Breaking News

ထွန်းဝင်းငြိမ်း - ကိုကျော်မြတ်သို့ အလွမ်းစများ (၂)



ထွန်းဝင်းငြိမ်း - ကိုကျော်မြတ်သို့ အလွမ်းစများ (၂)

(မိုးမခ) မေ ၂၊ ၂၀၁၉

(နှစ်)

စက်တင်ဘာနေမင်းဟာ
ဝင်းဝင်းတောက်မျက်လုံးနဲ့
ဗမာပြည်ကြီးကို
ငုံ့ပြီးကြည့်နေခဲ့တယ်။

ရုပ်ရှင်ရုံပိုစတာအောက်
လက်မှတ်ပေါက်တန်းစီ
လူတန်းကြီး ရှည်လျားလို့။

စက်တင်ဘာ ၅ ရက်
မနက် ၁၁ နာရီ
အထူးသတင်း ကြေညာချက်တဲ့
- - - - - - - - - - - - - - - -
- - - - - - - - - - - - - - - -
- - - - - - - - - - - - - - - -

ကျားထိုးနေတဲ့
ဆိုက်ကားဆရာ
ထပြီး ခုန်လိုက်တယ်။

ကျားလျှာလိုကြမ်းရှတဲ့
လက်ဖဝါးကြမ်းကြီးနဲ့
လက်သမားဆရာခမျာ
ဗလာကျင်းနေတဲ့
ဆန်အိုးကို စမ်းရင်း
တောက် တချက်
ခပ်ပြင်းပြင်း
ခေါက်လိုက်တယ်။

အိပ်မောကျနေတဲ့
စစ်ကျန်ဘတ်စကားအိုကြီးတွေ
အိပ်ပျော်နေရာက လန့်နိုး
ဂီယာထိုးနေတဲ့ လက်
နေ့တွက်တွေ တန်ဘိုးမဲ့ခဲ့ပေါ့။

ဒီကဗျာက ကျနော်တို့ လေးတို တိုက်ထဲမှာနေတုန်းက ကိုကျော်မြတ်ရေးခဲ့တာပါ။ ခေါင်းစဉ်က "ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး" လို့ ပေးခဲ့တယ်။ ၁၉၈၇ စက်တင်ဘာ ငွေစက္ကူ အရေးအခင်းကာလက စပြီး ပြည်သူလူထုရဲ့ ဘဝမြင်ကွင်းတွေကို အသေးစိတ် ရေးဖွဲ့ထားတာ။ ကဗျာတပုဒ်လုံး မမှတ်မိတော့တာ စိတ်မကောင်းဘူး။ အခုမှတ်မိသလောက်မှာ ကြားထဲကအပိုဒ်အချို့ ကျန်နေပါသေးတယ်။

ကဗျာထဲမှာ အလျဉ်းသင့်သလို ကြွေးကြော်သံတွေ သုံးထားတယ်။ ရှစ်ဆယ့်ရှစ်ဆိုတာ ရဟန်းရှင် လူ ကျောင်းသား ပြည်သူအပေါင်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တောရောမြို့ပါ လှည်းနေလှေေ အာင်း မြင်းဇောင်းပါမကျန် အားလုံး ပါဝင်ခဲ့တာတွေ။ စစ်အစိုးရ ဝါဒဖြန့်သလို မင်းမဲ့စရိုက်ဆူပူသောင်းကျန်းမှုတွေဆိုတာ သူတို့ မွေးထားတဲ့ စစ်ဒလံတွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတာတွေ။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပစ်ဖို့ ရှစ်လေးလုံး စိတ်ဓါတ် ကိုင်စွဲပြီး တိုက်ပွဲဝင်ကြစို့ ဆိုတဲ့ အလုပ်ကြွေးကြော်သံနဲ့ အဆုံးသတ်ထားတာ မှတ်မိပါတယ်။

