်ပါ။ လူကြီးတွေ ကောင်းကောင်း ရှင်းပြနိုင်ပါတယ်။) အမှန်တော့ ဝီနာ က ဟားဗက်တက္ကသိုလ် ဇီဝဗေဒဌာနမှာ တက်ခဲ့တာပါ။ သူ့ရဲ့ပြင်မရတဲ့ အကျင့်ဆိုးကလေးတွေကြောင့် ဓါတ်ခွဲခန်းထဲ မှာပြသနာဖြစ်ရလွန်းလို့ဆိုပီး သူ့ကို သင်္ချာဘက်ကို ပို့လိုက်တယ်။ ဒါကိုက သူ့ဥနှောက်ကို သိပ္ပံပညာရပ်မှာ အသုံးပြုဖို့ ဖြစ်လာပါတယ်။ ဝီနာ့အတွက်တော့ တွက်ချက်ခြင်း ကွန်ပြူတာနည်းပညာဟာ သူ့ကို စိန်ခေါ်နေပါတယ်။ အဲသည်နည်းပညာကို တာဝန်တစ်ခုလိုယူပီး လုပ်နေရတာကိုက သူ့အရည်အချင်းကို သွေးနေရတယ်လို့ ဆိုရမှာပါ။

ကဲ.. အခု ဗာနက်ဗာဘွတ်ချ် ဘက်ကို လှည့်ပါမယ်။

ဘွတ်ချ် ဟာ ၁၉၂၅ ခုနှစ်ပိုင်းလောက်မှာ အဲသည်ကာလပိုင်းလောက်တုန်းက ပြဿနာအကြီးဆုံးလို့ ဆိုနိုင်တဲ့ နည်းပညာပြဿနာတွေကို လ ျှပ်စစ်ဗေဒဆိုင်ရာ နက်ဝေါ့နည်းပညာနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့သူပါ။ Network ( နက်ဝေါ့ ဆိုတာ ဖြန့်ကျက်နတဲ့ ကွန်ရက်တွေပေါ့။) ကိုလေ့လာလိုက်စား ဖို့ဆိုရင် အင်မတန်ကို လေ့ကျင့်တတ်မြောက်ထားရမယ့် အခြေခံဝိသေသတွေ ရှိရမယ်။ လက်နဲ့ချည်းပဲတော့ ဖြေရှင်းလို့မရနိုင်ပါဘူး။ အဆင့်မြင့်တဲ့ ဗို့အားတွေကို ထိမ်းကျောင်းမယ့် စွမး်အင်ပြည့်ကုမဏီတွေပါရမယ်။ ဘွတ်ချ်ဟာ နောက်ထပ် ပိုကောင်းတဲ့ နည်းတွေရှိရမယ်လို့ ယုံကြည်ပါတယ်။

သူပြောတာမှန်ပါတယ်။ ၁၉၂၇ခုနှစ်မှာ စက်ကရိယာတွေနဲ့ စမ်းသပ်မူတွေ လုပ်တယ်။ ဘွတ်ချ်နဲ့ သူ့ကျောင်းသားတွေဟာ Differential Analyzer (ဒစ်ဖရန်ရှယ်အနာလစ်ဆစ် ဆိုတဲ့ အဆင့်မြင့်သင်္ချာ ပညာရပ်) ကိုအသုံးပြုထားတဲ့ တည်ဆောက်မူ ကိုစတင်ပြီး လုပ်ကြည့်တယ်။ အဲသည်မှာ ဂီယာတို့၊ ဆွဲသီးတို့၊ ချိန်သီးတို့ ဘာတို့ညာတို့ ပါတယ်။ ၁၉၃၀မှာ Analog computer (အန်းနာလော့ကွန်ပြူတာ) ဆိုတာ ဖြစ်လာတယ်။ အဲသည်စက်ပစ္စည်းက ဒစ်ဂျစ်တယ် ကမ္ဘာကြီးအဖြစ် ကို ပုံသွင်းလာတော့မယ့်၊ ကိန်းဂဏာန်းတွေမပါတဲ့ သင်္ချာကိန်းထွေတွေ သာပါတဲ့ လုပ်ငန်းကြီးတစ်ခုပေါ့။ 