သူက အချိန်တွေကို အလကား မထားဘူး။ တခုမဟုတ်တခု လုပ်နေတတ်တယ်။ အခုလို ကဗျာတွေ ဆောင်းပါးတွေအပြင် ရဲဘော်တွေ လေ့လာရေးအတွက် သိသင့်သိထိုက်တဲ့ ပါတီလမ်းစဉ် ဆိုင်ရာတွေ သဘောထား အယူအဆတွေ သမိုင်းဆိုင်ရာ အတွေး အမြင်တွေကို မှတ်မိသလောက် ပလပ်စတစ်စာနဲ့ရေးပြီး ဖြန့်တယ်။

ပလပ်စတစ်စာဆိုတာက ထောင်ဝင်စာလာတဲ့အချိန်မှာ ဟင်းတွေ မုန့်တွေ ဆေးလိပ်တွေ ထုပ်ပိုးသယ်ဆောင်လာတဲ့ ပလပ်စတစ် အကြည်စတွေကို သေသေချာချာဆေးကြောပြီး ခြောက်သွားတော့မှ ထမင်းစားဖို့ပေးထားတဲ့ ဒန်ပန်းကန်ပြားကိုမှောက်ပြီး ပန်းကန် ရဲ့ကျောဖက်ပေါ်မှာ ပလပ်စတစ်စကို လက်တဖက်ကထိန်း။ တဖက်က သွားတိုက်တံ ဖင်မြီးကို ချွန်နေအောင်သွေးထားတဲ့ ကညစ်နဲ့ ခပ်ဖွဖွချစ်ပြီးတော့ ရေးထားတဲ့စာတွေကို ခေါ်တာပါ။

ကိုကျော်မြတ်နဲ့ ကျနော်က အပြင်မှာ ယူဂျီ လုပ်စဉ် ကတည်းက ကိုယ်တိုင် ဖယောင်းလက်ရေး ရေးခဲ့ကြသူတွေမို့ ပလပ်စတစ်စာ ရေးတာမှာ ကျွမ်းကျင်ကြပါတယ်။ ပေစာ ကျောက်စာလို ပလပ်စ တစ်စာကိုလည်း ထောင်ကျဖူးသူ အတော်များများ တွေ့ဖူးကြမယ် ထင်ပါတယ်။ စာဖတ်တဲ့အခါ နေရောင်မှာထောင်ကြည့်ရင် အကြည် သားပေါ်မှာ အဖြူစာလုံးလေးတွေ ရှင်းနေအောင် မြင်ရပါတယ်။

သူ့ရဲ့အားသာချက်က သေးသေးလေးဖြစ်အောင်ခေါက် ပလပ်စ တစ်စနဲ့ တင်းနေအောင်ပတ် မီးခြစ်နဲ့အပူပေး လက်မလေးနဲ့ ဖိကပ်ထားလိုက်ရင် ပက်ကင်ထုပ်ထားသလို သပ်ရပ်သွားပြီ။ ပါးစပ်ထဲထည့်ပြီး ပါးစောင်မှာငုံထားလို့ရမယ်။ အခြေအနေ သိပ်မကောင်းရင် မြိုချလိုက်ရတာပေါ့။ သားရေကွင်းနဲ့ ချည်ပြီး ခန္ဓာကိုယ်ရဲ့ မမြင်နိုင်တဲ့နေရာတွေမှာ စည်းနှောင် သယ်ဆောင် သွားလို့လည်း ရသေးတယ်လေ။ ထောင်ထဲဆိုတော့ လုံခြုံရေးက အရေးကြီးတယ် မဟုတ်လား။

၁၉၉၁ ခုနှစ် ကျနော်တို့ရှိတဲ့အချိန်က ၄ တို တိုက်မှာ အခန်း ၂၁ ကနေ ၃၀ အထိ တိုက်ခန်း ၁၀ ရှိတယ်။ အခန်း ၂၁ နဲ့ ၂၂ မှာ ရေကူး အသံလွှင့်ရုံလောင်ချာနဲ့ ပစ်တဲ့အမှုတွဲ ဆယ်ယောက်က တခန်း ငါးယောက်စီနေတယ်။ ကိုအောင်ကြိုင် ဇော်မြင့် ကျော်ဦး ကျောင်းဆရာလေး ကိုအေးကျော် တို့ပါကြတာပေါ့။

အခန်း ၂၃ မှာ ကျနော်တို့ တော်တော် လို့ခေါ်တဲ့ တော်ဘုရား ကလေး ဦးအောင်ဇေ ရှိပါတယ်။ ၂၄ မှာ သခင်ကြည်ရှိန်နဲ့ အထူးတိုက်ကနေ ရောက်လာတဲ့ ကိုအောင်သန်းဦး ခေါ် လူရွှင်တော် အရိုင်း။ ၂၅ မှာ တိုက်အမြဲဆင်း ၂ ယောက် ၃ ယောက်နေတယ်။ နောက်တော့ အဲဒီအခန်းထဲကို အေဘီ အက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က တပ်ရင်းမှူး ကိုဘိုနီအောင်ကို ထည့်လိုက်တယ်။

သူ့ခမျာ ရောက်လာထဲက စစ်ကြောရေးမှာ နှိပ်စက်ခံရတာတွေ။ ငှက်ဖျားနှိပ်စက်တဲ့ ဒဏ်တွေကြောင့် အိပ်ယာထဲက မထနိုင်ရှာ ပါဘူး။ အားလုံးက ဝိုင်းပြီးတော့ ပြုစုစောင့်ရှောက်ကြပါတယ်။ ဒါပေမယ့် တော်တော်နဲ့ မသက်သာဘူး။ တလျှောက်လုံး လူမမာဘဝနဲ့ နေသွားရတဲ့သူပါ။ ဒါပေမယ့် စိတ်ဓါတ်အလွန် ကြံ့ခိုင်တာတွေ့ရပါတယ်။

သူ့ဘေးကအခန်း ၂၆ မှာ အန်ကယ်ဂျွန်ခေါ်လေယာဉ်မှူးကြီး ဦးလှဝင်း ရှိပါတယ်။ အသက် ၅၀ ကျော်လောက်။ ခပ်ပျော်ပျော်နေ တတ်တယ်။ အင်္ဂလိပ်သီချင်းတွေ အဆိုကောင်းတယ်။ ရန်ကုန်မြို့ တပ်ဧရိယာတွေကို လေယာဉ်နဲ့ ဗုံးကြဲပစ်ဖို့ သံမဏိဗိုလ်ခင်မောင် နဲ့ချိတ်ဆက်ရာက ဖမ်းမိသွားတာ ဆိုလား ရောက်လာတဲ့သူပါ။ သူ့ဘေးက အခန်း ၂၇ မှာ ကျနော်တို့ ၅ ယောက်နေကြတယ်။

အခန်း ၂၈ မှာ ဒေါ်ချိုချိုကျော်ငြိမ်းတို့ ဖဆပလပါတီက အတွင်းေ ရးမှူး ကိုစောလွင်။ အောက် ဗ ပြန်လည်ဖွဲ့စည်းရေး အတွင်းရေးမှူး အဖွဲ့ အဖွဲ့ဝင် အောင်ကျော်မြင့် ငဖြိုးနဲ့ ထားဝယ်ဖက်က သင်းအုပ် ဆရာ နှစ်ယောက်ရှိတယ်။ အခန်း ၂၉ မှာ အလုပ်သမားသမဂ္ဂလေ ဘာယူနီယံက ကိုမျိုးအောင်နဲ့ ကိုလူသစ်ရှိတယ်။ နောက်ဆုံးအခန်း ၃၀ မှာတော့ ကိုကျော်မြတ်တို့ ၅ ယောက်ကိုထားတယ်။

ကိုကျော်မြတ်နဲ့ မခင်မာက အတွင်းထောင်ဝင်စာ တလတကြိမ်တွေ့ ရတယ်။ ကျနော်တို့က ထောင်ကျစမို့ ထောင်ဝင်စာတွေ့ဖို့ဆိုတာ ထက် အိမ်တွေနဲ့ အဆက်အသွယ်မရကြသေးပါဘူး။ ဆယ်ေ ယာက်မှာ ရှစ်ယောက်က နယ်ကသူတွေပါ။ ရန်ကုန်က ဦးကြည် ညွန့်နဲ့ ကိုစန်းလွင်တို့ ထောင်ဝင်စာကို ဝေမျှစားသောက်ကြရပါ တယ်။ ကျနော်တို့ ပြတ်နေမယ်ဆိုတာသိတော့ တခြားတိုက်မှာရှိတဲ့ ရဲဘော်တွေက နိုင်သလောက်ပို့ကြပါတယ်။