ဥပမာပြောရရင် …. ဥပမာ စွမ်းအင်သုံးကွန်ယက်တစ်ခုကို ဖြေရှင်းမယ် ဆိုပါတော့။ ကိန်းထွေတစ်ခုကို တဖက်မှာ ထားမယ်။ အဲဒါနဲ့ သက်ဆိုင်တဲ့ လျှပ်စစ်လှိူင်းတစ်ခုက တဖက်မှာ စမ်းစစ်မယ်တဲ့။ အဲသည်လိုနဲ့ ဆက် သွားမယ် တဲ့။ အဲဒါကို ပရိုဂရမ် လို့ခေါ်မယ်တဲ့။ ကွန်ယက်ညီမ ျှခြင်းတွေကို အဲသည်နည်းနဲ့ ဆက် ဆက်သွားတဲ့အခါ ဂီယာတို့ ချိန်သီးတို့ ဘာတို့ကလည်း သူ့ဟာနဲ့သူ ဆက်သွယ် လာရင်းကနေ ညီမ ျှခြင်းတွေပါတဲ့ ပုံစံတစ်ခု ရလာမယ်။ အဲသည်လိုနဲ့ ကွန်ပြူနာ မော်ဒယ်တစ်ခုဟာ ရုပ်လုံးပေါ်လာပါတော့တယ်။ (အဲဒါ သူရေးထားတဲ့အတိုင်းပါပဲ၊ အမှန်အတိုင်းပြောရရင် ဘာတွေမှန်းမသိဘူး။ နားလည်သလို ကြည့်ပီး ပြန်ပေးထားတာပါ။)

(Analog computer (အန်းနာလော့ကွန်ပြူတာ) ဆိုတာကို နားလည်သလောက် ရှင်းပြပါ့မယ်။ အန်းနာလော့ ဆိုတာ ဒစ်ဂျစ်တယ် နဲ့ မတူတဲ့ အရာပေါ့။ ဥပမာ အန်းနာလော့ နဲ့ ဒစ်ဂျစ်တယ် ကွာခြားချက်ကို ပြောရရင် အင်နာလော့ က အချက်အလက်တွေနဲ့ဖော်ပြတယ်၊ ဒစ်ဂျစ်တယ်က ကိန်းဂဏာန်းတွေနဲ့ဖော်ပြတယ်။ အခု အန်းနာလော့ ကွန်ပြူတာဆိုတာ အချက်အလက်တွေနဲ့ တည်ဆောက်ထားတယ်။ ရှင်းမှ ပိုရှူပ်သွားတယ်ဆိုရင် အဲဒါကိုကျော်သာဖတ်သွားပါ။)

သူတို့လုပ်ရကျိူးနပ်ပါတယ်။ နောက်ဆုံးအဆင့်က တော်တော် ရှူပ်ထွေးပါတယ်။ သူတို့ဆွဲထားတဲ့ ကွန်ယက်ကို လုပ်ငန်းခွင်ဝင်ဖို့ ၂ ရက်လောက်ကြာတယ်။ သည်တော့ နောက်ဆုံးတော့ သူတို့ ဟိုဆက် သည်ဆက်လုပ်ထားတဲ့ အရာက ပြီးသွားပီ ဆိုပါတော့။ သူတို့ချရေးထားတဲ့ ညီမ ျှခြင်းက ရိုးရှင်းလိုက်ပုံများ မော်တာတစ်ခု နှိူးရသလောက်ပါပဲတဲ့။ ဂီယာကလည်း အလုပ်လုပ်တယ်၊ ဆွဲသီးကလည်း သွားနေတယ်၊ ဒုတ်တံကလည်း လည်တယ်၊ ခဲတံလို အချောင်းလေးကလည်း ပေးထားတဲ့ စာရွက်တွေပေါ်မှာ ရေးခြစ်နိုင်တယ်။ ဟော…. ရက်တွေ၊ နေ့တွေ၊ ရက်သတ္တပါတ်တွေပေါင်းများစွာ တွက်ချက်နေရတဲ့ ကိန်းဂဏာန်းတွေရဲ့ အဖြေတစ်ခုဟာ မိနစ်ပိုင်းအတွင်း ထွက်လာပီ။ အဖြေမှန်နဲ့ ၂ ရာခိုင်နှူနး်လောက်ပဲ လွဲပါသတဲ့။

သိပ္ပံပညာရှင် တွေနဲ့ သုတေသနပညာရှင်တွေအတွက် ဆလိုက်ရူးနဲ့ တွက်ချက်တဲ့စက်ပစ္စည်းတွေ သုံးပီး ချွေးတလုံးလုံးနာရီပေါင်းများစွာ အလုပ်လုပ်နေရာကနေ အခုရလိုက်တဲ့ တီထွင်မူကတော့ တကယ်ပဲ ဘုရားပေးတဲ့ဆုပါပဲ။ ၁၉၃၅ ခုနှစ်တွေမှာ ကမ္ဘာပေါ်က သုတေသနပညာရှင်တွေဟာ ရူပဗေဒ၊ အက်တောမစ် ရူပဗေဒ၊ ငလျင်လှိူင်းဗေဒ၊ အာကာသဆိုင်ရာ ဗေဒ စတဲ့ ပညာရပ်တွေကို လေ့လာလိုက်စားရင်းနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်ဓါတ်စက်ကွင်း တွေအကြောင်းကိုပါ တွက်ချက်လာနိုင်ကြတယ်။ ဒါဟာ “အန်းနာလော့ စက်ပစ္စည်း“ လို့ သူတို့ခေါ်ဝေါ်လာတဲ့ တီထွင်မူကြောင့်ပါပဲ။ နော်ဘတ်ဝီနာ ဟာ ဘွတ်ချ်ရဲ့ ဓါတ်ခွဲခန်းမှာ နှစ်များစွာ ပုံမှန် လာရောက်သူဖြစ်လာတယ်။ သူတို့၂ယောက် မိတ်ဆွေတွေဖြစ်လာတယ်။ သူ့စိတ်ထဲမှာ “သင်္ချာပညာရှင်နဲ့ အင်ဂျင်နီယာပညာရှင် ဟာ အတွဲတွေဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မထင်မိပါဘူး“ တဲ့။

ဘွတ်ချ်မှာ ဒိထက်မက ကြီးကျယ်တဲ့ စိတ်ကူးတွေ ရှိပါတယ်။ ၁၉၃၅ နွေဦးရာသီမှာ ဘွတ်ချ် က အမြင့်ဆုံးအလျင်နဲ့ အလုပ်လုပ်ပေးမယ့် လ ျှပ်စစ် ပတ်လမ်းတွေအတွက် အခြေခံပီး ဒုတိယမျိူးဆက်တွေအတွက် တဲ့၊ ဒစ်ဖရင်ရှယ်အနာလစ်ဆစ် ကိုအခြေခံတဲ့ တိုးတက်မူတစ်ခုရရှိဖို့ Rockerfeller Foundation (ရော့ကာဖယ်လာဖောင်ဒေးရှင်း) ကို ဒေါ်လာ ၈သောင်းခွဲ ထောက်ပံ့ပေးခဲ့တယ်။ ဟုတ်တယ်.. အဲ သည် စက်ပစ္စည်းအသစ်က အန်းနာလော့ကွန်ပြူတာ (လို့ခေါ်ဝေါ်တော့မယ့် အမည်) အတွက်ပရိုကရမ်တွေ ဘာတွေဆွဲပေးတော့မှာ။ ရေးဆွဲလိုက်တဲ့ ညီမ ျှခြင်းတိုင်းအတွက် ပုံစံသစ်တစ်ခုကို ပေးတော့မှာ။ ဒုတ်ချောင်းတွေ၊ ဂီယာတွေ၊ ဆွဲသီးတွေ အစား ဗို့အားတို့၊ လ ျှပ်စစ်ပတ်လမ်းတို့ ရောက်လာတော့မှာ။ Rockerfeller Analyzer “ရော့ကာဖယ်လာ အန်နာလစ်ဇာ“ လို့ သူတို့ခေါ်ဝေါ်လိုက်တဲ့ အဲသည် တီထွင်မူဟာ ၁၉၄၂ခုနှစ်မှာ နောက်ဆုံး ထွက်လာတော့မယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ အလုပ်လုပ်ပေးတော့မယ် တဲ့။