ကိုကျော်မြတ် အတွင်းထောင်ဝင်စာတွေ့တဲ့အခါ သူ့မိန်းမကိုပေးဖို့ ဘာမှ မရှိပါဘူး။ ကျနော်တို့ထက် တနှစ်ကျော်လောက်စော ပြီးရောက်နေကြတဲ့ လေးရှည်တိုက်ထဲမှာရှိတဲ့ ကိုသက်ခိုင် ၄၈၂၈ အတွဲက ရဲဘော်တွေ စုပြီးပေးလိုက်ကြလို့ ထိုက်သင့်သလောက်လေးပါ သွားတာပါ။ အပြန်မှာ မခင်မာနဲ့ အမျိုးသမီးဆောင်က ရဲဘော်တွေ ပြန်ပေးလိုက်တာက ပိုများပါတယ်။ ကိုကျော်မြတ်ကို ခင်မင်ရင်းနှီး ကြတဲ့ မိတ်ဆွေတွေကလည်း ဝိုင်းပေးလိုက်ကြတာမို့ အပြန်မှာ အတော်လေး ပါလာပါတယ်။

တိုက်ခန်းကိုရောက်တော့ ကိုခင်မောင်လေးက ဆေးလိပ်နဲ့ စားစ ရာတွေကြည့်ပြီး "ခင်ဗျားက မာဒင်္ဂမှော် အောင်တဲ့ သူပဲဗျ"လို့ မှတ် ချက်ပြုပါတယ်။ ကိုကျော်မြတ်က ချက်ချင်းပဲ "သူတို့ပေးတာပါဗျာ ကျနော် တောင်းတာမဟုတ်ပါဘူး"လို့ပြောတော့ "သူတို့ကလည်း သိတယ်လေ။ ဒီလူတွေဆီ မပေးရင် လှမ်းတောင်းတော့မယ်ဆိုတာ။ ခင်ဗျားထွက်လာတာနဲ့ သူတို့အတွက် အတော်ပဲဖြစ်သွားတာပေါ့" ကိုခင်မောင်လေးက ပြုံးစစနဲ့ ပြောရင်း ရယ်နေပါတော့တယ်။

တနေ့မှာ ကိုကျော်မြတ် အတွင်းထောင်ဝင်စာတွေ့ဖို့ အခန်းထဲက ထွက်လာတော့ ရေချိုးဆင်းလာတဲ့ တော်တော်နဲ့ ဆုံတယ်။ တော်တော် (တော်ဘုရားကလေး) က ဆံပင်တွေ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေ အကုန်လုံး ဖြူဖွေးနေပြီး ဆံပင်မညှပ်တာလည်း ကြာပြီ။ မေးအောက်က မုတ်ဆိတ်တွေလည်း ရှည်လျားပြီး တွဲကျနေတာကို မြင်ရတော့ ကိုကျော်မြတ်က "တော်တော် တောင်မှ မုတ်ဆိတ်တွေ နှုတ်ခမ်းမွှေးတွေ ရှည်လာတော့ ဟိုချီမင်းနဲ့တူလာပြီ"လို့ နှုတ်ဆက် ပြီး တိုက်အပြင် ထွက်သွားတယ်။

ခဏနေတော့ တော်တော်က ကျနော်တို့ အခန်းရှေ့ရောက်လာပြီး "ထွန်းထွန်းဝင်း ရေ ခုနက ငါ့ကို ဟိုချီမင်းနဲ့ တူတယ်လို့ ပြောသွား တာ ဘယ်သူလဲ" လို့ မေးတယ်။ "ကိုကျော်မြတ် ပါ တော်တော် ကျွန်တော်တို့ အမှုတွဲလေ" "အေး သူ့ကိုပြောလိုက်ပါ။ ဟိုချီမင်းက ဆိုရှယ် နယ်ချဲ့ကွ။ ကိုယ်က မော်ကိုပဲ လက်ခံတာ"လို့ ပြောပြီး သူ့အခန်းကို ပြန်သွားပါတော့တယ်။