ဘွတ်ချ် က သိပ်ကို ရည်မှနး်ချက်ကြီးမားတဲ့သူပါ။ သူ့ရဲ့ ရော့ကာဖယ်လာ ပရောဂျက်ကြီးကနေ မိုက်ကရိုဖလင်တို့၊ ဖိုတိုခန်းတို့၊ ဒစ်ဂျစ်တယ်တို့ဘာတို့ဆီကိုပါ တွက်ချက်ပေးတော့မှာ။ သို့သော်လည်း အဲသည်ကိုဦးတည်လာနေတဲ့ သူ့ရဲ့ ကမ်းလှမ်းချက်တွေဟာ ၁၉၃၉ ခုနှစ် ဇန်နဝါရီတိုင်အောင် အဲသည် အသီးအပွင့်တွေ မစားရသေးဘူး။ (ဆိုလိုတာက အဲဒါတွေ အကောင်အထည်ပေါ်လာဖို့ ပိုက်ဆံလိုတယ်လေ။) 

Carnegie Corporation (ကားနက်ဂျီကော်ပိုရေးရှင်း)က နောက်ဆုံးမှာ (၁၉၃၉ ဇန်နဝါရီမှာ) ဒေါ်လာ ၄သောင်းခွဲနဲ့ မ တည်ပေးဖို့ သဘောတူလိုက်တယ်။ စင်တာအသစ်တစ်ခု ဖိုးပေါ့။ အဲသည် လုပ်ငန်းစဉ် ဆက်သွားဖို့ကို Vannwvar Bush (ဗာနက်ဗာ ဘွတ်ချ်) မပါပဲ ဖြစ်မလား စဉ်းစားကြည့်လေ။ ပိုက်ဆံတွေ MIT (မက်ဆက်ချူးဆက် စက်မူတက္ကသိုလ်) ရောက်လဲ ရောက်ရော၊ ဘွတ်ချ် က ထွက်သွားယ်။

အမှန်တော့ ဘွတ်ချ်က ၁၉၃၂ ခုနှစ်လောက်ကတည်းက သူ့ရဲ့ ကွန်ပြူတာ ဆိုတဲ့ စက်ကြီးဆိုတာကြီးနဲ့ နပမ်းလုံးနေရတာ ညီးငွေ့လာလာ နေပီ။ အဲသည်အချိန်တုန်းကဆို အမ်အိုင်တီ ဥက္ကဌ Karl Compton (ကားလ် ကွန်တွန်) က သူ့ကို အမ်အိုင်တီ က စတင် ဖွဲ့တည်လိုက်တဲ့ အင်ဂျင်နီယာကျောင်းသားတွေအတွက် ပထမဦးဆုံး အလုပ်လုပ်ပေးဖို့ရယ်၊ အဲသည်တက္ကသိုလ်မှာပဲ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ရယ် ကမ်းလှမ်းခဲ့တယ်။ အဲသည်နှစ်တွေ တိုက်စားလာတဲ့ပြီးနောက် စီမံခန့်ခွဲတယ်ဆိုတဲ့ တာဝန်ကြီးကို သူက သိပ်ကို စိတ်ကုန်လာတယ်၊ စစ်ကလည်း ဖြစ်လာဖို့ဦးတည်လာနေတာကိုလည်း စိတ်ပူပန် စိတ်သောကတွေနဲ့ နေနေရတယ်။ ဒါပေမယ့် ဘွတ်ချ်ဟာ အမေရိကန်အတွက် စစ်ရေးစစ်ရာမှာ နည်းပညာရော၊ စစ်တပ်ရေးရာပါ လိုအပ်နေတာကို တွေ့တယ်။ ဒါကို ဘယ်သူမှ ဘွတ်ချ် လို ကြိုမြင်မှာမဟုတ်ဘူး။ သူ့ကို ကမ်းလှမး်တဲ့ Washington Carnegie ဝါရှင်တန် ကားနက်ချ် လို့အမည်ပေးထားတဲ့ အဖွဲ့အစည်း မှာ ဒါရိုက်တာအလုပ်ကို လက်ခံလိုက်တယ်။ အဲသည်မှာ စွမ်းအင်ပိုင်းဆိုင်ရာ ဖောင်ဒေးရှင်းအလုပ်တွေ ကို သူ့သြဇာအာဏာသုံးပီး လုပ်ပိုင်ခွင့်တွေနဲ့ သူလုပ်ရမှာဖြစ်ပါတယ်။

ဘွတ်ချ် တစ်ယောက် ၁၉၃၉ ခုနှစ် ဇန်နဝါရီမှာ ဝါရှင်တန်မှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။ ချက်ချင်းဆိုသလို နိုင်ငံရေးကစားပွဲထဲကို ဝင်ဖို့၊ ပြင်ဆင်ဖို့ သူ့အတွက် အသိပညာပေးဖို့ စတင်တယ်။ ကားနက်ဂျီ အရပ်မှာ သူဟာ တကယ်ပဲ အံ့ဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားတယ်။ ကြိုးပြတ်နေတဲ့ သူ့ရည်မှန်းချက်တွေ ပြန်ဆက်ဖို့ ၅နှစ်ကျော် ကြိူးပမ်းခဲ့ပါသတဲ့။

ဘွတ်ချ်ရဲ့စိတ်ကူးတွေ ပထမဦးဆုံး ၁၉၃၃ခုနှစ် ဇန်နဝါရီမှာ ပုံနှိတ်ဖော်ပြခြင်း ခံခဲ့ရဖူးပါတယ်။ သူက မိုက်ကရိုဖလင် အကြောင်းကို သေချာရေးသားခဲ့တာပါ။ (ဒီအပိုင်းမှာ သူ့ရဲ့ ဖန်တီးမူတွေကို ရှင်းပြထားပါတယ်။ ဘာတွေမှန်းတော့မသိဘူး။ သူကလူတွေကို သူ့စိတိ်ကူးတွေကို စိတ်ဝင်စားလာအောင် ဖန်တီးရေးသားနိုင်စွမ်းရှိတယ် လို့ဆိုရမှာပါ။ မဂ္ဂဇင်းတစ်ခုရဲ့ ထုတ်ဝေသူ Eric Hodgins အဲရစ်ဟော့ဂျင် သူ့ကို အခုလို ချီးကျူးပြောဆိုခဲ့တယ်။)

Fortune magazine ထုတ်ဝေသူ Eric Hodgins (အဲရစ် ဟော့ဂျင်) က ၄၅ မျက်နှာ ပုံနှိတ်ထားတဲ့ ဘွတ်ချ်ရဲ့ “စက်ပစ္စည်းများနှင့် မှတ်တမ်းများ“ ဆိုတဲ့စာတမ်းဆောင်းပါး နဲ့ပတ်သက်လို့ အခုလိုပြောခဲ့တယ်။ အဲဒိဆောင်းပါးဟာ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ လူထုကို ချပြဖို့ ဘွတ်ချ်က ရည်ရွယ်ထားပါတယ်တဲ့။ ဟောဂျင် က အဲဒါကို သိပ်သဘောကျပါတယ်။ “ကျွန်တော့်ရဲ့ ထုတ်ဝေမူသမိုင်းမှာ ကျွန်တော့ဘဝမှာ သိပ်ကို စိတ်လှူပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ကို တွေ့လိုက်ရတာပါ“ လို့ အဲသည် စာတမ်းကို ဖတ်ပြီး ပြောခဲ့တယ်။ “ အကယ်၍ တစ်ယောက်ယောက်ကများ ဟောသည် ကမ္ဘာကြီးရဲ့အနာဂတ်က ဘာများလဲလို့ မေးလာရင် ဘွတ်ချ် အက်ဆေးကို ပဲထိုးပေးလိုက်တော့မယ်ဗျာ” တဲ့။