ကျနော်လည်း ကိုကျော်မြတ် ပြန်လာအောင် စောင့်ပြီးအကျိုး အကြောင်းပြောပြလိုက်ပါတယ်။ ကိုကျော်မြတ်လည်း တော်တော့် အခန်းဘက် ကမန်းကတန်းပြေးသွားပြီး " တော်တော့်ကို ကျနော်က ဟိုချီမင်းနဲ့ တူတယ်လို့ပြောတာ လွဲသွားတယ်။ တကယ်တော့ တော်တော့်ကို ဆရာဒဂုန်တာရာပြောတဲ့ မင်းသားနီဆိုတာ ကျနော် လက်ခံထားပြီးသားပါ။"လို့ ပြောလိုက်တော့မှ တော်တော့် မျက်နှာ ဝင်းပကြည်လင်သွားပါတော့တယ်။

နောက်တော့ တော်တော်က ကိုကျော်မြတ်ကို အတော်ခင်သွားတာ ပါ။ ပါတီအကြောင်းကိုလည်း အသေအချာမေးတယ်။ သူ့အခန်းက ဆင်းလာရင် ကိုကျော်မြတ်တို့ အခန်း ၃၀ ရှေ့သွားပြီး သူနဲ့ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေအကြောင်း မေးလိုက် သူကပြန်ရှင်းပြလိုက်နဲ့ ဝန်ထမ်း ဝါဒါတွေက "အဘတော် အချိန်ပြည့်ပြီ ရေချိုးပြီး တက်ရအောင်"လို့ ပြောတော့မှ ပြန်တာပါ။

ဒါ့ကြောင့် ကိုကျော်မြတ် က မခင်မာမီးဖွားအပြီး ပထမဆုံးတွေ့ရတဲ့ အတွင်းထောင်ဝင်စာ အပြန်မှာ သူ့သားကို နာမည်ပေးပေးဖို့ တော်တော့်ဆီ တခါထဲဝင်ပြီး တခုတ်တရ တောင်းခံတာပါ။ တော်တော်ကလည်း စိတ်အားထက် သန်စွာနဲ့ ငါ့မြေး လေးရေ မင်းဟာ ဟောဒီလောကကြီးအတွက် လာခြင်းကောင်းသော လူသစ်တဦးပေါ့ကွာ။ ဒါကြောင့်မို့ မင်းလူသစ်လို့ အမည်တွင်စေ ဆိုပြီး ကင်ပွန်းတပ်ပေးခဲ့တာ ဖြစ်ပါတယ်။

တော်တော်က ကိုကျော်မြတ်ကို ဗိုလ်ချုပ်ကျော်ဇောအကြောင်း မကြာခဏ မေးပါတယ်။ ဗိုလ်ချုပ်ကျော်ဇောကိုလည်း သူက လေးစားကြောင်းပြောပါတယ်။ သူတို့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတရား လှည့်ဟောကြတုန်းက အကြောင်းတွေ ပြောပြတဲ့အခါ တော်တော်ကတော့ ထမင်းမေ့ ဟင်းမေ့ပါပဲ။

အဲဒီကာလက ကျနော်တို့တိုက်ခန်းတွေကို တနေ့လုံးမှ မနက် မျက်နှာသစ် မိလ္လာချ ငါးမိနစ်နဲ့ နေ့လည် ရေချိုး ငါးမိနစ်ပဲ ဖွင့်ပေးတာပါ။ အန်ကယ်ဂျွန် သခင်ကြည်ရှိန် တော်တော်တို့လို အသက်ကြီးတဲ့သူတွေကိုသာ တိုက်ခန်းအပြင်ဘက် လမ်းေ လျှာက်ဖို့ နာရီဝက် တနာရီနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးဟာ တိုက်တွေထဲမှာ နှစ်နဲ့ချီပြီး နေကြရတော့ လူတွေက ပိုးဟပ်ဖြူတွေလို ဖြူပတ်ဖြူလျော်တွေ ဖြစ်လာကြပါတယ်။

(ဆက်ရေးပါဦးမယ်)
ထွန်းဝင်းငြိမ်း
၁.၅.၂၀၁၉