တကယ် သူပြောသလိုပါပဲ။ ၁၉၃၉ ခှုနှစ် မှာ ပါ။ လူတွေက သူ့ဆောင်းပါးဘာလဲ ဆိုတာ သိသွားကြပီ။ လက်လည်း လက်ခံကြတယ်။ ဘွတ်ချ်ရဲ့နည်းပညာဆိုင်ရာ အမြင်တွေဟာ အလှမ်းဝေးနေတယ်လို့ဆိုသောလည်း အန်းနာလော့ကွန်ပြူတာ အကြောင်းကို တိီးမိခေါက်မိသွားကြတယ်။ ၁၉၃၀ခုနှစ်တုန်းက မိုက်ကရိုဖလင်တွေနဲ့ ဖိုတို(ဓါတ်ပုံပိုင်းဆိ်ုင်ရာ) တီထွင်မူတွေကို အခြေခံထားတဲ့ နည်းပညာဆိုပါတော့။ ၁၉၃၉ ခုနှစ်မှာ ချပြခဲ့တဲ့ ပုံကြမ်းကို တကယ်ပဲ အသက်သွင်းပေးတော့မှာလား။


ဒါကို အရင်ဆုံး ချသုံးမှာ စာကြည့်တိုက်တွေမှာ ဖြစ်ပါတယ်။ လေ့ကျင့်ထားတဲ့ စာကြည့်တိုက်မှူးတွေအတွက် တကယ်ပဲ အသုံးဝင်တဲ့ စက်ပစ္စည်း ဆိုပါတော့။ အလုပ်ခွင်မှာ လျင်လျင် မြန်မြန်နဲ့ အချိန်တိုတိုအတွင်း အလုပ်တွင်မှာ ဖြစ်ပါတယ်။ အမည်တွေကို အက္ခရာစဉ်လိုက် စဉ်ထားပေးပီး ရှာပေးတဲ့စက် လို့ အကြမ်းအားဖြင့် ပြောတာပေါ့။ သူ့အန်နာလော့ ကွန်ပြူတာတွေဟာ စာကြည့်တိုက်တွေမှာ စသုံးလာတာဟာ နောင်တချိန်မှာ ကိုယ်ပိုင်ကွန်ပြူတာခေတ်တစ်ခုကို ဦးတည်လာနေပီ လို့ စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါက ဘွတ်ချ် ရဲ့ ပထမစိတ်ကူး အကြံညဏ် လို့ဆိုတယ်။ ဒုတိယ စိတ်ကူးက ဘာလဲ။

အဲသည်လို အက္ခရာစဉ်လိုက်စီထားပေးပြီး စာမျက်နှာတွေကိုလည်း ကျကျနန စီထားပေးပီး လူတိုင်း လူတိုင်း အသုံးပြုလို့ရအောင် လုပ်ပေးတဲ့ စနစ်တစ်ခုကို အခြေခံပီးတော့ ဘွတ်ချ် က Index ( အင်ဒက်စ် ) ဆိုတဲ့ ပုံစံတစ်ခုကို ချပေးပြီးတဲ့နောက် သူက ဘာလုပ်မယ်တဲ့လဲ။ သူ့ရဲ့ ဒုတိယ ခြေလှမ်းက ဘာလဲ….

“လူ့ဦးနှောက်…...“

တော်တော်လည်း ရှေ့ရောက်နေတဲ့ အတွေးလို့ ထင်စရာ။ ကြောက်စရာတောင် ကောင်းနေတယ် မဟုတ်လား။ သူက အခုလို ပြောတယ်..

“လူ့ဦးနှောက်ထဲကအတွေးတွေကို ဆွဲထုတ်ပေးမယ်၊ ဦးနှောက်ရဲ့ အတွင်းပိုင်းက ကလပ်စည်းတွေကနေ ခိုင်းစေသမ ျှတွေကို ဖော်ထုတ်ပေးမယ်၊ အဲဒီလို အရာတွေက ရုပ်ပုံကားချပ်တွေလို အသေးစိတ် မြင်ကြရမှာ၊ သဘာဝတရားကြီးကို အံ့သြမှိူင်းသင့်သွားအောင် လုပ်ပေးမှာ။“ တဲ့။ သူ့စကားလုံးတွေက ထိတ်လန့်စရာ။

သူက သူ့စိတ်ကူးတွေကို ဆောင်းပါးရှည်ကြီးတစ်ခုနဲ့ ပရိသတ်ကို အသိပေးလိုက်တယ်။ “သည်တော့“ တဲ့။ သူကဆက်ရေးတယ်.. “ဒါတွေကို ကြည့်လိုက်ရင် ခလုပ်လေးတစ်ခုကို နှိတ်လိုက်တာနဲ့ အကွဲကွဲ အပြားပြားဖြစ်နေတဲ့ အရာတွေက တခါတည်း စုစည်းပီး စာအုပ်အသစ်တစ်အုပ်လို ထွက်လာမယ်။ အဲဒါထက်တောင်ပိုပါတယ်လေ… မရေတွက်နိုင်တဲ့ အရာတွေကိုတောင် စုစည်းပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။“

ဟော…. သည်တော့ အဲသည် စက်ပစ္စည်းအတွက် အမည်တစ်ခုတော့ ပေးရတော့မယ်။ ဘွတ်ချ် က ဆိုလိုက်တော့ သူ့ရဲ့ ဦးနှောက်မှတ်ညဏ်က အမည်တစ်ခု ထွက်လာတယ်။ ‘Memex’ (မီးမက်စ်) တဲ့။ ၁၉၃၉ ခုနှစ် မှာ ပထမဦးဆုံးထွက်လာတဲ့ ပုံကြမ်း ဆိုပါတော့ တဲ့။

(သည်နေရာမှာ Memex ဆိုတာကို သူကရှင်းတော့ပြထားပါတယ်။ သိပ်တော့ မရှင်းဘူး။ ဒါကို ဘာသာပြန်သူက ဖြည့်ပေးပါ့မယ်။ နားလည်သလောက်ပေါ့။ မီးမက်စ် ဆိုတာ အချက်အလက်များကို သိမ်းဆည်းပေးတဲ့အလုပ်ကိုလုပ်ပေးတဲ့ အရာဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်လှတဲ့ အသိပညာတွေ၊ မှတ်တမ်းတင်ထားတဲ့ ပညာရပ်တွေကို လူတွေအတွက် ကူညီပေး ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဘွတ်ချ် က လူတစ်ယောက်ဟာ အချက်အလက်တွေ အများကြီးထဲက ကိုယ်ရှာဖွေလိုတဲ့အချက်လေးတစ်ခုအတွက် လွယ်လွယ်ကူကူနဲ့ ရှာတွေ့အောင် ကူညီပေးတာ လို့ဆိုတယ်။ မီးမက်စ် က အဲသည်လို ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ မီးမက်စ် ဟာ အင်တာနက် ဆိုတဲ့အရာကို ဖန်တီးပေးမယ့် ကြီးကျယ်တဲ့ အရေးပါလှတဲ့ အချိူးအကွေ့တစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ် www (world wide web) ဆီကို ခြေလှမ်းလှမ်းပေးတော့မယ့် အရာလို့ပဲ ဆိုကြပါစို့။)

ဘွတ်ချ်ရဲ့ နည်းပညာဟာ လူတွေဆီကို နောက်ထပ် ၆ နှစ် တိုင် မရောက်သေးပါဘူး။ ၁၉၄၀ ခုနှစ်တွေမှာ ကမ္ဘာကြီးဟာ စိတ်ဓါတ်ကျစရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မီးမက်စ် ဆောင်းပါးကို ပြန်လည် တည်းဖြတ်ထားတဲ့ ဆောင်းပါးဟာ ၁၉၄၅ခုနှစ် ဂျူလိုင်မှာ အန္တလန်တိတ် လစဉ် မဂ္ဂဇင်းမှာ “ကျွန်တော်တို့ စဉ်းစားမိသမ ျှ “ ဆိုတဲ့အမည်နဲ့ ထွက်ပေါ်လာပါတယ်။ ပြောရရင် အနည်းနဲ့အများတော့ အမှားလေးတွေ ပါနေပါတယ်။ ဘွတ်ချ် ကတော့ ကျေနပ်ပါတယ်တဲ့။ နောက် အနှစ် ၂၀ ၃၀ မှာ လူတွေဆီကို နည်းပညာဗုံးတစ်လုံး ပစ်ဖောက်ဖို့ အသင့်ဖြစ်နေပါတယ် ဆိုပဲ။

သည့်နောက်တော့ ဘွတ်ချ်တစ်ယောက် အလုပ်တွေသိပ်များနေပါတယ်။ ၁၉၃၉ စက်တင်ဘာ ၁ ရက်နေ့မှာ ဥရောပမှာ စစ်အရိပ်အယောင်တွေဖြစ်လာပီ။ ဟစ်တလာက ပိုလန် ကို ကျူးကျော်လာပီ။ နောက် ၃လမှာ ဘွတ်ချ ်ဆောင်းပါးတစ်ပုဒ် က ဖော်ကျူး ဆ ိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်။ နောက် ၃လ အကြာမှာ ဘွတ်ချ် ဟာ အိမ်ဖြူတော်ကို အမျိူးသား ခုခံရေးသုတေသန ကောင်စီ ရဲ့ ကမ်းလှမး်ချက်နဲ့ သွားရောက်ခဲ့ရတယ်။ ဒါဟာ တိုင်းပြည်ရဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာနဲ့ ပတ်သက်နေတယ်။ ဘွတ်ချ် က ဥက္ကဌ အဖြစ်နဲ့ပေါ့။ ၁၅ မိနစ်အတွင်းမှာ သူတင်တဲ့ စာတမ်းဟာ အိုကေ ဆိုတဲ့ စကားလုံးနဲ့ သူအလုပ်ဆက်လုပ်ဖို့ လမ်းပွင့်ခဲ့ပါတယ်။

အခုလက်ရှိခုနှစ် ၁၉၄၀ ဂျွန်လ ၁၂ ရက်ပါ။ ၂ ရက်အကြာမှာ ဂျာမဏီဟာ ပါရီ ကို ချီတက်လာပါပီ။


ဂျူနီယာဝင်း
( အခန်း ၂ The Last Transition ရဲ့ ပထမပိုင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲ ကို ဆက်လက်ဘာသာပြန်ပါဦးမယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ ခေတ်တခေတ်ရဲ့ နည်းပညာ သူရဲ့ကောင်းတွေ အကြောင်းပါပဲ။ သူတို့ကျော်ဖြတ်လာတဲ့ ခေတ်ကြီးကို ကြည့်လိုက်စမ်းပါ။ စစ်ကြီးတွေဖြစ်၊ တိုက်ပွဲတွေဖြစ်၊ ငွေရေးကြေးရေး အကြပ်အတည်းတွေကြားထဲမှာ ဒီလို သူရဲ့ကောင်းတွေ ပေါ်လာတာကို တွေ့ကြမှာပေါ့။)